နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥရောပကော်မရှင်မှ ယူရိုငါးသန်းခွဲ ရခိုင်နှင့်ကချင်ဒုက္ခသည်များအတွက်ပေးအပ်

ဥရောပကော်မရှင်မှ Ms. Kristalina Georgieva နှင့် UN အကြီးအကဲ Ms. Valerie Amos (ဓါတ်ပုံ - European Commission)
ကျော်စွာဝင်း
RB News
၂၀၁၂ ဒီဇင်ဘာ ၂၁

ဥရောပကော်မရှင်မှ  မြန်မာနိုင်ငံတွင် လူသားချင်း စာနာသော အထောက်အပံ့များ အပူတပြင်း လိုအပ်နေသည့် ရခိုင်နှင့်ကချင်ပြည်နယ်များရှိ ဒုက္ခသည်ပေါင်း နှစ်သိန်းခန့်အတွက် ယူရို ငါးသန်းခွဲ ထပ်မံထောက်ပံ့ လိုက်ကြောင်း ဘန်ကောက်မြို့အခြေစိုက် The Nation သတင်းစာတွင်ယနေ့ဖော်ပြထားသည်။

ဥရောပကော်မရှင်၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာထောက်ပံ့ရေးနှင့် ကပ်ဆိုက်မှု တုန့်ပြန်ရေးဌာန၏ မဟာမင်းကြီး Ms. Kristalina Georgieva မှအဆိုပါ ထောက်ပံ့ရေး အစီအစဉ်ကို ယနေ့ကြေညာလိုက်ခြင်းဖြစ်ပြီး၊ ထိုအစီအစဉ်တွင် အစားအသောက်များ၊ အခြေခံအိမ်သုံး ပစ္စည်းများ၊ ယာယီတဲများနှင့်ဒုက္ခသည်များကိုအကာအကွယ်ပေးရန်လိုအပ်သည်များပါဝင်သည်။ “ကျွန်မ စက်တင်ဘာ လသွားခဲ့တုန်းက ပြောင်းလဲနေတာတွေမြင်ခဲ့ရတယ်။ ပြောင်းလဲနေတဲ့တိုင်အောင်အကြမ်းဖက်မှုတွေကြောင့် လူပေါင်းမြောက်မြားစွာဒုက္ခရောက်နေရတယ်” ဟု Ms. Georgieva မှပြော သည်။

ရခိုင်ပြည်နယ်တွင် ဇွန်လနှင့်အောက်တိုဘာလတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် လူဦးရေ ၁၁၅,၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ပွားခဲ့ပြီး၊ ယခုအခါယာယီဒုက္ခစခန်းများတွင်နေထိုင်နေရသည်။ အကြမ်း ဖက်မှု များမဖြစ်ပွားမှီတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်နေထိုင်သူ ၆၁ရာခိုင်နှုန်းမှာ နေ့စဉ်စားဝတ်နေရေး လုံခြုံမှုကင်းမဲ့နေခဲ့ပြီး၊ လူဦးရေ ၃ သိန်းလျှင် ပျှမ်းမျှ ဆရာဝန်တစ်ဦးသာရှိနေသည်။ ထိုကဲ့သို့ဖြစ်နေရခြင်း မှာ အစိုးရအဖွဲ့အစည်းများ၏ တားဆီးပိတ်ပင်ခြင်းများကြောင့်သာဖြစ်သည်။

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့်ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး၊ အစိုးရမှ မထိန်းချုပ်နိုင်သည့်နေရာများသို့ လုံခြုံရေးအခြေအနေများ၊ ခရီးသွားလာခွင့်ကန့်သတ်ထားမှုတို့ကြောင့် ကုလသမဂ္ဂနှင့်အခြားသောအဖွဲ့အစည်းများ၏အထောက်အပံ့များလွယ်ကူစွာ မရောက်နိုင်ဘဲရှိနေသည်ဟု အဆိုပါသတင်းတွင်ရေးသားဖော်ပြထားသည်။

Comment ရေးရန်

Rohingya Exodus