နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြားမြို့မှ လူငယ် (၆) ဦးကို ရခိုင် အစွန်းရောက်များ လူမဆန်စွာ ရိုက်နှက်၍ ငွေညှစ်

ရိုက်ခံရသည့် လူငယ် ၆ ဦးမှ (၄) ဦး



RB News
29.4.2014

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ရိုဟင်ဂျာ လူငယ် (၆) ဦးကို ရခိုင် အစွန်းရောက် များက လူမဆန်စွာ ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မင်းပြားမြို့နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများမှာ အဖက်ဖက်မှ ပိတ်ဆို့ခံထားရသောကြောင့် စားဝတ်နေရေးနှင့် အခြားသော အရေးများ အားလုံး အတွက် ခက်ခဲမှုများစွာကို ရင်ဆိုင် နေရပါသည်။ ကင်းဆိပ် ကျေးရွာ အုပ်စု၊ ပိုက်သည်ရွာမှ ရိုဟင်ဂျာ လူငယ် (၆) ဦးသည် ဧပြီလ (၂၇) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် အခြားသော ရိုဟင်ဂျာ ရွာသို့ သွားရောက်၍ ပစ္စည်းများ လှည့်လည် ရောင်းချရန် သွားနေစဉ် ခေါင်းလောင်း ရွာဟောင်းမှ ရခိုင် အစွန်းရောက် များက ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

ရခိုင် အစွန်းရောက်များ ဖမ်းဆီးထားသည့် ရိုဟင်ဂျာ လူငယ် (၆) ဦးကို ကင်းဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်က ပြန်လည် လွှတ်ပေးရန် ညှိနှိုင်းခဲ့ရာ ငွေကျပ် တစ်သိန်း ငါးသောင်း ပေးမှသာ ပြန်လည် လွှတ်ပေးမည်ဟု အကျပ်ကိုင်သောကြောင့် ဒေသခံ ရွာသားများက ငွေကျပ် တစ်သိန်းငါးသောင်း ပေးခဲ့ရပြီး၊ ဧပြီလ (၂၈) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် (၃) ဦးက အဆိုပါ လူငယ် (၆) ဦးကို ပိုက်သည်ရွာသို့ လာပို့ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မင်းပြားမြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာ များသည် ရိုဟင်ဂျာများ နေထိုင်သည့် ရွာတစ်ရွာမှ နောက်တစ်ရွာသို့ နေ့ဘက် အချိန်သွားလျှင် ရခိုင် အစွန်းရောက်များ၏ တိုက်ခိုက်ခြင်းကို ခံရသဖြင့် ညသန်းခေါင်ယံ အချိန်တွင် သွားလာ နေသည့်ကြားမှ ယခုကဲ့သို့ ဖမ်းဆီးခံရပြီး လူမဆန်စွာ ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

ရိုက်နှက်ခံရသည့် လူငယ် (၆) ဦးအနက် (၅) ဦး၏ အမည်များမှာ --

(၁) အာလမ်ဘာရှာ (ဘ) ဦးအာချူ (အသက် ၂၅ နှစ်)
(၂) မာမတ်အီနုစ် (ဘ) ဦးဒီလူး (အသက် ၂၃ နှစ်)
(၃) မာမတ်ဒုလ္လာ (ဘ) ဦးနူရ်အာမီးန် (အသက် ၂၀ နှစ်)
(၄) ညီညီ (ဘ) ဦးဇော်ရိဖ် (အသက် ၂၂ နှစ်)
(၅) မာမတ်ဟာဆောင် (ဘ) ဦးမာမတ် (အသက် ၁၄ နှစ်) -- တို့ ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus