နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ ရဲများနှင့် စရဖတို့က အပြစ်မဲ့များကို ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ်




RB News
26.3.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ ရဲစခန်းမှူးနှင့် နယ်ထိန်း ခေါင်းဆောင်၊ စရဖ တပ်ဆွယ်မှူး တို့သည် ဒေသခံ အများအပြားကို အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက် နှိပ်စက်ပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မျိုးနိုင်သည် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်အတူ အမှတ် (၁) အနောက် ရပ်ကွက်မှ ဦးမာမတ်အလီ (ဘ) ဦးဆူလေမန်၏ အိမ်ကို ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး တို့မပါဘဲ ၀င်ရောက်၍ ဦးမာမတ်အလီကို အကြောင်းမဲ့ ဖမ်းဆီး ခဲ့သည်။ ထို့နောက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ရောက်ရှိလာပြီး၊ ဦးမာမတ်အလီကို လွှတ်ပေးရန် ပြောဆို ခဲ့သော်လည်း ရဲများက မလွှတ်ပေးဘဲ ရဲစခန်းသို့ ခေါ်ဆောင် သွားပြီး ချုပ်နှောင်ထားကာ တစ်ညလုံး ရိုက်နှက် နှိပ်စက် ခဲ့ပြီး၊ မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင် ငွေကျပ် ၄ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ရဲစခန်းမှူး ဖြစ်သူ ရဲအုပ်မြတ်ထွေး ကလည်း သိမ်တောင် ကျေးရွာ အုပ်စု၊ အတွင်းငှက်သေ ကျေးရွာ၊ ကျောက်ဆိပ် ကျေးရွာ များသို့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးဖြင့် သွားရောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၂၀ ဦးကို ဖမ်းဆီး၍ ဘူးသီးတောင် မြို့နယ် ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ ဖမ်းဆီး ထားသူ ၂၀ ဦးထဲမှ ၄ ဦးကို ငွေညှစ်ပြီး ပြန်လည် လွှတ်ပေး ခဲ့သည်။ လွှတ်ပေးခဲ့သည့် ၄ ဦးထံမှ ငွေကျပ် ၂၇ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။ ရဲအုပ် မြတ်ထွေးသည် ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်းဆီး၍ မကြာခဏ ငွေညှစ်လေ့ ရှိပြီး၊ အထက် အာဏာပိုင် များကို တိုင်ကြားပါက ဖမ်းဆီး၍ ပုဒ်မ တစ်ခုခု တပ်၍ တရားစွဲဆိုပြီး ထောင်ကျအောင် ပြုလုပ် လေ့ရှိသည်ဟု ဒေသခံ များက ဆိုသည်။

ငွေညှစ်ခံရသူ ၄ ဦးမှာ --

(၁) ဦးအာမတ် (ဘ) ဘဇူရ်မျာ (သိမ်တောင်) ညှစ်ခံရသည့် ငွေ ၇ သိန်း
(၂) ဦးဆွေယာဒ်ဇာမာ (သိမ်တောင်) ညှစ်ခံရသည့် ငွေ ၅ သိန်း
(၃) ဦးဆလီမုလ္လာ (သိမ်တောင်) ညှစ်ခံရသည့် ငွေ ၈ သိန်း
(၄) မော်လ၀ီ ဘရှီးရ်အာမတ် (သိမ်တောင်) ညှစ်ခံရသည့် ငွေ ၇ သိန်း -- တို့ဖြစ်သည်။

မတ်လ ၂၅ ရက်နေ့ကပင် ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာအုပ်စု အခြေစိုက် စရဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်က မော်လ၀ီ ဦးအာရော်ဖုလ္လာ (ဘ) ဦးဟာရှိမ်း (အသက် ၄၀ နှစ်) ကို လူကုန်ကူးမှုတွင် ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ အဆိုပါ စရဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်သည် မကြာခဏ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်လေ့ ရှိသူ တစ်ဦး ဖြစ်ပြီး၊ ဗျူဟာမှူးဖြင့် တိုင်လျှင်လည်း ဂရုမစိုက်ဟု ခြိမ်းခြောက်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ရဲအုပ် မြတ်ထွေးနှင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး တို့သည် သေကံခွဆုံ ကျေးရွာ အုပ်စု၊ ခွဆုံ ရွာသို့ သွားရောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၁၁) ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ရဲအုပ်မြတ်ထွေးက အဆိုပါ (၁၁) ဦးကို ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင် ချုပ်နှောင် ထားပြီး ငွေညှစ်၍ ရမှသာ ပြန်လည် လွှတ်ပေးဖွယ် ရှိသည်ဟု ဒေသခံများက ဆိုသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးညီညီကလည်း လွန်ခဲ့သည့် နှစ်ပတ်ခန့်က ရွာသား အများအပြားကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ ရွာသားများက RB News သို့ ပြောပါသည်။

ဖမ်းဆီးခံရသည့် ခွဆုံကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ အပြစ်မဲ့ (၁၁) ဦးမှာ --

(၁) ဦးနူရ်ဆလာမ် (ဘ) ဦးနူးရ်မာမတ်
(၂) ဦးဆာလေ (ဘ) ဦးဆယာဒ်အာမတ်
(၃) ဦးဒိလ်မာမတ် (ဘ) ဦးအာမတ်ဟူစိန်း
(၄) ဒေါ်နူရူဘီဘီ (ဘ) ဦးဒလ္လာ
(၅) ဦးမိုဟာမတ်ဟာရှိမ်း (ဘ) ဦးကာဆိမ်း
(၆) ဒေါ်ဒိလ်ဒါရ်ဘေဂမ် (ဘ) ဦးဟာရှိမ်း
(၇) ဦးရာမ်ဇာန်အလီ (ဘ) ဦးအဒူဟူစိန်း
(၈) ဦးဟိုင်ဟူစိန်း (ဘ) ဦးအမီးရ်ဟာကိမ်း
(၉) ဦးရှော်ဖိတ် (ဘ) ဦးဇာဖောရ်
(၁၀) ဦးအယုဘ် (ဘ) ဦးအမီရုလ္လာ
(၁၁) ဦးရှောမ်ရှု (ဘ) ဦးနူးရ်မုစ်တာဖာ -- တို့ဖြစ်ပါသည်။

Comment ရေးရန်

Rohingya Exodus