နောက်ဆုံးသတင်း/ဆောင်းပါးများ

လ.၀.က ညွန်ချုပ် ဦးမောင်မောင်သန်း မောင်တောခရိုင် ရိုဟင်ဂျာ လူထုကို ခြိမ်းခြောက်ပြောဆို




RB News
9.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ရိုဟင်ဂျာလူထုကို လ.၀.က ညွန်ချုပ် ဦးမောင်မောင်သန်းက တွေ့ဆုံ၍ ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဧပြီလ (၉) ရက်နေ့ နေ့လည် ၃း၃၀ နာရီတွင် မောင်တောမြို့ရှိ ခရိုင် အုပ်ချုပ်ရေးမှူး ရုံး၌ လ.၀.က ညွန်ချုပ် ဦးမောင်မောင်သန်း ရိုဟင်ဂျာ ရပ်မိရပ်ဖ များကို တွေ့ဆုံ၍ သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူ သွားမည် ဖြစ်ကြောင်း၊ လူမျိုး အမည် နေရာတွင် ကုဒ်နံပါတ် ၉၁၄ ဘေး၌ ကွက်လပ် ထား၍ ကောက်ယူ သွားမည် ဖြစ်ကြောင်း၊ မြို့နယ် သန်းခေါင်စာရင်း ကောက်ခံရေး ကော်မတီ ဥက္ကဌမှ ဧပြီလ (၁၀) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ အကယ်၍ ကြေညာချက် ထုတ်ပြန်ပြီးနောက် မပါဝင်သူများကို နိုင်ငံခြားသား အဖြစ် သတ်မှတ် သွားမည် ဖြစ်ကြောင်း၊ အစစ်ဆေး မခံသူများကို နေထိုင် သွားလာရေး များတွင် ပိုမို၍ ကန့်သတ် သွားမည် ဖြစ်ကြောင်း ခြိမ်းခြောက်၍ ပြောဆို သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ဘူးသီးတောင် မြို့နယ်တွင်လည်း ရိုဟင်ဂျာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ထိုကဲ့သို့ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူစဉ်က ရိုဟင်ဂျာ လူမျိုးများသည် ရိုဟင်ဂျာဟု ဖြည့်ခဲ့သော်လည်း အစိုးရမှ သန်းခေါင်စာရင်း ပုံစံများကို ပြင်ဆင်၍ ဘင်္ဂလီဟု ရေးသားခဲ့သည်။ ယခုလည်း လူမျိုး အမည် နေရာတွင် ကွက်လပ်ထားခြင်းမှာ နောက်ဆုံးတွင် အစိုးရ၏ စိတ်တိုင်းကျ ဘင်္ဂလီဟု ဖြည့်သွင်းရန်သာ ဖြစ်သည်။

အစပိုင်းတွင် ရိုဟင်ဂျာဟု ပြောဆိုသူများကို သန်းခေါင်စာရင်း မကောက်ခံဟု ပြောဆိုခဲ့သော်လည်း ယခုအခါ အလှူရှင် နိုင်ငံများ၏ ဖိအားပေးမှုကြောင့် ခြိမ်းခြောက်၍ ကောက်ခံရန် စီစဉ် နေခြင်း ဖြစ်ပါသည်။

သန်းခေါင်စာရင်း ဥပဒေ အရ လူမျိုးအမည်ကို လွတ်လပ်စွာ ဖြည့်ခွင့် ရှိသော်လည်း ရိုဟင်ဂျာ လူမျိုး တစ်မျိုးကိုသာ အစိုးရ ကိုယ်တိုင် ဥပဒေ ချိုးဖောက်၍ ပြုလုပ် နေခြင်း ဖြစ်သဖြင့် ဒေသခံများက ယခုကဲ့သို့ ခြိမ်းခြောက်မှုများကို လက်ခံသွားမည် မဟုတ်ဟု ပြောပါသည်။ ဒေသခံများက ၎င်းတို့၏ လူမျိုးအမည်ကို ခြိမ်းခြောက်မှု ပေါင်းစုံကြားက ကာကွယ် စောင့်ရှောက် သွားမည် ဖြစ်ကြောင်း RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus