နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့နယ်မှ ငွေညှစ်၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုများ




RB News
24.4.2014

ဘူးသီးတောင် ။ ။ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြို့သူကြီး ရပ်ကွက်မှ ငါးအရောင်း အ၀ယ် ကိစ္စဖြင့် ဘူးသီးတောင်သို့ အမြဲတစေ လာရောက်သည့် ဦးရှော်ဘိရ်အာမတ် (ဘ) ဦးဆယာဒ်အာမတ်ကို ဘူးသီးတောင်မြို့နယ် အနောက်ရပ်ကွက်တွင် ဘူးသီးတောင် မြို့နယ်မှ လ.၀.က အရာရှိ ဦးထွန်းထွန်းနိုင်က ခရီးသွားလာခွင့် လက်မှတ် (ပုံစံ ၄) ကို စစ်ဆေးခဲ့သည်။ ဦးရှော်ဘိရ်အာမတ်တွင် ပုံစံ ၄ ရှိသော်လည်း ဦးထွန်းထွန်းနိုင်က အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘူးသီးတောင်မြို့နယ် အုပ်တောင် ကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၅၆၄) တပ်ရင်းမှ ဒုတပ်ကြပ် ကာစီသည် လမ်းမှ ဖြတ်သန်း သွားလာသည့် ဒေသခံရိုဟင်ဂျာ များကို အကြောင်းမဲ့ ရိုက်နှက်လျက် ရှိသည်မှာ တစ်ပတ်ခန့် ရှိပြီး ဖြစ်ကြောင်း သိရှိရပါသည်။ လွန်ခဲ့သည့် အပတ်က တက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်သည့် အာမီးရ်အာမတ် (အသက် ၂၂ နှစ်) နှင့် အပေါင်းအပါ လူငယ် (၄) ဦးကို အုပ်တောင် ကျေးရွာ လမ်းမမှ ဖြတ်သန်း သွားစဉ်က အဆိုပါ ဒုတပ်ကြပ် ကာစီက လူမဆန်စွာ ရိုက်နှက်ခဲ့ရာ အာမီးရ်အာမတ်၏ ဦးခေါင်းကွဲခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အုပ်တောင် ကျေးရွာရှိ လယ်ယာမြေများမှာ ဒေသခံ ရိုဟင်ဂျာများ၏ ဘိုးဘွားပိုင်မြေများ ဖြစ်ပြီး ယခင်က နေ့စဉ် မိမိတို့၏ လယ်မြေများသို့ သွားရောက်၍ လုပ်ကိုင်နိုင်ခဲ့သော်လည်း ယခုအခါ ဒုတပ်ကြပ် ကာစီ၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် သွားလာရန်ပင် ခက်ခဲနေသည်ဟု ဆိုသည်။ ဒေသခံများက အမှတ် (၅၆၄) တပ်ရင်းမှူးကို တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ ဒုတပ်ကြပ်ကာစီ၏ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုကို မကျေနပ်သည့် အခြားရွာများမှ အုပ်ချုပ်ရေးမှူး များပင် အထက် အာဏာပိုင်များထံ တိုင်ကြားရန် စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။

ဧပြီလ (၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက သမီးဖြစ်သူ၏ မင်္ဂလာပွဲ စီစဉ်နေသော ဦးအဘူလ်ဘာဆဲရ် (ဘ) ဦးအာဇီရာမန် (အသက် ၅၃ နှစ်) ထံ ရာအိမ်မှူး ဖြစ်သူ ဦးဆော်လိမ် (ဘ) ဦးအီမာန်ဟူစိန်းကို စေလွှတ်၍ မင်္ဂလာပွဲ ကျင်းပနေသည့် အတွက် ငွေကျပ် ၅ သောင်း တောင်းခိုင်းခဲ့သည်။ ငွေကျပ် ၅ သောင်း မပေးပါက ပုဒ်မ ၁၄၄ နှင့် ငြိစွန်းသည်ဟု ဆိုကာ တရားစွဲဆိုမည်ဟု ရာအိမ်မှူးကို ခြိမ်းခြောက်ခိုင်း ခဲ့သဖြင့် မင်္ဂလာပွဲ စီစဉ်နေသူ ဦးအဘူလ်ဘာဆဲရ်မှ နောက်ဆုံးတွင် ငွေကျပ် ၂ သောင်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus