နောက်ဆုံးသတင်း/ဆောင်းပါးများ

သန်းခေါင်စာရင်း၊ ရိုဟင်ဂျာနဲ့ ဦးခင်ရီ



အယ်ဒီတာ့အာဘော်
RB News
20.2.2014

လာမယ့်မတ်လ ၃၀ ရက်နေ့မှာ စတင်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာမှာ ရိုဟင်ဂျာ လူမျိုးများ အနေနဲ့ အဓိက အရေးကြီးဆုံး သိထားရမယ့် အချက် ၃ ချက်ရှိပါတယ်။ အဲဒါတွေကတော့ -

(၁) ကုဒ်နံပါတ် - ၉၁၄ ကိုရွေးချယ်ရန်
(၂) လူမျိုးနေရာမှာ - “ရိုဟင်ဂျာ” လို့မှန်မှန်ကန်ကန်ရေးရန်
(၃) ကိုးကွယ်သည့်ဘာသာနေရာမှာ - “အစ္စလာမ်” လို့မှန်မှန်ကန်ကန်ရေးရန် -- တို့ဖြစ်ပါတယ်။

အခြားမေးခွန်းတွေကို အမှန်အတိုင်းဖြေဖို့ တိုက်တွန်းပါတယ်။ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေအရ အခြားမေးခွန်းတွေကို မေးရခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဘဲဖြစ်ပြီး၊ အခွန်အခ ကောက်ခံဖို့ မဟုတ်ဘူးဆိုတာ အတိအလင်း ကြေညာထားပါတယ်။

သတိထားရမယ့် အချက်ကတော့ သန်းခေါင်စာရင်း ကောက်တဲ့အခါမှာ မိမိတို့ရဲ့ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကဒ်ပြား၊ ယာယီကဒ်ပြားနဲ့ အမျိုးသားမှတ်ပုံတင်တွေကို ပြဖို့မလိုအပ်ပါဘူး။

သန်းခေါင်စာရင်းမှာ လူမျိုးဖြည့်ရမှာနဲ့ ပတ်သက်ပြီး ပြောလိုပါတယ်။ လ.၀.က ၀န်ကြီး ဦးခင်ရီက ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စစ်တွေမြို့က ဒေသခံ ရိုဟင်ဂျာများနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ရိုဟင်ဂျာလို့ ဖြည့်ရင် ဖြစ်လာမယ့် ပြဿနာကို တာဝန်ယူရမယ်လို့ ခြိမ်းခြောက် ခဲ့ပါတယ်။ ဆိုလိုတဲ့ သဘောက ရိုဟင်ဂျာလို့ ဖြည့်ရင် ပြဿနာဖြစ်ကို ဖြစ်လိမ့်မယ်။ ဒါက ကြိုတင် ကြံစည်ထားမှန်း သိသာလွန်း နေပါတယ်။ အဲဒီလို ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်ပေါင်းများစွာ အကြောက်တရားတွေ ရင်ဝယ်ပိုက် နေရတဲ့ ရိုဟင်ဂျာ ပြည်သူတွေရဲ့ ရင်ထဲမှာ စိုးရွှံမှု အနည်းငယ် ၀င်လာတာကို လေ့လာ တွေ့ရှိ ရပါတယ်။

ဝန်ကြီး ဦးခင်ရီက နိုင်ငံတော်ဝန်ထမ်း တစ်ယောက် ဖြစ်ပါတယ်။ ဥပဒေ အထက်မှာ ဦးခင်ရီ မရှိပါဘူး။ သူ့ရဲ့နှုတ်က ပြောနေတာ အတည်လို့ မသတ်မှတ်ဘဲ ကျွန်တော်တို့ အနေနဲ့ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေနဲ့ အညီ ပါဝင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ၂၀၁၃ ဇူလိုင်လ ၂၉ ရက်နေ့မှာ အတည်ပြု ပြဌာန်း ထားတဲ့ လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်း ဥပဒေ ပုဒ်မ ၁၆ (ဂ) အရ ၀န်ကြီး ဦးခင်ရီ အနေနဲ့ မေးခွန်း ဖြေဆိုမည့်သူတွေကို မမှန်မကန် ဖြေဆိုရန် တိုက်တွန်းခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ သွေးဆောင် ဖြာယောင်းခြင်း ပြုလုပ်လို့ မရပါဘူး။ တကယ်လို့ ရိုဟင်ဂျာလို့ ဖြည့်စွက်ခြင်းက မမှန်ကန်ဘူးဆိုရင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ရိုဟင်ဂျာလူမျိုးလို့ ရေးသားပြီး တရားဝင် ထုတ်ပေးထားတဲ့ အိမ်ထောင်စုစာရင်း သောင်းနဲ့ချီပြီး ရခိုင်ပြည်နယ်တွင်းမှာ ရှိနေပါတယ်။ ရိုဟင်ဂျာ လူမျိုးဆိုတာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်က တရားဝင် တိုင်းရင်းသား လူမျိုးစု အဖြစ် ရပ်တည်ခဲ့တဲ့ လူမျိုးဖြစ်ပါတယ်။ ဦးခင်ရီ (သို့မဟုတ်) ပြည်ထောင်စု အစိုးရ (သို့မဟုတ်) ရခိုင်ပြည်နယ် အစိုးရက ရိုဟင်ဂျာကို အတင်းအဓမ္မ ဘင်္ဂလီလုပ်တဲ့ ခေတ်ကုန်သွားပါပြီ။ အရင်က နစက လုပ်သလိုမျိုး လုံးဝ (လုံးဝ) လုပ်လို့ရမှာ မဟုတ်တော့ဘူး ဆိုတာ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေက သက်သေ ဖြစ်ပါတယ်။

တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာ မပါဝင်ခြင်းက စစ်အာဏာရှင်များရဲ့ အလိုကျလုပ်ခဲ့လို့သာ ဖြစ်ပြီး၊ လာမယ့် သန်းခေါင်စာရင်း ကောက်ခံပွဲ အပြီးမှာ တိုင်းရင်းသား သတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းက ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဦးခင်ရီရဲ့ ပါးစပ်ကနေ သတ်မှတ်ရမှာ မဟုတ်ပါဘူး။ တိုင်းရင်းသား ၁၃၅ မျိုးရှိလေမလား၊ ဒါမှမဟုတ် ထပ်တိုးမလား၊ လျော့သွားမလား ဆိုတာ သန်းခေါင်စာရင်း ကောက်ပြီး နောက်ပိုင်း သိရမှာပါ။

အဲဒီတော့ အထက်မှာ ပြောခဲ့သလို အရေးကြီးဆုံး အချက် ၃ ချက်ကို မှန်ကန်စွာ ဖြည့်စွက်နိုင်ဖို့သာ အသင့်ပြင်ထားကြပါ။

သန်းခေါင်စာရင်း ကောက်ခံမယ့်သူတွေနဲ့ ပတ်သက်ပြီး၊ ဦးခင်ရီ ခြိမ်းခြောက်တာနဲ့ ဆက်စပ် တွေးမယ်ဆိုရင် ဦးခင်ရီ အနေနဲ့ သန်းခေါင်စာရင်း ကောက်ခံရာကနေ အကြမ်းဖက်မှု အသွင် ဖြစ်အောင် နောက်ကွယ်ကနေ ကြိုတင် ကြိုးကိုင် နေတယ်လို့ စွပ်စွဲလို့ရတဲ့ အနေအထားမှာ ရှိနေပါတယ်။

ရိုဟင်ဂျာ လူမျိုး များဟာ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း များနဲ့ နစကရဲ့ နှစ်စဉ် ဆွဲ၊တင်၊စစ်များကို ကြုံတွေ့ခဲ့ ရသူများ ဖြစ်ပါတယ်။ ရိုဟင်ဂျာလို့ အကြိမ်ကြိမ် ပြောပေမယ့်လည်း အစိုးရရဲ့ ပေါ်လစီအတိုင်း အတင်းအဓမ္မ ဘင်္ဂလီလို့ ဖြည့်စွက် မှတ်တမ်းတင် သွားတာကို အကြိမ်ကြိမ်ခံ ခဲ့ရပါတယ်။ အဲဒီတော့ ဒီတစ်ကြိမ်မှာ အဲဒီလို မဖြစ်ဖို့ အတွက် နိုင်ငံတော်အစိုးရ အနေနဲ့ ရိုဟင်ဂျာ လူမျိုးများကို သန်းခေါင်စာရင်း ကောက်ခံရာမှာ ကောက်ကွက် တစ်ခုကို စာရင်းစစ် ၅ ဦး ပါမယ် ဆိုရင် အနည်းဆုံး ၃ ဦးက ရိုဟင်ဂျာ လူငယ် များသာ ဖြစ်ဖို့ စီမံပေးရမှာပါ ဖြစ်ပါတယ်။ ဦးခင်ရီ အနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် သွေးထိုး လှုံ့ဆော်မှုတွေ ပြုလုပ်နေမယ့် အစား ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံပွဲကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အောင်မြင်စွာ ပြီးဆုံးဖို့ ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်။


RB - Rohingya Blogger ၀ိုင်းတော်သားများ

Comment ရေးရန်

Rohingya Exodus