နောက်ဆုံးသတင်း/ဆောင်းပါးများ

သားသတ်လိုင်စင် အတွက် စည်ပင်ဦးစီးမှူးကို သိန်းတစ်ရာ ပေးရသည့် အပြင် လစဉ်ကြေး ပေးရန်ပြော




Rohingya Eye
RB News
14.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် စည်ပင်သာယာမှ သားသတ်လိုင်စင် များကို လေလံတင် ရောင်းချ ခဲ့ပြီး၊ စည်ပင်သာယာ ဦးစီးမှူးကို သားသတ် လိုင်စင် အတွက် ငွေကျပ် သိန်းတစ်ရာ ပေးရသည့် အပြင် လစဉ်ကြေး ပေးရန်လည်း ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ သားသတ်လိုင်စင်၊ သားငါး လိုင်စင်များကို ဧပြီလ (၁) ရက်နေ့က လေလံတင် ရောင်းချ ခဲ့သည်။ မောင်တောမြို့နယ် စည်ပင်သာယာရေး ဦးစီးမှူး ဦးမောင်တင်ဦးသည် ရခိုင် လူမျိုး တစ်ဦး ဖြစ်ပြီး၊ သားငါး လိုင်စင်ကို ဦးစံရွှေကို ချပေးခဲ့၍၊ သားသတ်လိုင်စင်ကို ဦးမူတူဗီစ် (ခ) ဦးမောင်မောင်စိန်ကို ချပေးခဲ့သည်။ သားသတ် လိုင်စင် ရရှိရေး အတွက် ဦးမူတူဗီစ်က စည်/ပင် ဦးစီးမှူး ဦးမောင်တင်ဦးကို ငွေကျပ် သိန်းတစ်ရာ လာဘ်ငွေ အဖြစ် ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် စည်/ပင် ဦးစီးမှူး ဦးမောင်တင်ဦးက ၎င်းကို လစဉ် ငွေကျပ် နှစ်သိန်း တစ်သောင်း ပေးရမည်ဟု ပြောဆို ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ လစဉ်ကြေး နှစ်သိန်း တစ်သောင်းကို လိုင်စင်စီခွဲ (၈) ဦးမှ လစဉ် ခွဲဝေ ပေးရမည် ဖြစ်ပြီး၊ (၄) ဦးမှာ ရိုဟင်ဂျာ လူမျိုးဖြစ်ပြီး၊ ကျန် (၄) ဦးမှာ ရခိုင်လူမျိုး ဖြစ်သည်။ ရိုဟင်ဂျာ (၄) ဦးမှ လစဉ် တစ်သိန်း နှစ်သောင်း ငါးထောင် ပေးရမည် ဖြစ်သည်။ အဆိုပါ (၄) ဦးမှာ --

(၁) ဦးကာဆိမ်း (မြို့မ ကညင်တန်း ဈေးမှ) -- လစဉ် ငွေကျပ် လေးသောင်း
(၂) ဦးဂျမာလ် (ရပ်ကွက် ၅ ငါးဈေးမှ) -- လစဉ် ငွေကျပ် သုံးသောင်း ငါးထောင်
(၃) ဦးရော်ရှိတ်ဒုလ္လာ (ရပ်ကွက် ၅ ငါးဈေးမှ) -- လစဉ် ငွေကျပ် သုံးသောင်း
(၄) ဦးမာမတ်ခါန် (ရပ်ကွက် ၂ ကြက်ဈေးမှ) -- လစဉ် ငွေကျပ် နှစ်သောင်း -- တို့ဖြစ်သည်။

ယခုကဲ့သို့ ယခင် စစ်အစိုးရ လက်ထက်က မ.ယ.က ဥက္ကဌနှင့် စ.ရ.ဖ တပ်ဖွဲ့ရုံး များသို့ ပေးခဲ့ရသော်လည်း ယခု အစိုးရ တက်လာပြီး နောက်ပိုင်းတွင် ရပ်တန့် သွားခဲ့သည်။ ယခု တစ်ဖန် အာဏာရှင် စနစ်ဟောင်း၏ လမ်းစဉ်ဟောင်း အတိုင်း ပြန်လည် အသက်သွင်း လာခြင်း ဖြစ်သည်။ နိုင်ငံတော် အစိုးရက သန့်ရှင်းသည့် အစိုးရဟု ပြောဆိုလျက် ရှိသော်လည်း အောက်ခြေ အရာရှိများက ၎င်းတို့၏ အလိုကျ ပြုလုပ်လျက် ရှိသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အတွက် နယ်ပိုင်းမှ ရွာသားများ မြို့ပေါ်သို့ လာရောက်၍ ဈေးဝယ်ခြင်း နည်းပါးသောကြောင့် စီးပွားရေး သမားများမှာ ယခင်ကဲ့သို့ စီးပွားရေး အဆင် မပြေခြင်းနှင့် ရင်ဆိုင် နေရသည်။ လိုင်စင်စီ သမားများက လစဉ် ပုံမှန် ပေးရမည် ဖြစ်သောကြောင့် စီးပွား ပိုမို ထိခိုက်မည်ကို စိုးရိမ်လျက် ရှိကြသည်။

Comment ရေးရန်

Rohingya Exodus