နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် အစွန်းရောက် အုပ်စုများ အကြမ်းဖက်ရန် နည်းမျိုးစုံနှင့် ကြိုးပမ်းလျက်ရှိ




MYARF
RB News
15.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အတွင်း ရခိုင် အစွန်းရောက် အုပ်စုများက ကျေးရွာ အသီးသီးသို့ ဖြန့်ကျက် ၀င်ရောက်၍ အကြမ်းဖက်ရန် ကြိုးပမ်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၃း၃၀ နာရီတွင် မောင်တောမြို့နယ် ဇီးပင်ချောင်း ကျေးရွာ အုပ်စုသို့ ရခိုင် အစွန်းရောက် တစ်ဦးက အရူးဟန်ဆောင်၍ ၀င်ရောက်ခဲ့သည်။ ရိုဟင်ဂျာ ရွာသားများက ၀ိုင်းဝန်း ဖမ်းဆီး၍ ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အပ်နှံသည့် အခါတွင် လူကောင်း တစ်ဦး ဖြစ်ကြောင်း သိရှိရပြီး၊ ကြိမ်ချောင်းမှ တဆင့် ရောက်ရှိလာကြောင်း သိရှိရသည်။ ထိုသူ၏ အမည်မှာ မူတူး (ဘ) ဦးမောင်မောင်လွင် ဖြစ်ပြီး၊ ဇီးပင်ချောင်း ရဲကင်းမှ တဆင့် ကြိမ်ချောင်း ရဲစခန်းသို့ ပို့ဆောင် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဧပြီလ ၁၂ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ရခိုင် အစွန်းရောက် ၃၀ ဦးခန့်သည် သေနတ်များ၊ ဓါတ်ဆီပုံးများ၊ ဓါးများ ကိုင်ဆောင်လျက် မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၂) နယ်မြေ ခမောင်းဆိပ် ကျေးရွာအုပ်စု၊ တန်းဘင်္ဂရွာသို့ ၀င်ရောက်၍ အကြမ်းဖက်ရန် ကြိုးစားခဲ့ရာ ကင်းစောင့်နေသည့် ရွာသားများ၏ ဟန့်တားမှုကြောင့် ရွာထဲသို့ ၀င်ခွင့် မရဘဲ ထွက်ပြေးသွားခဲ့သည်။ အလားတူ ဧပြီလ ၁၄ ရက်နေ့ နံနက် ၁း၃၀ နာရီ အချိန်တွင်လည်း တစ်ဖန် ကြိုးစားခဲ့သော်လည်း ကင်းသမားများက ဟန့်တား နိုင်ခဲ့သည်။ အဆိုပါ ရခိုင် အစွန်းရောက် အဖွဲ့သည် တန်းဘင်္ဂရွာ၏ အရှေ့ဘက်ရှိ တောင်ပေါ်တွင် အခြေစိုက်၍ လှုပ်ရှားနေကြပြီး၊ ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့၏ ရွာထဲသို့ ၀င်ရောက်၍ မီးရှို့မှုများ ပြုလုပ်မည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ဧပြီလ ၁၁ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့မှ မောင်တောမြို့နယ်၊ ခရေမြိုင် န.တ.လ ရွာသို့ အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိနေသည့် ရခိုင် အစွန်းရောက် ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ရခိုင် အစွန်းရောက် ၃ ဦးသည် စစ်တွေမြို့တွင် နိုင်ငံတကာ အန်ဂျီအိုရုံးများကို အကြမ်းဖက်ပြီးနောက် မောင်တောမြို့နယ် ခရေမြိုင် ကျေးရွာတွင် လာရောက် ခိုလှုံ၍ မောင်တောမြို့တွင် အကြမ်းဖက်မှုများ ဆက်လက် ပြုလုပ်ရန် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus