နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲများက အမျိုးသမီးများ၏ လိင်အင်္ဂါများကို မီးရှို့၍ မဟုတ်မမှန် ၀န်ခံခိုင်း



MYARF
RB News
24.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဆင်သေပြင်ရွာနှင့် ဖန်မြောင်းရွာတို့ကို ရခိုင် အစွန်းရောက် အဖွဲ့မှ ဓာတု ပစ္စည်းများ သုံး၍ မီးရှို့ခဲ့ပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသမီး ၅ ဦးကို ဖမ်းဆီးပြီး ၎င်းတို့၏ လိင်အင်္ဂါများကို မီးရှို့၍ မဟုတ်မမှန် ၀န်ခံခိုင်း ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၁၀ ရက်နေ့က လောင်းဒုံး ကျေးရွာအုပ်စု ဆင်သေပြင် ကျေးရွာမှ မီးစတင် လောင်ကျွမ်း ခဲ့ပြီး၊ ပေ ၁၀၀ ကျော် ချောင်းခြားနေသည့် ငါးစားကြူး ကျေးရွာ အုပ်စု ဖန်မြောင်းရွာမှ အိမ်များလည်း မီးလောင်သွားခဲ့သည်။ မီးလောင်ခြင်းမှာ ပေါ့ဆမီးကြောင့် မဟုတ်ဘဲ၊ ရခိုင် အစွန်းရောက်များက ဓာတု ပစ္စည်းများဖြင့် စနစ်တကျ မီးရှို့ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့တွင် အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် သွားပြီး ကြိမ်ချောင်း ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့သည်။

တစ်ဖန် မတ်လ ၁၅ ရက်နေ့တွင်လည်း အဆိုပါ ကျေးရွာ နှစ်ခုတွင် ထပ်မံ၍ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး၊ အပြစ်မဲ့ အမျိုးသမီး ၄ ဦးကို ဖမ်းဆီး၍ ကြိမ်ချောင်း ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ပြီး၊ ဖမ်းဆီးခံရသည့် အမျိုးသမီး ၅ ဦး စလုံးကို ကိုယ့်အိမ်ကိုယ် မီးရှို့သည်ဟု အတင်း အဓမ္မ ၀န်ခံ ခိုင်းခဲ့ရာ၊ အမျိုးသမီးများက မဟုတ်မမှန်သည်ကို ၀န်မခံ နိုင်ကြောင်း ငြင်းဆန်သဖြင့် ရဲများက ဖယောင်းတိုင်မီးများဖြင့် အမျိုးသမီးများ၏ လိင်အင်္ဂါများကို မီးရှို့ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အမျိုးသမီး ၅ ဦးကို မတ်လ ၁၆ ရက်နေ့တွင် ကြိမ်ချောင်း ဆေးရုံသို့ ဆေးကုသရန် ပို့ခဲ့ပြီး၊ ဆေးရုံမှ ဆရာဝန် ဖြစ်သူ ဒေါက်တာ နုကေသီဇံက ရဲများကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်သဖြင့် ပြစ်တင်ဝေဖန် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

မတ်လ ၁၇ ရက်နေ့တွင် အမျိုးသမီး ၅ ဦးကို မောင်တောမြို့ တရားရုံးတွင် စစ်ဆေးခဲ့ပြီး၊ ကြိမ်ချောင်း ရဲစခန်းတွင် ဆက်လက် ချုပ်နှောင် ထားခဲ့သည်။ အမျိုးသမီးများထဲတွင် နို့စို့ ကလေး တစ်ဦး၏ မိခင် ပါသည့်အတွက် အဆိုပါ ကလေးကို ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ရဲစခန်းသို့ ခေါ်ယူခဲ့ကြောင်း သိရှိရသည်။ အမျိုးသမီးများတွင် အ၀တ်လဲရန် အ၀တ်အစား မရှိသဖြင့် ကြိမ်ချောင်းမှ စေတနာရှင် များက အ၀တ် ၃ စုံစီ ပေးခဲ့သည်။ ယခုအခါ အဆိုပါ အမျိုးသမီး ၅ ဦးကို မောင်တော ရဲစခန်းသို့ ခေါ်ယူလာပြီး ဆက်လက် ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus