နောက်ဆုံးသတင်း/ဆောင်းပါးများ

မလေးရှား သွားနေသည့် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦး မောင်တောမြို့တွင် လူမှောင်ခိုဂိုဏ်း၏ ရောင်းချခြင်းခံရ




MYARF
RB News
17.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ရွာမှ မလေးရှား နိုင်ငံသို့ စက်လှေဖြင့် သွားနေသည့် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို အာဏာပိုင်များနှင့် ၎င်းတို့၏ ပွဲစားများက မလေးရှားရှိ လူမှောင်ခိုဂိုဏ်းသို့ မောင်တောမြို့တွင် ရှိနေစဉ်ပင် ရောင်းချလိုက်ကြောင်း သတင်း ရရှိရပါသည်။

ဧပြီလ ၁၁ ရက်နေ့က မောင်တောမြို့နယ်၊ ကျီးကန်းပြင်ရွာမှ ဦးဆော်လီမုလ္လာ (ဘ) ဦးအဘူဆိုဖီယန် (အသက် ၃၂ နှစ်) သည် ၎င်း၏ ခယ်မဖြစ်သူ မယာစ်မိန် (ဘ) ဦးဟာဆောင်က မလေးရှား နိုင်ငံသို့ သွားလိုသဖြင့် အာဏာပိုင်များ၏ ပွဲစားများ ဖြစ်သော ကျောက်လှေကား ရွာမှ ဦးဒိလ်ဒါရ်နှင့် ဦးရော်ဖိတ် တို့ကို ပြောဆို၍ အပ်နှံခဲ့သည်။ ထိုပွဲစား နှစ်ဦးက သရက်အုပ်ရွာမှ ပွဲစားကြီးများ ဖြစ်သော --

(၁) ဦးဇာဖောရ် (ဘ) ဦးမာတူး (သရက်အုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး)
(၂) ဦးဆော်လီမုလ္လာ (ဘ) ဦးဆော်လာမတ်အုလ္လာ
(၃) ဦးမာဒုလ္လာ (ဘ) ဦးဆော်လာမတ်အုလ္လာ
(၄) ဦးမာဒုလ္လာ (ဘ) ဦးလာလူး -- တို့ထံ ထပ်ဆင့် အပ်နှံခဲ့ကြောင်း သိရှိရသည်။

သမီးဖြစ်သူ မလေးရှား နိုင်ငံသို့ သွားနေသည်ကို သိရှိသွားသော ဖခင် ဖြစ်သူ ဦးဟာဆောင်က စက်လှေခ ပေးထားသည့် ငွေကျပ် တစ်သိန်း နှစ်သောင်းကို အဆုံးခံမည်၊ သမီးကို ပြန်ပေးရန် ပွဲစားများထံမှ တောင်းခဲ့သော်လည်း အာဏာပိုင်များမှ ခွင့်မပြုဟု အကြောင်းပြ၍ ဖခင်ထံ ပြန်လည် မအပ်နှံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖခင်ဖြစ်သူ၏ လေ့လာစုံစမ်းမှု အရ ၎င်း၏ သမီးဖြစ်သူကို မလေးရှားရှိ ရှာကဲရ် ခေါင်းဆောင်သည့် လူမှောင်ခိုဂိုဏ်းသို့ ငွေကျပ် ရှစ်သိန်းဖြင့် ရောင်းချ ထားပြီး ဖြစ်သည့်အတွက် ပြန်လည်၍ မအပ်နှံခဲ့ကြောင်း သိရှိရပါသည်။ ဦးဟာဆောင်၏ သမီးဖြစ်သူနှင့် အခြားသော မလေးရှားနိုင်ငံသို့ ထွက်ခွာမည့်သူများကို ဧပြီလ ၁၄ ရက်နေ့ ညပိုင်းတွင် ဦးရှာလောမ် (ဘ) ဦးဟာဆူမျာနှင့် ဦးမိုဟာမတ်အာလမ် (ဘ) ဦးဆယာဒ်ဒုလ္လာ တို့၏ စက်လှေဖြင့် ဘင်္ဂလား ပင်လယ်အော်တွင် စောင့်ဆိုင်း နေသည့် သင်္ဘောသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ သင်္ဘောသည် ဘင်္ဂလား ပင်လယ်အော်မှ ယနေ့ ဧပြီလ ၁၇ ရက်နေ့ ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဧပြီလ ၁၄ ရက်နေ့က ထွက်ခွာသည့် စက်လှေပေါ်တွင် လိုက်ပါသူများထံမှ ပွဲစားများက ငွေကျပ် တစ်သိန်းနှစ်သောင်းစီ ယူခဲ့ရာ အာဏာပိုင်များက တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ စီယူခဲ့ပြီး၊ ကျန်ငွေများကို စက်လှေ ပိုင်ရှင်များနှင့် ပွဲစားများက ခွဲဝေယူခဲ့ကြောင်း သိရှိရပါသည်။

ပြည်ထောင်စု အစိုးရမှ ကျင့်သုံးနေသည့် လူမျိုးတုန်း သတ်ဖြတ်ရေး မူဝါဒအရ ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများကို နည်းလမ်းမျိုးစုံဖြင့် နိုင်ငံတွင်းမှ မောင်းထုတ်ရန် ဖြစ်သဖြင့်၊ ဒေသဆိုင်ရာ အာဏာပိုင်များ ကိုယ်တိုင် ထိုင်းနိုင်ငံမှ သင်္ဘော ပိုင်ရှင်များနှင့် ပူးပေါင်း၍ အကျိုးတူ စီးပွား အနေဖြင့် လူကုန်ကူးမှု လုပ်ငန်းကို လုပ်ကိုင်လျက် ရှိသည်မှာ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ ဖြစ်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များက ၎င်းတို့နှင့် အကျိုးတူ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် နေသည့် ဒေသခံများကို ပွဲစားများ အဖြစ် ထားရှိ၍ လူကုန်ကူးမှုလုပ်ငန်းကို မောင်တောမြို့တွင် အခြေစိုက်၍ လုပ်ကိုင် နေခြင်း ဖြစ်ပြီး၊ ထိုင်းနိုင်ငံမှ လာသည့် သင်္ဘောများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စိန့်မာတင်ကျွန်း အနီးတွင် စောင့်ဆိုင်းပြီး၊ မောင်တောမြို့နယ် မြင်းလွတ်ရွာနှင့် အလယ်သံကျော် ကျေးရွာ တို့မှ တဆင့် စက်လှေငယ်များဖြင့် ပို့ဆောင်ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus