နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၄) | အောင်ထူး (ရှေ့နေ)


လူ့အခွင့်အရေးနဲ့ ဥပဒေစိုးမိုးေ၇း ဘယ်လိုဆက်စပ်သလဲ။ စစ်မှန်တဲ့ ဥပဒေစိုးမိုးေ၇းတည်ဆောက်နိုင်ဘို့ အမှန်တရားကို ဘာကြောင့် ရှာဖွေဖေါ်ထုတ်သင့်သလဲ။စစ်အာဏာရှင်စနစ်ကို ယနေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးလျှက်ရှိသော စစ်အစိုးရ၏ သမတ ဦးသိန်းစိန်ကိုယ်တိုင်က ၀န်ခံပြောကြားပြီးနောက်တွင် လူ့အခွင့်အရေးသည် လူ့အဖွဲ့အစည်း က အမြင့်ဆုံးထားရ မည့် စံတန်ဘိုး ဟူသည်မှာ မြန်မာနိုင်ငံအတွက် ပို၍ ထင်ရှားသိသာလာသည်။

သို့ရာတွင် လူ့အခွင့် အရေးဟူသည်အား အများနားထောင်ကောင်းရုံ၊ နားထောင်လိုက်ရသူများက လူ့အခွင့်အရေး စကား ပြောသူအား လေးစားအထင်ကြီးသွားစေရုံမျှလောက်ဖြင့်သာ သုံးစွဲနေပါလျှင် လက်တွေ့အရ မည်သည့်အခါ တွင်မျှ ခံစားရရှိနိုင်ဘွယ်မရှိပါ။ လူ့အခွင့်အရေးအတွေးအခေါ်ကို ကိုင်စွဲပြီး ဥပဒေ စိုးမိုးရေးကို ဖေါ်ဆောင်မှသာ လူ့အခွင့်အရေးကို ခံစားနိုင်ပါမည်။ အဘယ်ကြောင့်ပါနည်း။

ဥပဒေစိုးမိုးရေးဆိုသည်မှာ တည်ဆဲဥပဒေများကိုသာ လေးစား လိုက်နာခြင်း ဟူသည့် သဘောထက်မည်သို့မျှ မပိုနိုင်၍ ဖြစ်သည်။

လူ့အခွင့်အရေး အတွေးအခေါ်ကို ကိုင်စွဲပြီး ဥပဒေစိုးမိုးရေး ကို ဖေါ်ဆောင်မည် ဆိုလျှင် တည်ဆဲဥပဒေများသည် လူ့ အခွင့်အရေးအခြေခံကို ပယ်ရှားထားပါက (သို့မဟုတ်) လူ့အခွင့်အရေးအခြေခံများကို ဖေါ်ဆောင်မပေးနိုင်ပါက အဆိုပါဥပဒေ တရပ်ရပ် ကို သော်လည်း ကောင်း၊ ဥပဒေစနစ် တစုံလုံးကို သော်လည်းကောင်း ပြင်ရပါမည်။ ဥပဒေတရပ် သို့မဟုတ် ဥပဒေစနစ် တစုံလုံးသည် လူ့အခွင့်အရေးကို ပံ့ပိုး၊ တည်ဆောက်စေရပါမည်။ ယုတ်လျော့၊ ဖျက်သိမ်း ခြင်း မဖြစ်စေရပါ။ သို့မှသာ စစ်မှန်သော ဥပဒေစိုးမိုးရေးဖြစ်ပါသည်။ စစ်မှန်သော ဥပဒေစိုးမိုးရေးသည် လူ့အခွင့်အရေးကို လိုလားသော လူ့အဖွဲ့ အစည်းတိုင်း ဦးတည်လျှောက်လှမ်းရ မည့် လမ်းကြောင်းပင်။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့ သည့် အဓိကရုဏ်းကြီးနှင့် စပ်လျှဉ်း၍ ဤလမ်းကြောင်းကိုပင် လျှောက်လှမ်းရပါမည်။

ယင်း သို့ မဟုတ်လျှင် လူ့အခွင့် အေ၇း စကားလုံးကို နုတ်မှအမြှုပ်ထွက်သည်အထိ အကြိမ်ပေါင်းများစွာ ရေရွတ်ပါစေဦး၊ လူ့အခွင့်အရေးသည် ရေပေါ် တွင်အရုပ်ရေးသည့် အဆင့် ထက်ပိုမည်မဟုတ်ပါ။

ဥပဒေစိုးမိုးမှု ၏ ရှေ့တွင် “စစ်မှန်သော” ဟူသည်ကို အဘယ်ကြောင့် ထည့်ရသနည်း။ ဥပဒေစိုးမိုးမှု စကားလုံးကို စစ်အာဏာရှင်များ၊ အုပ်ချုပ်သူအာဏာပိုင်များက ဆယ်စုနှစ်ပေါင်းများစွာ တတွတ်တွတ်ရွတ်ဆို ခဲ့သည်။ လက်တွေ့ တွင် ဥပဒေများ နှင့် ဥပဒေစနစ်တစုံလုံးအား ၄င်းတို့အာဏာ တည်မြဲရေးအတွက်သာ အသုံးချခဲ့သည်။ “စစ်မှန်သော” ဥပဒေစိုးမိုးရေး အခြေခံကို လူထု အနေဖြင့် စနစ်တကျလေ့လာ စဉ်းစားခွင့်မရအောင် ပိတ်ပင်ထားခံခဲ့ရသည်။

၎င်းတို့အလိုအရ ဥပဒေစိုးမိုးရေး ဟူသည်မှာ လူထု၏ လွတ်လပ်ခွင့်အား ဖိနှိပ် ပြဌာန်း ထားသော ဥပဒေများကိုသာ အဓိကအားဖြင့် လေးစားလိုက်နာရေးကို ဦးတည်ကျင့်သုံးခဲ့ ကျင့်သုံးဆဲဖြစ်သည်။ “စစ်မှန်သော” ဥပဒေစိုးမိုးရေး၏ စဉ်းစားမှုအခြေခံ တရပ်ကို လူတိုင်း နားလည်လွယ်အောင် သာဓက တခုနှင့် မိတ်ဆက်ပေးပါမည်။

စာရှုသူများအားလုံး ဥပဒေစိုးမိုးရေး၏ သင်္ကေတ ရုပ်တု ကို ပုံများတွင် မြင်ဘူးကြပါမည်။ မျက်လုံးကို အ၀တ်မဲစည်း ထားသော အမျိုးသမီးတဦး ၏ ရုပ်တုဖြစ်သည်။ သူမ၏ ဘယ်လက်တွင် ချိန်ခွင်ကို ကိုင်ထားပြီး ညာလက်တွင် ဓါးရှည် ကြီး တလက်ကို စွဲထားသည်။ မျက်လုံးကို အ၀တ်မဲစည်းထားသည့်သဘောမှာ မှုခင်းတရပ်ရပ်ကို ဆုံးဖြတ် စီရင်ရာတွင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်၊ လူမှုရေးအဆင့်အတန်း စသည်တို့ ကို လုံးဝမစဉ်းစားတော့ဘဲ ကျူး လွန်သူ မှန်သမျှ ကို စီရင်သွားမည် ဟူ၍ ဖြစ်သည်။ ချိန်ခွင်ကို ကိုင်ထားခြင်းမှာ တရားမျှတမှုကို ရှေ့ရှုသည်၊ ခွဲခြားမှု ဘက် လိုက်မှု မရှိဘဲ မျှတစွာ ဖေါ်ထုတ် စစ်ဆေး သွားမည် ဟူ၍ ဖြစ်သည်။ ဓါးရှည်ကြီး၏ သဘောမှာ အပြစ်ကျူးလွန် သူ ကို အပြစ်ပေးရန် ဖြစ်သည်။ ပြစ်မှုကျူးလွန်သူကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးခြင်းမှာ ဥပဒေစိုးမိုးရေး၏ အခြေခံ အကျဆုံး သော မူဖြစ်သည်။

စစ်အာဏာရှင်စနစ် က နှစ်ပေါင်းငါးဆယ်ကျော် အုပ်ချုပ်ခဲ့သည့် သက်တမ်းအတွင်း စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံများ ပျံ့ပွားကျင့်သုံးခွင့်မရ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖန်တည်းခဲ့သည်။

ပေါ်ပေါက်နိုင်သည့် လူမျိုး ရေး ဘာသာရေး ပဋိပက္ခများ ကိုလည်း မပေါက်ကွဲစေရန် ကြိုတင်တားဆီးမှုများ မလုပ်ခဲ့။ ပေါက်ကွဲလာသည့် အခါတွင် လည်း နိုင်ငံရေး အမြတ်ထုတ်ခဲ့ပြန်သည်။ အကျိုးဆက် အနေဖြင့် တရုပ်နှင့် မြန်မာ၊ ရှမ်းနှင့် ၀၊ ပအိုဝ့်နှင့်ရှမ်း၊ မွန်နှင့် ကရင် လူမျိုးရေး ပဋိပက္ခမျိုးစုံပေါ်ခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်လည်း ရှိသည်။ ကရင် နှင့် ကရင် ခြင်း သတ်ကြသည့် အဆင့်ပင်ရောက်ခဲ့သည်။ ယခုရခိုင်ပြည်နယ်မှာလည်း နဖူးတွေ့ ဒူးတွေ့ ကြုံနေရပြန် ပါ သည်။ လူထုများ၏ နစ်နာဆုံးရှုံးမှု ခံစားရမှုများကို ကြည့်လိုက်လျှင် ကြေကွဲဘွယ် ဆိုသည်ထက် ဟိုမှာဘက်ကမ်း သို့ ကျော် လွန်နေပါသည်။

စစ်မှန်သည့် ဥပဒေစိုးမိုးရေးမရှိဘဲ လုံခြုံရေးယူပေးဘို့ သေနတ် အောက်မှာ ဒူးထောက်ပြီး တောင်းခံနေရသမျှ ကာလ ပတ်လုံး အဆိုပါ အဖြစ်ဆိုးမျိုး ထပ်မံကြုံတွေ့နေရပါဦးမည်။ ဤ ဖြစ်ရပ်ဆိုးကြီးများကို ပြန်ပြောင်းသုံးသပ်ပြီး နောင်ကို ထပ်မဖြစ်အောင် ရှောင်ရှား နိုင်စေရန်၊ တိုင်းရင်းသား ပေါင်းစုံ လူထုကြီး တရပ်လုံး ငြိမ်းချမ်း၊ တိုးတက်၊ သာယာသော ဘ၀ကို ရရှိစေရန်မှာ လူ့အခွင့်အရေး အခြေခံပေါ်တွင် စစ်မှန်သောဥပဒေစိုးမိုးရေးကို တည်ဆောက်ခြင်းမှတပါး အခြား မရှိပါ။ ယင်းသို့ဖြစ်စေရန်မှာ လူထုများကိုယ်တိုင် စစ်မှန်သော ဥပဒေစိုးမိုးရေး အခြေခံကို နေ့စဉ်လိုက်နာကျင့်သုံးဘို့ လိုပါသည်။ ဤသည်ကို သဘောတူပါက စာရှုသူ ခေတ္တမျှ စာဖတ်ရပ်ပြီး အ၀တ်မဲ တခုရှာ၊ မျက်လုံးကို စည်းပိတ်၊ တနေရာတွင် ငြိမ်သက်စွာထိုင်၊ အသက်မှန်မှန်ရှုကာ၊ စိတ်အာရုံတွင် ရှိနေသည့် အစွဲမှန်သမျှ ဖယ်ထားလိုက်ပါ။ မည် ကဲ့သို့သော အစွဲမျိုးကို ဆိုလိုပါသနည်း။

ငါ့လူမျိုးက လုပ်သမျှ အားလုံးမှန်သည်။ ငါမနှစ်မြို့သည့် လူတွေ လုပ်သမျှ အားလုံးမှားသည်။ (မည်မျှပင် ဆိုးဝါးရက် စက်သည့် လုပ်ရပ် ဖြစ်ပါစေ) ငါ့ဘာသာတရား လုပ်တာ အားလုံးမှန်သည်။ မည်သည့် အကြောင်းနှင့်ဘဲ ဖြစ်ဖြစ် ငါ့ဘာသာ ၀င်တွေကို လာမထိနှင့်၊ ထိလျှင် မီးပွင့်သွားအောင် တုန့်ပြန်သွားမည်။ (မည်မျှ အထိ လူ့ အခွင့် အေ၇း ချိုးဖေါက်နေပါစေ) ငါ့ပါတီ ဦးဆောင်တာ မှန်သမျှ အားလုံး တရားသည်။ ငါ့ခေါင်းဆောင် လုပ်တာမှန်သမျှ အားလုံး မှန်သည် —– အစရှိသည့် အစွန်းရောက်အစွဲများကို ဆိုလို သည်။ မိမိ၏ စိတ်အစဉ်တွင် ယင်းအစွဲများ တည်ရှိနေသမျှ၊ အရာကိစ္စများအပေါ် ယင်းအစွဲများဖြင့် တိုင်းတာနေသမျှ၊ ယင်းအစွဲများအပေါ် အခြေခံလျှက် ပြောဆို၊ ရေးသား၊ လုပ် ဆောင်နေသမျှကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေ စိုးမိုးရေး မတည်ဆောက်နိုင်ပါ။

အကျိုးဆက်အနေဖြင့် ယင်းသို့သော အစွဲမျိုးရှိသူ ပုဂ္ဂိုလ်များတွင် အားမလိုအားမရမှုများ၊ မစ္ဆရိယစိတ်များ၊ အမုန်းများ၊ အာဃာတများ၊ ဒေါသ များ၊ အစရှိသဖြင့် Negative Sense အပျက်သဘောဆောင်သည့် အာရုံများသာ ဖုံးလွှမ်းနေပါမည်။

ယင်းသို့ဖြစ်ပါက လူ့ အဖွဲ့အစည်းသည် အပြုသဘောဆောင်နိုင်မည် မဟုတ်။ စစ်မှန်သည့် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို ရ နိုင်မည် မဟုတ်ပါ။
ရခိုင်ပြည်နယ် အတွင်းအဓိကရုဏ်းကြီးများနောက်ထပ် မပေါ်ပေါက်နိုင်ရေးအတွက် စစ်မှန်သည့် ဥပဒေစိုးမိုးရေး တည် ဆောက်မည်ဆိုလျှင် အမှန်တရားကို ဖေါ်ထုတ်ရပါမည်။ ဤသည်ကို ဇူလိုင်လ (၂၄) ရက်နေ့ စွဲဖြင့် စာရေးသူ၏ ဆောင်းပါးတွင် တင်ပြခဲ့ပြီး ဖြစ်သည်။ အမှန်တရားဟူသည်မှာ ကျယ်ပြန့် နက်ရှိုင်းလှပါသည်။ မည်သည်များနှင့် စပ်လျှဉ်းသည့် အမှန်တရားပါနည်း။

အဓိကရုဏ်းကြီးအတွင်း ဖြစ်ပွားခဲ့သည်မှာ ရိုးရိုး အမြင်မတူရုံမျှ နှင့် အပြန်အလှန် ကလော်ကြ၊ ဆဲကြ၊ ခဲနှင့် ပစ်ပေါက်ကြ၊ ထိုးကြ ကြိတ်ကြ၊ ရုန့်ရင်းဆန်ခတ် ဖြစ်ရုံမျှ မဟုတ်ပါ။ လူမျိုးရေး ဘာသာရေး နှင့် ဆက်နွယ်သည့် လူအုပ်စုကြီး နှစ်စုက ပြစ်မှုကြီးများ အပြန်အလှန် ကျူးလွန်ခဲ့ကြခြင်းဖြစ်ပါ သည်။ သို့ဖြစ်၍ ရှာဖွေရမည့် အမှန်တရားမှာ လတ်တလောအကြောင်းများနှင့် စပ်လျှဉ်း၍ ဤအဓိကရုဏ်းကြီးအတွင်း ပြစ်မှုများကို မည်သူတွေ က မည်သည့်အကြောင်း နှင့် အစမှအဆုံး မည်သို့မည်ပုံကျူးလွန်ခဲ့ကြသဖြင့် မည်မျှလောက်အထိ ရခိုင်ပြည်နယ် လူ့အဖွဲ့ အစည်း တရပ်လုံး ရုပ်ပိုင်းစိတ်ပိုင်းအရ ထိခိုက် ပျက်စီးနစ်နာဆုံးရှုံးသွားရသည် နှင့် စပ်လျှဉ်း၍ ဖြစ်သည်။

လတ်တလောအကြောင်းတွေ ပေါ်ပေါက်စေသည့် လူ့အဖွဲ့အစည်း၏ နောက်ခံအခြေအနေမှာ မည်သို့ ဖြစ်ခဲ့သည် စသည်တို့ကို ဖေါ်ထုတ်သွားရန်ဖြစ်သည်။

လတ်တလောအကြောင်းနှင့် စပ်လျှဉ်း၍ သာဓက တခုကို ပြပါမည်။ ၁၉၉၄ ခုနှစ်၌ ရ၀မ်ဒါ နိုင်ငံတွင် ဟူတူများက တူစီ လူနည်းစုများအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြသည့် အချိန်တွင် ဟူတူ အစိုးရသည် သတင်းစာ၊ ဂျာနယ်၊ ရေဒီယို စသည်များမှ နေ၍ ဟူတူလူထုက တူစီ များအပေါ် လူမျိုးရေးအရ မုန်းတည်းမှုများ တက်ကြွလာစေရန် စနစ် တကျလှုံ့ဆော်ခဲ့သည်။ ယင်းနှင့် စပ်လျှဉ်း၍ ဦးသိန်းစိန် ကိုယ်တိုင် အောက်ပါအတိုင်း ပြောဆိုသွားခဲ့သည်ကို လေ့လာပါ။

“ပြည်တွင်းမီဒီယာတွေဟာ ပြသနာအစတုံးက လူမျိုးရေးစိတ်ဓါတ်နဲ့ အတော်ကလေးရေးကြတယ်။ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေ သိလာတယ်။ အမြင်ပြောင်းလာတယ်။ လူသားချင်းအမြင်နဲ့မြင်ရမယ်။ လူ့အခွင့်အရေးကို ထိခိုက်လို့မရဘူး ဆိုတဲ့ အမြင်တွေ ရှိလာတယ်။”

ဦးသိန်းစိန်၏ စကားလုံးအရ ပြည်တွင်းမီဒီယာ ဆိုရာ၌ ပုဂ္ဂလိက မီဒီယာများနှင့် နိုင်ငံပိုင် မီဒီယာများကို ခွဲခြားလေ့လာ ရန် လိုပါသည်။ မြန်မာ့အလင်းနှင့် ကြေးမုံတို့သည် နိုင်ငံပိုင် မီဒီယာများ ဖြစ်သည်။ ကြေးမုံသတင်းစာပါ ရေးသားချက် ကို စာရေးသူ ထောက်ပြခဲ့ပြီးပါပြီ။ အဓိကရုဏ်းကြီး မဖြစ်မှီ၊ ဖြစ်စ နှင့် ဖြစ်နေစဉ် တ၀ိုက်၌ နိုင်ငံပိုင် သတင်းစာနှင့် ရေဒီ ယိုများက လှုံ့ဆော်သည့် သဘောဆောင်သော ရေးသားတင်ပြ ထုတ်လွှင့်ချက် မှန်သမျှ အားလုံးအတွက် စစ်အစိုးရ တွင် တာဝန်ရှိပါသည်။ ဦးသိန်းစိန်က မီဒီယာဟူသော စကားလုံးကို လုံးထွေးသုံးပြီး အစိုးရပိုင် မီဒီယာနှင့် စပ်လျှဉ်း၍ ပါ ၄င်းနှင့် မဆိုင်သလိုလို တင်ပြသွားသည်ကို လက်မခံနိုင်ပါ။ အဓိကရုဏ်းကြီးအတွင်း ဘက်တဘက်ဘက်မှ လူထု ပိုမို သွေးကြွလာစေရန် ပြောဆိုကြသော အာဏာပိုင်များ၊ ၄င်းတို့ နှင့် နီးစပ်သူများ တွင်လည်း တာဝန်ရှိ ပါသည်။

အမှန်တရားဖေါ်ထုတ်ရေးလုပ်ငန်းမှာ လူမျိုး၊ ဘာသာ၊ လူမှုရေးဇစ်မြစ် စသည်တို့မခွဲခြားဘဲ လူထုတရပ်လုံးပါဝင်မှသာ အောင်မြင်နိုင်ခြေ ရှိပါသည်။ သို့ရာတွင် လူထုကိုယ်တိုင်သည် တဖက်စွန်းရောက်အစွဲအခံ များနှင့် အရာကိစ္စများအပေါ် ချည်းကပ်၊ လေ့လာ၊ သုံးသပ်မည် ဆိုလျှင်မူ အမှန်တရားသည် မည်သည့်အခါတွင်မျှ ပေါ်ထွက် လာမည် မဟုတ်ပါ။ အစွဲကင်းကင်း အရှိကိုအရှိ အတိုင်း သိမြင်နိုင်၊ သုံးသပ်နိုင်မှသာ အမှန်တရားပေါ်ထွက်လာပါမည်။ ပေါ်ထွက်လာသည့် အမှန်တရားများအပေါ် အခြေခံလျှက် ထိုက်သည့်အားလျှော်စွာ အရေးယူဆောင်ရွက်မှုများ ရှိလာနိုင်သည်။ သို့မှသာ စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံကို တစုံတရာ တည်ဆောက်ရာရောက်ပါမည်။

အကျိုးဆက်အနေဖြင့်ေ၇ရှည်တွင် သာယာလှပပြီး တည်ငြိမ်၊ ငြိမ်းချမ်း၊ တိုးတက်သည့် ရခိုင်ပြည်နယ်ကြီးပေါ်ပေါက်လာစေရန် ရည်သန် မြှော်မှန်းပါသည်။

အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၁၇) ရက် ၂၀၁၂ ခုနှစ်


  •  ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၁-၂) | အောင်ထူး (ရှေ့နေ) ~ Read here
  • ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၃) | အောင်ထူး (ရှေ့နေ) ~ Read here



Comment ရေးရန်

Rohingya Exodus