နောက်ဆုံးသတင်း/ဆောင်းပါးများ

ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် (ကိုကိုကြီး) သို့အိတ်ဖွင့်ပေးစာ


ကိုကိုကြီးရှင့် 

အိပ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။ ကျမကတော့ ကျောင်းသားလှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ရင်း စစ်အစိုးရရဲ့ကြိုးပေးကွပ်မျက်မှုခံလိုက်ရလို့ ကျဆုံးသွားတဲ့ (၁၉၇၄- ၁၉၇၆ မျိုးဆက်) ကျောင်းသား ခေါင်းဆောင် ဆလိုင်း ကိုတင်မောင်ဦးရဲ့ ညီမ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် ဖြစ်ပါတယ်။ 

ကျမတို့ မိသားစု အကြောင်းကို ကိုကိုကြီး ကြားဘူးကောင်း ကြားဘူးနိုင်ပါတယ်။ အနည်းငယ် ပြန်ပြီး မိတ်ဆက်ပါရ စေ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့တဲ့ အတွက် အကိုကြီးက သေဒဏ်၊ ကျမက ထောင်ဒဏ် (၉) နှစ်၊ ကျမ မောင် ကိုလှရွှေက ထောင်ဒဏ် (ရ) နှစ် ဘာမှ အပြစ်မရှိတဲ့ မိဘနှစ်ပါးက ထောင်ဒဏ် (၅) နှစ်စီ၊ မောင် အငယ် ဆုံး ကလေး မောင်သန့်ဇင်က နှိပ်စက်ညှင်း ပမ်းခံခဲ့ရ စသဖြင့် မိသားစု တစုလုံးဘ၀ပျက်ခဲ့ရတာ မြန်မာနိုင်ငံတနိုင်ငံ လုံးမှာ ကျမတို့ မိသားစု တစုဘဲ ရှိမယ် ထင် ပါတယ်။ ဒီလို ဘ၀ပေး အသိရရှိခဲ့တာကြောင့် စစ်အာဏာရှင်စနစ်ကို စက် ဆုပ်ရွံ မုန်းပြီး၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ရဲရင့် သတ္တိရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ကို စား ချစ်ခင်တဲ့  နေရာမှာ ကျမတို့ ထက်သာသူ မရှိ ဘူးလို့ တောင် ပြောနိုင်ပါတယ် ရှင။် 

ကျမတို့  မိသားစုဟာ ရှစ်လေးလုံးမှာ တတပ်တအား ဆက်လက်ပါဝင်ဆင်နွှဲပြီး ပြည်တွင်းမှာ နေလို့ မရတော့လောက် အောင်ကို အခြေအနေ ဆိုက်ရောက်လာတဲ့အတွက် ရှစ်လေးလုံးပြီးကထဲက ထွက်လာကြပြီး အခုတော့ ကနေဒါနိုင်ငံ မှာ အခြေချ နေထိုင်လျှက်ရှိပါတယ်။ 

ကျမရဲ့ အကိုကြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ကျဆုံးတဲ့ နှစ်ပတ်လည်နေ့ ကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ တုံးက ရန်ကုန်မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာမှာ ဦးဆောင်သူတွေ ဖြစ်တဲ့ (အသက်ကြီးလှပြီဖြစ် ပေမယ့် သတ္တိရှိစွာ လှုပ်ရှားဆဲဖြစ်တဲ့) သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၁၉၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အခြားခေါင်းဆောင်များအားလုံးကို ကျေးဇူးတင် ကြောင်း ပထမ ပြော ခြင်ပါတယ်။ အဲသည်ပွဲမှာ ဦးဆောင်ကျင်းပသူတွေ ဒါမှမဟုတ် တက်ရောက်သူတွေ ထဲမှာ ကိုကိုကြီးလဲ ပါရင် ကျေးဇူး တင်ပါရစေရှင်။ 

ရှစ်လေးလုံးအတွင်းမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ဆင်နွှဲခဲ့ကြတာတွေ၊ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုကြီး မတိုင်ခင် လူထုလှုပ်ရှားမှုကို စတင် ဦးဆောင်ခဲ့ကြတာတွေ၊ နှစ်ရှည်ထောင်ဒဏ် တွေကျခံရင်း ထောင်ထဲမှာ ကောင်းမွန်စွာရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတာတွေ စတာတွေကို ကျမတို့မိသားစု တစုလုံးက လေးစား အသိ အမှတ်ပြု လျှက်ရှိဆဲပါ ရှင်။ 

အခုလူတွေ အတော်များများပြောနေကြတဲ့ အပြောင်းအလဲဆိုတာကို ကျမတို့ မိသားစုတစုလုံး မျက်ခြေ မပြတ်ကြည့် ပါတယ်။ ကျမတို့ ကတော့ လုံးဝ မယုံဘူး။ ဘာကြောင့်လဲဆိုတော့ အသွင်သဏ္ဍာန် အရသာ အရေခွံဟောင်းကို ခွာ၊ အေ၇ခွံအသစ်ကို ထပ်တင်လိုက်တာကလွဲလို့  အနှစ်သာရ အရ ဘာမှ မပြောင်းဘူး။ ၁၉၆၂ ခုနှစ်တုံးက ကျောင်းသား သမဂ္ဂကို ဖြို၊ သားသမီးတွေလို သဘောထားရမယ့် ကျောင်းသားတွေကို သတ်ပြီး ဗိုလ်ချုပ် နေ၀င်းက ဓါးဓါးခြင်း လှံလှံ ခြင်း စိမ်ခေါ်ခဲ့တာ ကိုကိုကြီးမေ့သွားပြီလား။ ကိုကိုကြီး အမွှမ်း တင်ဘို့ အစချီလာတဲ့ တပ်မတော် ဆိုတာဟာ သည် အတွေး အခေါ်နဲ့ သည်အနှစ်သာရကို ဆက်လက်ကိုင် စွဲထားတာကို သတိမပြုမိဘူး လားရှင့်။ အခု ခဏကလေး ဖုံးထားတဲ့ အချိန်မှာတောင် မအောင့်နိုင်ဘဲ ပြီးခဲ့တဲ့ ဆဲဗင်း ဇူလိုင် နှစ်ငါးဆယ်ပြည့်နေ့မှာ ကျောင်းသားတွေကို ကြက် ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားခဲ့ တယ် မဟုတ်လား။ ဒါက စစ်အာဏာရှင်စနစ်ရဲ့ အစွယ်ကို တချက်လောက် ဘဲ လှစ်ပြလိုက်တာ မဟုတ်ပါလားရှင်။ 

အပေါ်ယံ အပြောင်းအလဲတွေ၊ လိုက်လျောမှုတွေ လုပ်ပြနေပေမယ့် စစ်အာဏာရှင်စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်တက်နင်းရပ်ပြီး အခုအချိန်မှာ ခိုင်ခိုင်မာမာဆက် တည်ရှိနေတယ် ဆိုတာ ကိုကိုကြီး သိမှာ မလွဲပါဘူး။ 

အဲဒါသာမကဘဲ စစ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ စစ်ဗိုလ်ချုပ်သစ်တွေကဘဲ တိုင်းပြည်အာဏာကို ဆက်လက်ချုပ်ကိုင်ထား တာကြောင့် လူသစ်တွေလဲ နေရာရသင့်တယ်ရယ်လို့ ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်တောင် ပြောဆိုသွားခဲ့တာ ကိုကိုကြီးကြားမှာပါ။ 

ဒီလို နောက်ခံအခြေအနေအောက်မှာ ရိုဟင်ဂျာ ကိစ္စကြီး ဖြစ်ပေါ်လာတယ်။ အဲသည် အပေါ်မှာ ကိုကိုကြီး တိုင်းသိ ပြည်သိ ပြောကြားလိုက်တဲ့ အောက်ပါ စကားတွေကို ကြားလိုက်ရတော့ ကျမတို့ အံသြတုန် လှုပ်သွားခဲ့တယ် ရှင့်။ ဒါကြောင့်လဲ ဒီ အိပ်ဖွင့်ပေးစာကို ရေးလိုက်တာပါဘဲ။ 

" ရိုဟင်ဂျာ ကိစ္စမှာ ကွန်တော်တို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှသည်းခံ ဆောင်ရွက်နေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ကိစ္စ ကို အခု အပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာ 

ကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားလုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့  ဘူးသီးတောင် မောင်းတော ကိစ္စတွေမှာနိုင်ငံ တကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံ ကိစ္စကို အပြည် အစုံနားမလည်ဘဲ ၀င်ရောက်ပတ် သတ် စွက်ဖက်နေတာကို လုံးဝ လက်မခံပါဘူး.။ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်ခြာကို ထိပါး တယ်လို့ ကျွန်တော်တို့သတ်မှတ်ပါတယ်။ နိုင်ငံ တကာ နဲ့ မျက်နာမပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမှု ကိုယ်ခြင်းစာနာမှု နဲ့ လိုက်လျောမှုကို နိုင်ငံကြီး တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော် နဲ့ လက်တွဲဖြေရှင်းသွားမယ်..။” 

အထူးသဖြင့် ကိုကိုကြီးရဲ့အောက်ပါ စကားလုံးတွေ ဟာ ကျမတို့ မိသားစုကို အံ့သြတုန်လှုပ်သွားစေပါတယ်။ 
"နိုင်ငံကြီး တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော် နဲ့ လက်တွဲဖြေရှင်းသွားမယ်..။” 

ကိုကိုကြီးရဲ့ အဲသည်စကားကို နားထောင်ပြီးတဲ့အခါမှာ ကိုကိုကြီးဟာ စစ်အာဏာရှင်စနစ်ကို တကယ်ပြတ်ပြတ်သား သား ဆန့်ကျင်တိုက်ပွဲဝင်သွားမယ့် ကျောင်းသား ခေါင်းဆောင်တဦးမှ ဟုတ်ပါရဲ့လား ရယ်လို့ ကျမတို့ သံသယ ၀င် သွားခဲ့တယ် ရှင့်။ ကိုကိုကြီးလေမျိုးကို ကျန်တဲ့ကျောင်း သားတွေ အတုယူလာရင် စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ ကျောင်းသားတွေ ဖြစ်မလာဘဲ စစ်အာဏာရှင်စနစ်ကို အကျိုးပြုတဲ့ ကျောင်းသားတွေ ဖြစ်သွားမှာ စိုးရိမ်မိတယ်။ 

ရှစ်လေးလုံးကာလ အတွင်းမှာ ဒီမိုကရေစီ ဖခင်ကြီး ဦးအောင်ကြီး သက်တော်ရာကျော် ရှည်ပါစေလို့ လူထုက တန်ဘိုး ထား ကြွေးကြော်ခဲ့ရာကနေ ဦးအောင်ကြီးက "တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့  ” လို့ပြောခဲ့တဲ့ အတွက် လူထု က နိုင်ငံရေး မြောင်းထဲကို ပြန်ဆွဲချလိုက်တာ ကိုကိုကြီး သတိရစေခြင် ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီ အသွင်ကူး ပြောင်းသယောင်နဲ့ စစ်အာဏာရှင်စနစ်ကို သာ ခိုင်မာအောင် လုပ်နေကြတာ မျက်မြင်ပါဘဲ။ 

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေကို ပုံသဏ္ဍာန် မျိုးစုံနဲ့ဆက်ပြီး ဆင်နွှဲသွားအောင် ရှင်းလင်းတဲ့ အမြင် တွေတင်ပေး၇မယ့် အစား စစ်အာဏာရှင်စနစ်ကို ဒူးထောက်တဲ့ လမ်းကြောင်းကို ဦးတည်မယ့် စကားလုံးတွေကို ကျောင်းသားခေါင်း ဆောင်တဦး အနေနဲ့  မသုံးသင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရစေရှင်။ 

၁၉၆၇ ခုနှစ် အာဏာရှင် ဗိုလ်ချုပ်နေ၀င်း ဖန်တည်းခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းတုံးက ကျမတို့ မိဘတွေရော ကျမ အကိုကြီး ဆလိုင်း ကိုတင်မောင် ဦးပါ ကြုံခဲ့ပြီးပြီ။ ဆန်ပြသနာဖြစ်ပြီး စစ်တွေမှာ ဆန် လုပွဲတွေပေါ်တော့ ရခိုင်လူ ထုတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့တာ ကိုကိုကြီးမေ့ သွားပြီလား။ သို့ မဟုတ် ငယ် သေးလို့ များ မသိတာလား။ ဆန်ပြသနာ အရေးအခင်းကို အာရုံလွှဲခြင်တော့ တရုတ် ဗမာ အဓိကရုဏ်းဖြစ်အောင်နေဝင်းက ဖန်တည်းခဲ့တယ်။ တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေထုတ်၊ သူ့ လုံခြုံရေး အဖွဲ့ လက်ပါးစေတွေ ကို အရပ်ဝတ်လဲ၊ အခြေမဲ့အနေမဲ့  လူရမ်းကားတွေကို မြှောက်ပေး၊ တရုတ်အိမ်  တွေကို ၀င်  ရောက် မီးရှို့ဖျက်ဆီး (တချို့ သတ်ဖြတ် တာတွေ ပါ) လုပ်ကြတော့ မီးသတ်ကားနဲ့ စစ်တပ်က လူအုပ်ကြီး နောက်က လိုက်ပေးတယ်။ ဘာမှ မတား ဆီးဘူး။ အရေးမယူဘူး။ အခြားအိမ်တွေ မလောင် အောင်သာ မီးငြိမ်းပေးတယ်။ တရုတ်မိသားစုတွေကို သတ်ဖြတ်၊ နှိပ်စက်၊ တရုတ်အိမ်တွေ မီးရှို့တဲ့ လူရမ်းကားတွေ အပေါ် ဘာမှ ထိထိ ရောက် ရောက် အရေးမယူခဲ့ဘူး။ 

ကျမ အကိုကြီး ဆလိုင်းကိုတင်မောင်ဦး ဆိုရင် အဲသည်တုံးက သူ့ အသက် (၁၆) နှစ်ဘဲရှိသေးတာပေါ့။ အသက်ဘေး ကနေ လက်လွတ်ထွက်ပြေးကြရတဲ့ တရုတ်မိသားစု တစုကို ဘုန်းကြီးကျောင်းထဲမှာ ၀ှက်ပြီး ကယ်ခဲ့သေးတယ်။ 

တရုတ်တွေ အပေါ် လူမျိုး မတူတာ အပထား၊ လူသားချင်း စာနာစိတ်နဲ့ (ဘာပြစ်မှုမှ မကျူးလွန်တဲ့ လူတွေရဲ့) လူ့ အသက်တွေကိုတော့ကယ်တင်သင့်တယ် ဆိုတဲ့ ခံယူချက်နဲ့ ကိုတင်မောင်ဦး သည်လို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်ရှင့်။ 

စစ်အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်းတွေဖြစ်၊ တိုင်းပြည်မတည်မငြိမ်အောင် သူတို့ ဘဲဖန်တည်းပြီး လက်နက် အားကိုးနဲ့အုပ်ချုပ်ခွင့်၇အောင် အဲသည်လို လုပ်ခဲ့ကြတာပါ။ ကိုကိုကြီးပြန်စဉ်းစားကြည့်ပါ။ ရခိုင်ပြည်နယ်မှာ သည်လို မျိုးဖြစ် မှာ ကျမတို့ သိတ်ကို စိုးရိမ်တယ်။ ဖြစ်သွားခဲ့ပြီ လို့ လဲ ယူဆတယ်။ 

ကျမတို့ က ရိုဟင်ဂျာတွေ ဘက်က သတ်ဖြတ်ကျူးလွန်မှုတွေ မရှိဘူးလို့ ဘက်လိုက်ပြီး ခုခံကာ ကွယ်ပြောဆိုနေတာ မဟုတ်ဘူးရှင့်။ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရတာတွေ ရှိသလို ဗလီတွေ ဖျက်ဆီး ခံရတာတွေ ရှိကြောင်းကြားရတယ်။ 

ပြစ်မှုကျူးလွန်တဲ့ နှစ်ဘက်လုံးကို ထိထိရောက်ရောက် အရေးယူပေါ့။ အဲသလို မဟုတ်ဘဲနဲ့ အမျိုးသားရေး ကိစ္စဆိုပြီး ရိုဟင်ဂျာတွေကိုသာကွက်ပြီး သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လူမဆန်တဲ့ အပြုအမူတွေ ပြုကျင့် မယ်ဆိုရင်တော့ ကျမတို့ လက်မခံနိုင်ဘူး ရှင့်။ ကိုကိုကြီး သုံးနှူံးသွားတဲ့ စကားလုံးအသုံး အနုန်းတွေ ဟာ သည် လို မတရားတာတွေ ပြုကျင့်စေဘို့  အားပေးရာ ရောက်တာမျိုး မဖြစ်သင့်ဘူးလို့  ပြောပါရစေ။ 

ကိုကိုကြီး အပါအ၀င် ပြည်တွင်းကလူထုတွေ တကယ့်အများစုကြီးဟာ ဆယ်စုနှစ်တချို့လောက် ပြင်ပကမ္ဘာနဲ့အဆက် အသွယ်ဖြတ်ခံထားခဲ့ရတယ်။ မြန်မာနိုင်ငံလိုဘဲ စစ်အာဏာရှင် လွှမ်းမိုးကြီးစိုးခဲ့တဲ့  အင်ဒိုနီးရှားနိုင်ငံကိုထွက်ပြီးလေ့လာ ကြည့်ပါ။ မြန်မာနိုင်ငံမှာ အခု လူထုတွေ အများစုကြီးက အပြောင်းအလဲလို့  ယူဆနေကြတဲ့ အနေအထားတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ် လောက်က (၁၉၉၇ ခုနှစ်အထိ) အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင် ဆူဟာတိုက ကျင့်သုံးခဲ့တဲ့ Guided Democracy လို့ ခေါ်တဲ့ လမ်းညွှန် ဒီမိုကရေစီ အောက်က ရခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးကို တောင်မမှီသေးဘူးရှင့်။ 

အခုမြန်မာနိုင်ငံမှာ အာဇာနည်နေ့မှာ ဆန္ဒပြခွင့်ကလေးတွေ ရလာတာကို လူထုတွေက ကျေးဇူးတင်နေကြရတဲ့အဆင့် ဘဲရှိသေးတယ်။ သည့်ထက်သာတဲ့ အခွင့် အရေးမျိုးတွေကို အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတို ရှိစဉ်ကထဲက ရခဲ့ တာပါ။ တကယ်တော့ အနှစ်သာရအရ ဘာမှ မပြောင်း လဲသေးဘူးဆိုတာရှင်းနေပါတယ်။ 

ဘာဘဲဖြစ်ဖြစ် ရသမျှ အခွင့်အရေးကလေးတွေကို ယူပြီး စစ်အာဏာရှင်စနစ်ကို တောက်လျှောက်ဆန့် ကျင်တိုက်ပွဲဝင် ခဲ့ တဲ့ အတွေ့အကြုံရှိတဲ့ မြေပေါ်တော်လှန်ရေးသမားကြီးတွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းကြီးတွေ၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်း ဆောင်ဟောင်းကြီးတွေက အချင်းချင်း အပြန်အလှန် စုစည်း စည်းရုံးနေကြတာတွေ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ခေါင်း ဆောင်တဲ့ ရှစ်လေးလုံးမျိုး ဆက်ကျောင်းသားတွေက တပြည်လုံး ထွက်၊ စည်းရုံးလှုပ်ရှားနေကြ တာတွေ၊ ကိုကျော်ကိုကို ခေါင်းဆောင် တဲ့ ဗကသ ကျောင်းသားတွေက တပြည်လုံးမှာ ဗကသ တွေ ပြန်လည် ဖွဲ့စည်း ဘို့ လုပ်နေကြတာတွေ၊ ဒါတွေ အားလုံးကို ကျမတို့ လုံးဝ တန်ဘိုး ထား အသိအမှတ်ပြုပါတယ်။ အခက်အခဲတွေ အကြားကနေ လုပ်နေကြရတဲ့အခြေအနေကိုလဲ သဘောပေါက်ပါရဲ့ရှင်။ 

ဒါပေမယ့် တချိန်ထဲ မှာ လူထုတွေကျောင်းသား တွေကို အခြေအနေမှန်ကို အမှန်အတိုင်း အသိပေးဘို့ ၊ မြှော်လင့်ချက် အမှားတွေ ရှိမလာ စေဘို့ ၊ နိုင်ငံရေး အရ လမ်း ကြောင်းချော်သွားစေမယ့် အပြောအဆို မျိုးတွေ မပြောမိစေဘို့  ရိုးရိုး သားသား အကြံပေး ခြင်တာကြောင့် သည်စာကို ရေးလိုက် တာပါဘဲရှင်။ 

"ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲဖြေရှင်းသွားမယ်..”လို့ ကိုကိုကြီး ပြောသွားခဲ့တယ်။ "ဒီမိုကရေစီ အင်အား စုတွေ အား လုံးကလို့” ကိုကိုကြီး ဘာကြောင့်သုံးသွားတာလဲ။ 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သဘောဆန္ဒလဲ တိတိကျကျ ထုတ်ဖေါ်တာ ဘာမှ မကြားရသေးဘူး။ ဒေါ်အောင်ဆန်းစု ကြည် ဖွင့်ပြောတာလဲ နားထောင်ခွင့်မရသေးဘူး။ ရိုဟင်ဂျာတွေက ရခိုင်လူထုအပေါ် သတ်ဖြတ်တာ၊ နှိပ်စက်ညှင်း ပမ်းတာ၊ ရွာတွေ မီးရှို့တာ၊ ရှိရင် အဲဒါတွေ အားလုံးကို ကျမတို့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူဘို့လဲတောင်းဆိုတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရော ဒေါ်အောင်ဆန်းစုကြည်က ပါ ရိုဟင်ဂျာနဲ့ ရခိုင်လူထုတွေ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အသွင် ဆောင်တဲ့ ပြသနာမှာ အမျိုးသားရေးလို့ သတ်မှတ်တယ် ဆိုပြီး ဘက်တဘက်ထဲကဘဲရပ်၊ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်ခြင်သလိုသတ်ဖြတ်၊ ရက်စက်ခြင်သလို ရက်စက်၊ လူသားချင်းစာနာထောက် ထားတဲ့အခြေခံကနေ အသက်ရှင်ရပ်တည်လို့တောင် မရအောင် ခံစားနေကြရတဲ့ အခြေ အနေမျိုးဖြစ်စေ မယ် ဆိုရင် တော့ ဒါကို လျှစ်လျှရှုထား၊ မသိခြင်ယောင်ထားပြီး ထောက်ခံတဲ့ သဘောနဲ့ နေလိမ့်မယ် လို့  ကျမတို့ တော့မထင်ဘူးရှင့်။ 

ပြီးတော့ဒီမိုကရေစီ အင်အားစုတွေ အားလုံးက လို့ ကိုကိုကြီး သုံးသွားတာ ကျမတို့ လို မလွှဲသာလို့ တိုင်းပြည် ပြင်ပ ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ဒီမိုကရေစီ ရေးလှုပ်ရှားတက်ကြွတဲ့ အဖွဲ့ အစည်းအသီးသီးတွေ ကို ထည့်မတွက်တော့ဘူးလား ရှင့်။ ဒီမိုကရေစီ အင်အားစုတွေ အားလုံးကို ကိုယ်စားပြု ပြီး ပြောခြင်ဆိုခြင်တယ် ဆိုရင် သူတို့ သဘောထားဆန္ဒကို ကြိုတင်မေးဘို့ မလိုဘူးလား။ ဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း အားလုံးဟာ ကိုကိုကြီးတို့ ထောင်ထဲမှာ ရှိနေတုံးက နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဘို့ ကမ္ဘာပတ်ပြီး တောင်း ဆို၊ စစ်အစိုးရကို ဖိအားပေးခဲ့ကြသူတွေပါ။ သူတို့ သဘောဆန္ဒကိုရော အလေးမထားသင့်ဘူးလား။ သူတို့ သဘော ဆန္ဒကိုလဲ မယူဘဲနဲ့ ကိုကိုကြီးနဲ့ နီးစပ်သူ တချို့လောက်ရဲ့ သဘောထားနဲ့ဘဲ ဘာကြောင့် အမျိုးသားရေး ကိစ္စဆိုပြီး သတ်မှတ် လိုက်တာ လဲရှင့်။ 

ဒီမိုကရေစီအင်အားစုတွေအားလုံးက သတ်မှတ်တယ် ဆိုရင်ရော ဒါဟာအမျိုးသားရေးကိစ္စဖြစ်သွားပြီလား။ စစ်အာဏာ ရှင်စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်နေတဲ့  တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ ရဲ့ သဘော ဆနက္ဒို မယူ သင့်ဘူးလား။ သူတို့ သဘောမပါဘဲနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရသစ်နဲ့ သဘောထားခြင်းတူရုံနဲ့ အမျိုးသား ရေးကိစ္စလို့သတ်မှတ် လို့ရပါ့ မလားရှင့်။

အခု ရိုဟင်ဂျာ ရခိုင်အရေးအခင်းမှာ တာဝန်အရှိဆုံးက ဘယ်သူလဲ။ ကိုကိုကြီး စဉ်းစားကြည့်ပါ။ လက်ရှိ တက်နေ တဲ့ သမတ ဦးသိန်းစိန် နဲ့ သူ့အောက်က ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေဘဲ။ တိုင်းပြည် အုပ် ချုပ်နေရင်ကိုယ့်လူထု အကြောင်းကို ကိုယ်သိရ မှာပေါ့။ ရိုးရိုးသားသား ဖြစ်ဦးတော့ ရခိုင်ပြည်နယ်မှာ ဒါမျိုးဖြစ်လာရင် လူမျိုးရေးပဋိပက္ခ ဖြစ်သွားနိုင်တယ် ဆိုတာ ကလေး က အစသိတယ်။ ဖြစ်ဖြစ်ခြင်း ဘယ်ဘက်ကဘဲ ကျူးလွန်ပါစေ၊ ပြစ်မှုကျူးလွန်သူ နှစ်ဖက်လုံးကို ချက်ခြင်း အရေးယူ၊ လုံခြုံရေးတပ်ဖွဲ့တွေ ချက်ခြင်းချ၊ လူထုအတွင်း ရှင်းလင်းမှုတွေ ချက်ခြင်းလုပ်။ အဓိကရုဏ်း မဖြစ်အောင် တားဆီးနိုင်ရမှာပေါ့။ သည်လို ဘာကြောင့် မလုပ်ခဲ့သလဲ။ သမိုင်းအတွေ့အကြုံတွေအရ စဖြစ်ကထဲက ကျမတို့ မှာ သံသယရှိ ခဲ့ တာ။ အခု နိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့အစည်းကြီးဖြစ်တဲ့  Human Rights Watch ရော အခြား လူ့ အခွင့် အရေး အဖွဲ့ အစည်းတွေ အတော်များများကပါ က ဦးသိန်းစိန် အစိုးရရဲ့ ပါဝင်ပတ် သက်မှုကို အ တိ အ ကျ စွပ်စွဲလာတဲ့ အခါကျ တော့မှ ကျမတို့ ပိုပြီး သေချာသွားတယ်။

တကယ်တော့ သံလျှက်တော်ယူတဲ့ သူခိုးက ဆိုတဲ့ ဇာတ်ထဲကလို ဘုရင်ကိုယ်တိုင်က သူခိုးဖြစ် နေတာဘဲ မဟုတ် လား။ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အာဏာရှင်လက်သစ်တွေက တရားခံဖြစ်နေတာ မဟုတ် ဘူးလား။ အားနည်းသူ ရိုဟင်ဂျာတွေကို ဖိနှိပ်ရက်စက်၊ ရခိုင်အမျိုးသားတွေကို ကာကွယ်သယောင်ပြပြီး စစ်တပ်ကို လူစွမ်းကောင်းနေရာ မှာရောက်အောင်တွန်းတင်တဲ့ အကြံနဲ့ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းကြံ စည်တဲ့အထဲမှာ ကိုကိုကြီးက ဘာကြောင့် ပါခြင်ရတာလဲ။ 

ရိုဟင်ဂျာတွေ ၀င်လာတာဟာ အမျိုးသားရေးကို ထိပါးတယ်၊ အမျိုးသား လုံခြုံရေးပြသနာဖြစ်တယ် ဆိုရင် တရုတ်တွေ ကိုတော့ ဘာကြောင့်အရေးမယူသလဲ။ မန္တေလေး တမြို့လုံးလောက်နီးနီး တရုပ်တွေ သိမ်းထားသလို ဖြစ်တာဘယ်လို ရှင်းမလဲ။ လူဝင်မှုကြီးကြပ်ရေးကို အကြီးအကျယ်လာဘ်ထိုးပြီး နိုင်ငံသားလက်မှတ် အမျိုးမျိုး ကိုင်နေကြတာတွေကို ဘယ်လို ရှင်းမလဲရှင့်။ 

နိုင်ငံခြားသားတွေ ဆယ်စုနှစ်တချို့အတွင်း သန်းတချို့ချီပြီး ၀င်လာတဲ့ ကိစ္စမှာ အဓိက တာဝန်ရှိသူတွေဟာ ၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်ကို အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ မဟုတ်ဘူးလား။ တရုတ်ပြည်ကအခု အချိန်မှာ အင်အားတောင့်တင်းနေတော့ စစ်အာဏာရှင်တွေက ကြောက်တာကြောင့် တရုတ်ကိုတော့ ဘာမှ သွားပြီး ပြဿနာ မရှာရဲ၊ အားနည်းတဲ့ ရိုဟင်ဂျာတွေကို ဖိထောင်းပြတာမျိုးဟာ တရားရဲ့လား။ သည်လိုတရားမဲ့ လုပ်တဲ့အတွက် မကောင်းတဲ့ အကျိုးဆက်အနေနဲ့ ရခိုင်အမျိုး သား လူထုတွေ အတွင်းမှာ မတည် မငြိမ် တောက်လျှောက် ဖြစ်၊ ကိုယ့် လုံခြုံရေးတောင် ကိုယ်စိတ် မချရဘူး ဆိုရင် စီးပွားရေးလဲ စိတ်အေးလက်အေးလုပ်ခွင့်မရ၊ ဒီ လိုအခြေအနေဟာ ရခိုင် လူထုအတွက် အမျိုးသား အကျိုးစီးပွားလို့ ပြောနိုင်ပါ့မလားရှင့်။ 

ကျမတို့ မိသားစုအနေနဲ့ကတော့ ရိုဟင်ဂျာလူထုအပေါ်ဖြစ်ဖြစ်၊ ရခိုင်လူထု အပေါ်ဖြစ်ဖြစ် လူ့အခွင့် အရေးချိုးဖေါက်တာ၊ Genocide လို့ ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှာ မျိုးကိုတော့ ဘယ်လိုနည်းနဲ့ ဘယ်အကြောင်းပြချက်နဲ့မှ လက်မခံနိုင်ဘူး ဆိုတဲ့အကြောင်း ကိုကိုကြီးကို အသိပေးလိုက်ပါရဲ့ ရှင်။ 

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး စိတ်ဓါတ်ကို ကျမတို့ မိသားစုဟာ အသက်နဲ့ရင်း ဘ၀နဲ့ရင်းပြီးထူထောင် ခဲ့ရတာပါ။ တချိန်ကျရင် စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ ပြုတ်ပြုတ်ပြုန်းသွားလိမ့်မယ် လို့  လုံးဝယုံ ကြည်တယ်။တော်လှန် ရေးဟာ မပြီးသေးဘူးလို့ ကျမတို့ ခံယူတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲဟာ နည်းလမ်းပေါင်းစုံနဲ့အရှိန် အဟုန်ပြင်းပြင်းလာဦးမယ်လို့ ကျမတို့ တွက်တယ်။ အရေးကြီး တာ က စိတ်ဓါတ်ဘဲ။ ကျောင်းသားခေါင်းဆောင်ဆလိုင်း ကိုတင်မောင်ဦးဟာ သူ့ အသက်ကို ပေးပြီး စစ်အာ ဏာရှင် စနစ် ဆန့်ကျင်ရေးစိတ်ဓါတ်ကို အမြင့်ဆုံးတင်သွားခဲ့တယ်။ 

ကိုကိုကြီး ပြောလိုက်တဲ့ စကား တလုံး၊ နောင်သည်လိုမျိုး ဆက်ပြောနိုင်တဲ့ စကားလုံးတွေ ကြောင့် ကျောင်းသားတွေ၊ လူထုတွေ စိတ်ဓါတ် ဦးကျိုးသွားမှာကို စိုးရိမ်တယ်။ 

စစ်အာဏာရှင်စနစ်ကို အသက်သွင်းတဲ့ စစ်ခေါင်းဆောင်အဆက် ဆက် အောက်မှာ ကိုကိုကြီးပြောတဲ့ တပ်မတော် ဆို တာ ဟာ လူထုကို ကာကွယ်တဲ့ အနှစ်သာရပျက်ယွင်းနေတဲ့ အဖွဲ့အစည်းဖြစ်တာ ကြာနေပြီ။  ဗိုလ်ချုပ်အောင်ဆန်း စတင်တည် ထောင်ခါစက လူထုချစ်တဲ့တပ်မတော် ဆိုတာ သမိုင်းထဲမှာဘဲ ကျန်သွားပြီ။ တိုင်းရင်းသား ပေါင်းစုံ လူထု တွေကိုသာမက သံဃာတော်တွေ ကိုပါ ပစ်သတ်တဲ့ "သတ်မတော်” ဖြစ်သွားပြီ။ စစ်အာဏာရှင်စနစ် အောက်မှာ စစ်ခေါင်း ဆောင်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ရက်စက်မှုတွေ ကြောင့် အမျိုးသား စည်းလုံး ညီညွတ် ရေးပြို ကွဲခဲ့ တာ ဘဲရှင့်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာကို စစ်အာဏာရှင် စနစ်ရှိနေသမျှ ကိုကိုကြီး စိတ်ကူး မယဉ် စေခြင်ဘူး။ ရဲရင့်တဲ့ ကျောင်းသားခေါင်းဆောင် တဦး အနေနဲ့ ခင်ဗျားတို့ စစ်ခေါင်းဆောင်တွေ စစ်အာဏာ ရှင်စနစ်ကို အရင်ဖြုတ်ပါလို့ ဘာကြောင့် မပြောသလဲ ရှင့်။ 

ရိုဟင်ဂျာကို လက်ညှိုးထိုးပြီး အဲဒီ စစ်တပ်ကို သူရဲကောင်းလို လူထုတွေက ထင်ယောင်ထင်မှား ဖြစ်လာစေမယ့် စကားမျိုးတွေကို ကျောင်းသားခေါင်းဆောင်တဦးနေရာကနေ မသုံးဘို့  မေတ္တာ ရပ်ခံ ပါ ရစေ ရှင်။ 

မတရားမှုကို ဆန့်ကျင်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ ကျောင်းသားတို့ ရဲ့ခွပ်ဒေါင်း စိတ်ဓါတ်ကို ပြန်လည် တည်ဆောက်ရင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့် ကျင့်တိုက်ပွဲဝင်သွားမယ့် ကျောင်းသားခေါင်း ဆောင် တဦးအဖြစ် ကိုကိုကြီး ကို မြင်တွေ့ လိုပါကြောင်း ပြောရင်း သည်စာကို နိဂုံးချုပ်လိုက်ပါတယ်။ 

မလှမြိုင် (ခေါ်) မိုင်ပိုပို 
ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ၏ မိသားစု တစုလုံးကိုယ်စား 
ဇူလိုင်လ (၃၀) ရက် ၂၀၁၂ ခုနှစ်


Contact Information 
Email: salaitinmaungoofamily@yahoo.ca 
Telephone: 1 + (604) 379-3104 

Comment ရေးရန်

Rohingya Exodus