နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာတို့ လိုချင်သော ဒီမိုကရေစီ | မိုးကျော် (LA)



ဒီမိုကရေစီ ရရှိရေး- ဒို့အရေး ဒို့အရေး- ဟု တစ်တိုင်းပြည်လုံး ကျွတ်ကျွတ်ညံစွာ အော်ခဲ့၏။ ဗိုလ်ချုပ်နေ၀င်း၏ စစ်တပ်အင်အား- အား အံတုနိုင်စေရန် မြန်မာနိုင်ငံအတွင်း ရှိသမျှသော လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ရဟန်း ရှင်လူ ပြည်သူ အပေါင်းအား စည်းရုံးခဲ့၏။ 

ဦးနေ၀င်းကိုယ်တိုင်က တစ်ပါတီ စနစ်ကို ကြိုက်သလား၊ နှစ်ပါတီစနစ်ကို ကြိုက်သလား၊ ပါတီစုံ စနစ်ကို ကြိုက် သလား- ပြုလုပ်ပေးပါမယ်- ဟု ဆိုလေသော်-၊ ဒင်းတို့ စစ်အုပ်စုများ ပြောဆိုရာကို ငါတို့ မယုံ အာဏာကို ချက် ချင်းပေးဟု တောင်းဆိုခဲ့ကြ၏။ နောက်ဆုံး အာဏာ အပေးအယူ မမျှ၍- ပစ်ခတ်၊ သတ်ပုတ်၊ ဖမ်းဆီးထောင်ချ၊ ထွက်ပြေးကြရာတွင်- တိုင်းပြည်ရှိ လူမျိုးကိုယ်စီ ရာနှုန်းဖြင့် တွက်သော်- မွတ်ဆလင်များမှာ ထုနှင့်ထည်နှင့် ပါဝင်ခဲ့ကြ၏။ မွတ်ဆလင်များထံမှ ငွေကြေး၊ အကြံဉာဏ်၊ အဆက်အသွယ်များကို ထိုတော်လှန်ရေး လုပ် ဆောင်နေသူများမှ ကင်းခဲ့သူ မရှိခဲ့ဟု ဆိုနိုင်၏။ ဒီမိုကရေစီအား လိုလားပါသည်ဟု ပြောဆိုသည့် အုပ်စုတိုင်း တွင် မွတ်ဆလင်မုန်းတီးမှု ဓါတ်ခံမှာ အမြစ်တွယ်လျှက် ရှိနေခဲ့သည်။ သူတို့ လိုချင်သော ဒီမိုကရေစီမှာ လူများ စု ဗုဒ္ဓဘာသာမှ အများ မဲဆန္ဒဖြင့် မြန်မာနိုင်ငံအား မောင်ပိုင်စီးထားရန် ဖြစ်ခဲ့၏။

ဦးနေ၀င်း လက်ထက်တွင်- ဗမာ- ဗမာချင်း အာဏာလုနေသဖြင့် စစ်တပ်အား လက်ကိုင်တုတ် အဖြစ်သုံးခဲ့ သည်။ ပြည်တွင်း နိုင်ငံရေး ကစားကွက်များတွင် မွတ်ဆလင်တို့အား ချသုံးခဲ့သော်လည်း- မွတ်ဆလင်ကို သုံး လိုက် စစ်တပ်ကို သုံးလိုက် မျှသုံးနေသဖြင့် မွတ်ဆလင်တို့မှာ အသုံးချခံရမှုမှ အနည်းငယ် (ရာနှုန်းပြည့်မဟုတ် ဘဲ) လွတ်လပ်နေခဲ့သေး၏။ 

ထို့နောက် န၀တ၊ နအဖ စစ်အစိုးရကြီး ပေါ်ပေါက်လာပြန်သည်။ ထိုအစိုးရ လက်ထက်တွင်လည်း ဗမာ- ဗမာ ချင်း အကြီးအကျယ်ကွဲလွဲနေခဲ့ပြန်၏။ ထို့ကြောင့် စစ်တပ်အား အသုံးချမှုမှာ ပိုမိုရာနှုန်းများခဲ့ပြန်သည်ဟု ဆိုရ မည် ဖြစ်၏။ ထို့ကြောင့် မွတ်ဆလင်တို့အား အသုံးချမှုမှာ ပေါ်ပေါ်ထင်ထင် မဖြစ်ခဲ့။ သို့သော် ကမ္ဘာ့ဖိအား၊ ကမ္ဘာ့ အခြေအနေ၌ တောင့်မခံနိုင်ခြင်းဖြင့် ဗမာ ဗမာချင်း ပူးပေါင်းရတော့မည့်ကာလ (တစ်နည်းအားဖြင့် ဒီမိုက ရေစီအား မလိုလားသော စစ်အုပ်စု ဗမာများနှင့် ဒီမိုကရေစီအား လိုလားသော ဗမာများ ပူးပေါင်းရတော့မည့် ကာလ)တွင်-၊ ဗမာ- ဗမာချင်း အလွယ်တစ်ကူ ပူးပေါင်းနိုင်ရန်၊ ဗမာအများစု၏ နှလုံးသား၌ မုန်းတီးဓါတ်ခံရှိပြီး မွတ်ဆလင်တို့အား စတင် အသုံးချလေတော့၏။

ထိုသို့ အသုံးချခြင်းမှာ- ဗမာ- ဗမာချင်း ဖိနှိပ်ခဲ့သော စစ်ရာဇ၀တ်ကောင်တို့အား လူမြင်ကွင်းမှ ရာဇ၀တ် အဖြစ်မှ ပျောက်ကွယ်သွားစေရန်၊ ဒီမိုကရေစီ အင်အားစုမှ အာဏာရလာခဲ့လျှင်လည်း- စစ်အုပ်စု အကြွင်းအကျန်များမှ သူတို့သက်တမ်းကုန်ဆုံးချိန်အထိ- စစ်တရားခံ အဖြစ် ခုံရုံးမှ ကင်းလွတ်နေစေရန် သို့မဟုတ် စစ်တပ်အင်အား မှာ မြန်မာပြည်တွင်း၌ မရှိမဖြစ် လိုအပ်နေသေးသည်ဟု ပြည်သူတို့ ခံစားရစေရန် ဖြစ်၏။

မြန်မာမွတ်ဆလင်တို့အား နိုင်ငံရေး၌ စတင်အသုံးချရန် စနစ်တကျ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ ထိုသို့ ပြင်ဆင် ရာတွင် မန်မာမွတ်ဆလင်တို့အား ပထမ အဆင့် အဆင့်နှိမ့်ခဲ့၏။ ဒုတိယ အဆင့် တိုင်းရင်းသားမှ ပယ်ထုတ် ပစ်ခဲ့၏။ တတိယ အဆင့် ကျူးကျော်ဝင်ရောက်လာသူများဟု သတ်မှတ်ရန် ဖြစ်၏။ စတုတ္ထအဆင့် ကျူးကျော် သူများက နိုင်ငံအား သိမ်းပိုက်ပစ်မည်၊ သို့မဟုတ် ခွဲထုတ်ပစ်မည်ဟု ပြည်သူတို့ ခံစားရစေရန် ဖြစ်၏။- နောက် ဆုံး အဆင့် မြန်မာအားလုံး၏ ရန်သူ၊ မြန်မာတို့၏ မြင်ကွင်းမှ ရာဇ၀တ်ကောင်များမှာ တိုင်းပြည်အတွင်း မြေ သိမ်း၊ ယာသိမ်း အနိုင်ကျင့်ခဲ့သော စစ်အုပ်စု မဟုတ်တော့ဘဲ မွတ်ဆလင်များကိုသာ ရာဇ၀တ်ကောင်များ အဖြစ် ထင်မြင်ခံစားနေရရန် ဖြစ်၏။

ဥပမာ အားဖြင့်- လွန်ခဲ့သည့် စစ်အစိုးရ အုပ်စုမှ-၊ ဒုတိယ ဗိုလ်မှုးကြီး ၀င်းမောင်၊ (ပထမတန်း) ပြန်လည်နေရာ ချထားရေး ညွှန်ကြားရေးမှုးရုံး---၊ မှ ထုတ်ဝေသည့်၊ ၁၉၉၇ မတ်လ ထုတ် “သာသနာရောင်ဝါ ထွန်းစေဖို့” စာ အုပ်၏ စာမျက်နှာ ၆၇ တွင် ရခိုင်ပြည်နယ်၌ ကမန်မွတ်ဆလင်များ အပြင် ရမ်းဗြဲကျွန်းနှင့် သံတွဲတ၀ှိုက်တွင် တိုင်းရင်းသား ဖြစ်ကြသော အစ္စလာမ်ဘာသာကို ကိုးကွယ်သည့် ရခိုင်များ အနှံ့အပြား ရှိသည်၊” ဟု တရားဝင် မှတ်တမ်းတင်ခဲ့၏။ (ထိုစာအုပ်အား ထိုကာလမှ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၊ အတွင်းရေးမှုး (၂) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့- ကိုယ်တိုင် အမှာစာရေးသား ထုတ်ဝေခဲ့၏။ 

သို့သော်--၊ စစ်အစိုးရမှ ဒီမိုကရေစီ ပေးပါမည်ဟု လေသံပြောင်းလာသောအခါမှ စ၍- တိုင်းရင်းသား အစ္စလာမ် ဘာသာဝင် ရခိုင် တို့အား- ရခိုင်ဗုဒ္ဓဘာသာများနှင့် လူမျိုး မတူစေရန် ကမန်အုပ်စုထဲ၌ ထည့်သွင်းလေတော့၏။ ထို့နောက် ကမန်သည်လည်း ကုလား တစ်မျိုး အသွင်ဖြင့် ပြည်သူအပေါင်းမှ မြင်သာထင်ရှား ရှိစေရန် ရောဂါ ပိုး များသွင်းပေး၏။ ကမန်တို့အား တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုသည် ဆိုခြင်းမှာလည်း- အပြောကောင်း ရန် စာအုပ်ထဲ၌သာ ဖေါ်ပြထားခြင်း ဖြစ်၍- လက်တွေ့တွင် နိုင်ငံသား တစ်ဦး၏ ခံစားခွင့် အခွင့်အရေးများ အပြည့် အ၀ ဆုံးရှုံးနေရ၏။ 

ဆိုလိုသည်မှာ ရခိုင်လူမျိုး အစစ်မှ အစ္စလာမ်သာသနာအား ကိုးကွယ်ယုံကြည်ခွင့်မရှိ၊ သို့မဟုတ် ယုံကြည်သူ မရှိဟု ပြည်သူ အပေါင်းအား မြင်စေရန် စတင်လှည့်စားခြင်းသာဖြစ်၏။

အလားတူ ရိုဟင်ဂျာ တို့အားလည်း ရိုဟင်ဂျာဟူသည် မရှိ၊ ဘင်္ဂလီများ ဖြစ်သည်ဟု စတင်၍ လုပ်ကြံဖန်တီး တော့၏။ ထိုသို့ လုပ်ကြံဖန်တီးနိုင်ရန် လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ခန့်မှ စ၍ စနစ်တကျ အကွက်ဆင်ထား ခဲ့၏။ ပထမ အဆင့်အနေဖြင့် ၁၉၇၄ ခုနှစ်တွင် ရိုဟင်ဂျာတို့အား စစ်တကောင်း မြန်မာ ဟူသည့် အမည်ဖြင့် သတ်မှတ်၍ တိုင်းရင်းသား စာရင်းဝင် အဆင့်၌ ထားခဲ့သေး၏။ ထို့နောက် ပေါ်လစီအားဖြင့် ဖိနှိပ်ထား၍ သူတို့ ၏ အခွင့်အရေးများအား စနစ်တကျ ချိုးဖျက်ပစ်၏။ သို့သော် စစ်အစိုးရ မတိုင်မှီထိ သူတို့မှာ သွားလာခွင့်၊ ပညာ သင်ခွင့်၊ အိမ်ထောင်ပြုခွင့် စသည်တို့ တစုံတရာ လွတ်လပ်မှု ရှိနေခဲ့သေး၏။

စစ်အစိုးရ နှောင်းပိုင်းကာလသို့ ရောက်လာသော်- သူတို့၏ အခွင့်အရေးတို့အား အလုံးစုံ ပိတ်ပင်လိုက်တော့၏၊ ထိုမျှမက သူတို့အား ဘင်္ဂလီများဟု ပြတ်ပြတ်သားသား စွပ်စွဲလိုက်တော့၏။

ထိုမျှမက တိုင်းရင်းသားဟု အသိအမှတ်ပြုထားသည့် ကမန်တို့သည်ပင် သူတို့ စွပ်စွဲနေသော ဘင်္ဂလီများနှင့် သွေးနှောသူများ၊ ဘင်္ဂလီများ ၀င်လာနိုင်စေရန် တံခါးဖွင့်ပေးသူများဟု စတင်စွပ်စွဲလာတော့၏။

ရခိုင်တိုင်းရင်းသား စစ်စစ် အစ္စလာမ် သာသနာဝင်တို့အား ကမန် စာရင်းထဲ၌ ထည့်၊ ထိုနောက် ကမန်များအား သူတို့ စွပ်စွဲနေသည့် ဘင်္ဂလီ စာရင်းထဲ၌ ဆက်ထည့်-၊ ပြည်သူတို့အား ရခိုင်နေ အစ္စလာမ်သာသနာဝင် အားလုံး မှာ ကျူးကျော်သူ ဘင်္ဂလီများ ဖြစ်သည်ဟု မှိုင်းတိုက်လျှက် ပွဲခံလေတော့၏။- 

ထိုအခါ- ဗုဒ္ဓဘာသာတည်းဟူသော ခေါင်းစဉ်အောက်၌ ဗမာ- ဗမာချင်း ညီညွတ်သွားလျှက်၊ စစ်တရားခံများ ပျောက်ဆုံးကာ မွတ်ဆလင်တို့သည်သာ မြန်မာနိုင်ငံ၏ ရာဇ၀တ်ကောင်များ သဖွယ် ဖြစ်လာရလေတော့၏။ သို့မှသာ မဟာဗမာများ စိတ်ကူးယဉ်သည့် ဒီမိုကရေစီကြီး ဖြစ်လာရမည်ဟူ လို ဖြစ်တော့၏။



မိုးကျော် (LA)

မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှု
အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း တာဝန်ခံ

Comment ရေးရန်

Rohingya Exodus