နောက်ဆုံးသတင်း/ဆောင်းပါးများ

လ.၀.က ဒုဝန်ကြီးနှင့် အဖွဲ့၏ ၉၁၄ ဘေး ကွက်လပ်ထားရေး ခရီးစဉ် မအောင်မြင်




RB News
27.4.2014

မောင်တော ။ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးဝင်းမြင့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းမှ စ၍ ဘူးသီးတောင်နှင့် မောင်တော မြို့နယ် များရှိ ဒေသခံ ရိုဟင်ဂျာ များနှင့် တွေ့ဆုံ၍ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုး အမည်ကို ကွက်လပ် ထားရန် ဒေသခံများကို စည်းရုံး ခဲ့သော်လည်း မအောင်မြင် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်တွင် ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ ၅၀ ဦးကို လ.၀.က ဒုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က တွေ့ဆုံ၍ လူမျိုး အမည်ကို ကွက်လပ် ထားရန် ဒေသခံများကို စည်းရုံး ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ညနေ ၄ နာရီ အချိန်တွင် လ.၀.က ဒုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်သည့် အဖွဲ့သည် မောင်တောမြို့နယ်သို့ ရောက်ရှိပြီး ရပ်ကွက် ၅ ခုမှ ရပ်မိရပ်ဖ ၅၀ ဦးနှင့် တွေ့ဆုံခဲ့သည်။

ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ခံပြီးပြီ ဖြစ်ကြောင်း၊ ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များသာ ကျန်ရှိနေကြောင်း၊ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များကို ၉၁၄ ဘေးတွင် ကွက်လပ်ချန်၍ ကောက်ခံ သွားမည့် အကြောင်းကို ယခင် ခရီးစဉ်တွင် စာမူကြမ်းပါ ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အကယ်၍ သန်းခေါင်စာရင်းကို အကောက်မခံ ပါက ဒေသ ဖွံ့ဖြိုးရေး များတွင် ကျန်နေမည် ဖြစ်ကြောင်း၊ အကောက် မခံပါကလည်း သန်းခေါင်စာရင်း အောင်မြင်စွာ ပြီးဆုံး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုဝန်ကြီး ဦးဝင်းမြင့်က သန်းခေါင်စာရင်းသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် မသက်ဆိုင်ကြောင်း၊ နိုင်ငံတကာ စံနှုန်းနှင့် အညီ ကောက်ခံ နေခြင်း ဖြစ်ကြောင်း အစိုးရ ဘက်မှ ဒီထက် အလျှော့ပေးမည် မဟုတ်ကြောင်း၊ ယခု တစ်ကြိမ် လာရောက် ဆွေးနွေးခြင်းသည် နောက်ဆုံး အကြိမ်ဖြစ်ကြောင်း၊ ၉၁၄ ဘေးတွင် ကွက်လပ် ထား၍ ဖြေမည် ဆိုလျှင် အကျိုး ရှိမည် ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် ဥပဒေနှင့် အညီ နိုင်ငံသား ရသင့်သူ အချို့ကို နိုင်ငံသား ကဒ်များ ထုတ်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးမောင်စံရွှေက ဤဒေသတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင် ပေးထားပြီး ဖြစ်ကြောင်း၊ လမ်း၊ တံတား၊ ဆေးရုံ၊ ရေကန်များ၊ ကျောင်းများ တည်ဆောက် ပေးထားပြီး ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုသူများ ဆွေးနွေးနိုင်ကြောင်း ပြောဆို၍ ဖိတ်ခေါ်ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ညွန်ချုပ် ဦးမောင်မောင်သန်းက ပေးခဲ့သည့် စာမူကြမ်းကို ပြည်သူများကို ချပြခဲ့ပြီး ပြည်သူများ၏ သဘော ဆန္ဒကို တောင်းခံခဲ့ကြောင်း၊ မိမိသည် ပြည်သူများ၏ ကိုယ်စားလှယ် ဖြစ်သောကြောင့် ပြည်သူများ၏ သဘော ဆန္ဒကို တင်ပြရလျှင် မိမိတို့သည် နိုင်ငံတော်၏ စေတနာကို တန်ဖိုးထားကြောင်း၊ သန်းခေါင်စာရင်း ကိုလည်း ဥပဒေနှင့် အညီ ပါဝင်ရန် အသင့်ရှိနေကြောင်း၊ မိမိတို့သည် ရှေးယခင် ကတည်းက ဤနိုင်ငံတွင် တိုင်းရင်းသားများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုး နည်းတူ သန်းခေါင်စာရင်းတွင် ပါဝင်လိုကြောင်း၊ မိမိတို့၏ လူမျိုး အမည်ကို မိမိတို့ သဘော ဆန္ဒအတိုင်း ပြောဆိုနိုင်သည်ဟု ဥပဒေ ပြဌာန်း ထားသည့် အတွက် မိမိတို့၏ လူမျိုး အမည်ကို ကွက်လပ် ချန်မထားဘဲ မေးခွန်း ၄၁ ချက်လုံးကို ပြည့်ပြည့်၀၀ ဖြေဆိုနိုင်ရန် နိုင်ငံတော် အကြီးအကဲ များက ကူညီပေးရန် တောင်းဆိုကြောင်း၊ နိုင်ငံတကာ စံနှုန်းကို လိုက်နာပြီး သန်းခေါင်စာရင်းတွင် မိမိတို့၏ လူမျိုးကို လွတ်လပ်စွာ ရေးသားခွင့် ပြုမည်ဟု မျှော်လင့်ကြောင်း၊ အများပြည်သူများ နည်းတူ ရေးသားနိုင်ရန် နိုင်ငံတော် အကြီးအကဲများက ခွင့်ပြုပေးရန် လေးနက်စွာ တောင်းဆိုကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးကျော်မင်းက ၉၁၄ ဘေးတွင် ကွက်လပ်ထား၍ သန်းခေါင်စာရင်း ကောက်ခံမည်ကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း၊ မိမိတို့၏ လူမျိုး အမည်ကို ရေးသားခွင့် ပေးမှသာ ပါဝင်ကြမည် ဖြစ်ကြောင်း တင်ပြခဲ့သည်။

ဒုဝန်ကြီး ဦးဝင်းမြင့်က အစိုးရမှ ထပ်မံ၍ အလျှော့ပေးမည် မဟုတ်သဖြင့် မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ကြားရန် ပြောကြားပြီး တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဘူးသီးတောင် မြို့နယ်တွင်လည်း ပြည်နယ် လွှတ်တော် အမတ် ဒေါက်တာ ဘရှီရ်အာမတ်က အလားတူ ဆွေးနွေးခဲ့ပြီး၊ ရပ်မိရပ်ဖ ၆ ဦးက ၎င်းတို့ အနေဖြင့် နိုင်ငံတကာ စံနှုန်းနှင့် အညီ မိမိတို့၏ လူမျိုး အမည်ကို ရေးခွင့် ပေးပါက ဖြေဆိုရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။

ဒုဝန်ကြီး ဦးဝင်းမြင့်က မေလ ၅ ရက်နေ့ထိ စဉ်းစားရန် အချိန်ပေးခဲ့သော်လည်း မိမိတို့ အနေဖြင့် စဉ်းစားရန် လိုအပ်မှာ မဟုတ်ဘဲ အချိန်တိုင်းတွင် အဖြေတစ်မျိုးသာ ဖြေဆိုရန် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus