နောက်ဆုံးသတင်း/ဆောင်းပါးများ

ခရိုင် ဒုစရိုက်နှိမ်နင်းရေး ရဲများက အကြောင်းမဲ့ ငွေညှစ်၍ ဒေသခံများကို ဒုက္ခ ပေးလျက်ရှိ






Rohingya Eye
RB News
14.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေစိုက် ခရိုင် ဒုစရိုက် နှိမ်နင်းရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာများထံမှ အကြောင်းမဲ့ ငွေညှစ်၍ ဒေသခံများကို ဒုက္ခ ပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင် ဒုစရိုက် နှိမ်နင်းရေး အဖွဲ့မှ တာဝန်ခံ ရဲအုပ် သောင်းထွန်း၊ တပ်ကြပ်ကြီး လှမြင့်နှင့် တပ်ကြပ် မောင်ချေ (ခ) သန်းထွန်းတို့သည် မောင်တော ရဲစခန်းတွင် သက်တမ်း အရှည်ဆုံး တာဝန် ထမ်းဆောင် နေသူများ ဖြစ်ကြသည်။ ဒေသခံ ရိုဟင်ဂျာ များထံမှ မတရား သဖြင့် ငွေညှစ်၍ အချမ်းသာဆုံး ဖြစ်နေသူများ ဖြစ်သည်။ ၎င်းတို့က အာဏာ အလွှဲသုံးစားလုပ်၍ ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ် နေသည်ကို မီဒီယာတွင် အကြိမ်များစွာ ဖော်ပြခဲ့သော်လည်း အာဏာပိုင်များက အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသည်မှာ အထက် အာဏာပိုင်များကို လာဘ်ထိုး ထားသည့် အတွက် ဖြစ်ကြောင်းကို လေ့လာ သိရှိရပါသည်။

အဆိုပါ ရဲသုံးဦးသည် ယခင်လကလည်း ဒေသခံ ရိုဟင်ဂျာများကို မဟုတ်မမှန်များ ပြော၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

“မင်းတို့ အတွက် တိုင်ချက်ဖွင့်ထားတာ ရှိတယ်။ မင်းတို့ တရားမ၀င် အလုပ်လုပ်နေတယ်။ မင်းတို့မှာ စီးပွားရေး အဆင်ပြေ နေတဲ့ အတွက် ငါတို့ကို ပေးရမယ်။ -- အဲဒီလို ပြောပြီး ငွေညှစ်တယ်။ မပေးနိုင်ဘူး ငြင်းတဲ့လူတွေကို ငါတို့ကို အစိုးရက တရားဝင် ခွင့်ပြုထားတဲ့ ဒမြတွေ ပေးကိုပေးရမယ်လို့ အတင်း အဓမ္မလုပ်ပြီး ငွေညှစ်တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယခုရက်ပိုင်း အတွင်း ငွေညှစ်ခံရသူ များမှာ --

(၁) ဦးအာယာစ် (ဘ) ဦးဟာဘီ (အသက် ၃၅ နှစ်) – (ညှစ်ခံရသည့်ငွေ ၇ သောင်း) -- အမှတ် (၂) ရပ်ကွက်မှ
(၂) ဦးအီလီယာစ် (အသက် ၃၅ နှစ်) – (ညှစ်ခံရသည့်ငွေ ၃ သောင်း) -- ရွှေဇားမှ
(၃) ဦးမောင်နီ (ဘ) ဦးဂေါ်ဖော်ရ် (အသက် ၅၀ နှစ်) – (ညှစ်ခံရသည့် ငွေ ၁ သောင်း၊ စားကုန်ဆိုင်မှ ပစ္စည်းမျိုးစုံကို ရဲများယူသွား) -- အမှတ် (၂) ရပ်ကွက်မှ
(၄) ဦးဇော်ဟိရ်အာမတ် (ဘ) ဦးရော်ရှိတ် (အသက် ၄၅ နှစ်) – (ပုံမှန် လစဉ် တစ်သောင်းကျပ်စီ ပေးနေရ) -- တို့ဖြစ်သည်။

အထက်ပါ ရဲများသည် ၎င်းတို့ မတရားသဖြင့် ညှစ်ယူသည့် ငွေများထဲမှ ခရိုင်ရဲမှူးကြီး ဦးရွှေသိန်းကို သုံးပုံ တစ်ပုံ ခွဲတမ်း ပေးသည့် အတွက် အရေးယူ ဆောင်ရွက်ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus