နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့နယ် အလယ်ချောင်းတွင် ဒုချီးရားတန်းကဲ့သို့ ဖြစ်ပွားလျက်ရှိ




RB News
30.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အလယ်ချောင်း ကျေးရွာ၏ အခြေအနေမှာ အလွန် ဆိုးရွားလျက် ရှိပြီး၊ ဖြစ်ပွားသွားခဲ့သည့် ဖြစ်စဉ်များသည် ဒုချီးရားတန်းကဲ့သို့ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက် အာရုဏ်တက် အချိန်တွင် ဘူးသီးတောင်မြို့နယ် အလယ်ချောင်း ကျေးရွာ အုပ်စု၊ လသာရွာမှ ရိုဟင်ဂျာ မောင်နှမ နှစ်ဦးသည် ဘူးသီးတောင်မြို့သို့ သွားရန် ဆိုင်ကယ် တက္ကစီ စောင့်ဆိုင်း နေစဉ် ရွာ၏ တောင်ဘက်မှ ဆိုင်ကယ် တစ်စီး လာသည်ကို အော်ဟစ်၍ လှမ်းတားခဲ့သည်။ ဆိုင်ကယ် တက္ကစီ သမားသည် ရခိုင် လူမျိုး တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ ဆိုင်ကယ်ကို တား၍ စီးရန် ကြိုးစားသည့် အတွက် ဒေါသထွက်ကာ အဆိုပါ မောင်နှမ နှစ်ဦးကို ထိုနေရာတွင် မညှာမတာ ရိုက်နှက်ခဲ့သည်။

ထို့နောက် အဆိုပါ ဆိုင်ကယ် တက္ကစီ သမားသည် ဘူးသီးတောင်မြို့ မြို့မရဲစခန်းသို့ သွား၍ ကုလားများက ရခိုင်များကို လမ်းတွင် သတ်ဖြတ်ရန် ကြိုးစားသည်ဟု ဆိုကာ လီဆယ်၍ တိုင်ကြားခဲ့သည်။ ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ရန် အမြဲစောင့်စား နေသည့် ဘူးသီးတောင် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄၀ ဦးခန့်သည် အဆိုပါ ရွာသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများကို ထိုးကြိတ် ကန်ကျောက် ရိုက်နှက်ကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမာလဲခ်ဟူစိန်း အပါအ၀င် နို့စို့မိခင်၊ အမျိုးသမီးများ၊ အမျိုးသားများ စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီး​ခေါ်ဆောင်လာပြီး ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အချုပ်ခန်းထဲတွင် ဖမ်းဆီး ခေါ်ဆောင် လာသူများကို သေလုမျောပါး ရိုက်နှက်၍ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ထို့အပြင် ဧပြီလ (၂၉) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ရခိုင် အစွန်းရောက်များနှင့် ပူးပေါင်း၍ အဆိုပါရွာသို့ ၀င်ရောက် စီးနင်းပြီး၊ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ဒေသခံရိုဟင်ဂျာ များကို ရိုက်နှက်ခြင်း၊ ပစ္စည်း ဥစ္စာများ လုယက်ခြင်း၊ အမျိုးသမီးများကို စော်ကားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ ရိုက်နှက် အကြမ်းဖက်မှုများကြောင့် ဒေသခံ ရိုဟင်ဂျာ ရွာသားများ မိမိတို့၏ နေအိမ်များကို စွန့်ခွာ၍ ထွက်ပြေး နေရပြီး၊ ရက်စက်စွာ ရိုက်နှက်မှုကြောင့် ၁၃ နှစ် အရွယ် ကလေး တစ်ဦးနှင့် အခြား ရွာသား တစ်ဦးတို့ သေလုမျောပါး ဖြစ်နေရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဘူးသီးတောင်မြို့နယ် အလယ်ချောင်း ကျေးရွာ၏ အခြေအနေမှာ မောင်တောမြို့နယ် ဒုချီးရားတန်း၏ အခြေအနေနှင့် အလား သဏ္ဍန်တူလျက် ရှိပြီး၊ လ.၀.က ဒု-၀န်ကြီး ဦးဝင်းမြင့်နှင့် ကိုယ်စားလှယ် အဖွဲ့ကို သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး ငြင်းဆိုခဲ့ခြင်း အတွက် ယခုကဲ့သို့ တုန့်ပြန်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။

ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင် များသည် ရခိုင် အစွန်းရောက်များက ရိုဟင်ဂျာများကို သတ်ဖြတ်လျှင်ပင် မည်သို့မှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသော်လည်း ရိုဟင်ဂျာ တစ်ဦး တစ်ယောက်က ရခိုင် လူမျိုး တစ်ဦးကို အပြော အဆိုမှားလျှင်ပင် ပုဒ်မကြီး တပ်၍ ရိုက်နှက် နှိပ်စက်၍ အရေးယူ လျက်ရှိသည်။

ဒေသတွင်း တည်ငြိမ် အေးချမ်းရေး ပျက်ပြားအောင် ပြုလုပ်နေသူ များမှာ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပြီး၊ အကြောင်း တစ်ခုခု ဖန်တီး၍ ရိုဟင်ဂျာ လူမျိုးများကို ရိုက်နှက် နှိပ်ကွပ်လျက် ရှိနေသဖြင့် ရိုဟင်ဂျာ လူမျိုးများ၏ ဘ၀များ လုံခြုံမှု ကင်းမဲ့လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus