နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ရဲစခန်းမှ ရဲအုပ်မြတ်ထွေး၏ အမိန့်ဖြင့် ဖရုံချောင်းတွင် ငွေညှစ်




MYARF
RB News
22.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ရဲအုပ်မြတ်ထွေး၏ အမိန့်ဖြင့် ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် ဖရုံချောင်း ကျေးရွာ အုပ်စု ပျဉ်တောင်ရွာမှ ဦးဆော်လိမ် (ဘ) ဦးအီမာန်ဟူစိန်းကို ဒေသခံများထံ စေလွှတ်၍ ဘူးသီးတောင် ရဲစခန်းမှ ရဲအုပ်မြတ်ထွေး၏ အမိန့်အရဟု ဆိုကာ အကြောင်းမဲ့ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဧပြီလ (၅) ရက်နေ့တွင် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ပျဉ်တောင်ရွာမှ ဦးမိုဟာမတ် ဆောယာဒ် (ဘ) ဦးခေါ်လီမုလ္လာ (အသက် ၄၀ နှစ်) ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း၊ ဧပြီလ (၁၇) ရက်နေ့တွင် ပျဉ်တောင်ရွာမှ ဦးဆိဒိတ် (ဘ) ဦးဟူစိန်ဂျူဟာရ် (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် နှစ်သောင်းနှင့် ဦးအဘူဆိဒိတ် (ဘ) ဦးအာဇီရာမန် (အသက် ၅၀ နှစ်) ထံမှ ငွေကျပ် ငါးသောင်းကို ရဲအုပ်မြတ်ထွေး၏ အမိန့်အရ ဟုဆိုကာ အကြောင်းမဲ့ ညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

ဖရုံချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် ပျဉ်တောင်ရွာမှ ဦးဆော်လိမ်ကို အသုံးချ၍ ဒေသခံများထံမှ ရဲအုပ်မြတ်ထွေး၏ အမိန့်အရ ဆိုကာ မကြာခဏ ငွေညှစ်လေ့ရှိပြီး၊ ဒေသခံများက မပေးချင်သော်လည်း ရဲအုပ်မြတ်ထွေး၏ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်မှု များကို စိုးရိမ်၍ ပေးနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus