နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွှေဇားတံတား ပေါ်ရှိ လုံခြုံရေး ရဲကင်းမှ လ.၀.က များ ခရီးသွားများထံမှ ငွေညှစ်နေ




RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား တံတားပေါ်ရှိ လုံခြုံရေး ရဲကင်းတွင် တာဝန်ထမ်းဆောင် နေသည့် လ.၀.က ၀န်ထမ်းများသည် ခရီးသွား ပြည်သူများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် ရွှေဇား တံတားပေါ်ရှိ လုံခြုံရေး ရဲကင်းတွင် ယခင်က လုံထိန်းများက ငွေညှစ်ခဲ့သော်လည်း၊ ယခု အခါ လုံထိန်းများက မစစ်ဆေးတော့ဘဲ လ.၀.က ၀န်ထမ်းများက ယာယီကဒ်ပြားများ၊ ခရီးသွားလာခွင့် လက်မှတ်များကို စစ်ဆေးလျက် ရှိသည်။ ထိုသို့ စစ်ဆေးရာတွင် ငွေညှစ်ရုံသာမက ရိုင်းပျစွာ ဆက်ဆံမှုများပင် ပြုလုပ်နေကြောင်း ဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောပါသည်။

“အရင်ရက်တွေက လုံထိန်းတွေက စစ်တယ်။ ငွေညှစ်တယ်။ အခု လုံထိန်းတွေက ကားအနားကိုတောင် မလာတော့ ပေမယ့် လ.၀.က တွေက အင်မတန် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်။ အမျိုးသမီးတွေကိုလည်း အရှက်ရစေတဲ့ အထိ ထိပါး ရိသဲ့ပြီး ပြောဆိုတယ်။ ကားပေါ်မှာ ပါတဲ့ ခရီးသည်တွေကို ခရီးသွားလာခွင့် လက်မှတ်၊ ယာယီလက်မှတ် ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ တစ်ခေါက် ဖြတ်ရင် တစ်ယောက်ကို ၅၀၀ ကျပ် ပေးနေရတယ်။ အသွားမှာ တစ်ကြိမ်၊ အပြန်မှာ တစ်ကြိမ်၊ တက္ကစီကားတွေလည်း အဲဒီအတိုင်းပါဘဲ၊ တစ်ခါ ဖြတ်ရင် ၅၀၀ ကျပ် ပေးရတယ်။ အဲဒီတော့ ရွာတွေကနေ မောင်တောမြို့ပေါ်သွားရင် အသွားအပြန် တံတား ဖြတ်ခ ငွေ ၁၀၀၀ ပေးနေရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံ ရိုဟင်ဂျာ အများစုမှာ ဆင်းရဲ နွမ်းပါးသူများ ဖြစ်ကြပြီး၊ မောင်တောမြို့ပေါ်သို့ လာရာတွင် တံတားဖြတ်သန်းခ အဖြစ် ငွေကျပ် ၁၀၀၀ ပေးနေရသည့် အတွက် ၀န်ထုပ် ၀န်ပိုး ဖြစ်လာသလို၊ လ.၀.က မှ ငွေညှစ်ခြင်းမှာလည်း ဥပဒေကို ချိုးဖောက်ခြင်းသာ ဖြစ်သဖြင့် နိုင်ငံတော် အစိုးရမှ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus