နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်တာနက်တွင် သတင်းဖြန့်ချီသည်ဟု ဆို၍ သုံးဦးထံမှ ငွေ ၆ သိန်းညှစ်၊ တစ်ဦးကို ထောင်ချရန် စီစဉ်နေ




MYARF
RB News
16.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက် ကံပြင် ကျေးရွာမှ ရိုဟင်ဂျာ လူငယ် လေးဦးကို အင်တာနက်တွင် သတင်းဖြန့်ချီသည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး သုံးဦးကို ငွေညှစ်၍ ပြန်လည် လွှတ်ပေး ခဲ့သော်လည်း တစ်ဦးကို အမှုဆင်၍ ထောင်ချရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ ရဲအုပ် မြတ်ထွေးသည် ရဲတပ်ဖွဲ့ ၁၂ ဦး၊ ဆယ်အိမ်မှူး ၂ ဦးတို့နှင့် အတူ ကကျက်ဘက် ကျေးရွာရှိ ဦးရှုနာအလီ၏ နေအိမ်သို့ ၀င်ရောက်၍ ဦးရှုနာအလီ၏ သားလေးဦး ဖြစ်သူ (၁) မော်လ၀ီ အာရောဖ်အာမတ် (၂) ယာဆဲရ်အာရာဖတ် (၃) အလီအာရာဖတ်နှင့် (၄) မိုဟာမတ်ဂျဟာန်ဂိရ် တို့ကို အင်တာနက်တွင် သတင်းဖြန့်ချီသူများဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးရှုနာအလီ၏ နေအိမ်သို့ ၀င်ရောက်၍ မွှေနှောက် ရှာဖွေပြီး အိမ်ထောင်စုစာရင်းနှင့် အခြားသော အရေးကြီးသည့် စာရွက်စာတမ်းများကို ရဲအုပ်မြတ်ထွေးက သိမ်းဆည်း သွားခဲ့သည်။ ယင်းနေ့ ညနေ ၆ နာရီ အချိန်တွင် ဦးရှုနာအလီ ထံမှ ငွေကျပ် ၆ သိန်း ညှစ်ယူ၍ သားသုံးဦးကို ပြန်လည် လွှတ်ပေး ခဲ့သော်လည်း ကျန်သည့် သားတစ်ဦး ဖြစ်သူ မော်လ၀ီ အာရောဖ်အာမတ်ကို အမှုဆင်၍ ထောင်ချရန် စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။

မော်လ၀ီ အာရောဖ်အာမတ်သည် လွန်ခဲ့သည့် (၇) နှစ်က ဆေးအိုးကျ ကျေးရွာအုပ်စု ၀ါရကျွန်းရွာတွင် နေထိုင်ခဲ့ပြီး၊ ၎င်း၏ အိမ်ထောင်စု စာရင်းကို လက်ရှိ ကကျက်ဘက်ရွာသို့ တရားဝင် ပြောင်းရွှေ့ လာခဲ့သည်။ ရဲအုပ်မြတ်ထွေးက နေအိမ်ကို ၀င်ရောက် ရှာဖွေစဉ် အိမ်ထောင်စု စာရင်းနှင့် အခြားသော စာရွက်စာတမ်းများကို သိမ်းဆည်း လိုက်သဖြင့် အထောက် အထားမဲ့ ဘ၀သို့ တွန်းပို့ပြီး အမှုဆင်၍ ထောင်ချရန် စီစဉ် နေခြင်း ဖြစ်သည်။ အင်တာနက်တွင် သတင်းဖြန့်ချီ နေသည်ဟု စွပ်စွဲ ခဲ့သော်လည်း အထောက် အထား တစ်ခုမှ မရရှိသောကြောင့် ငွေညှစ်၍ (၃) ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ယခု ကျန်သည့် တစ်ယောက်ကို အမှုဆင်ကာ ငွေကြေး အမြောက်အမြား ညှစ်ယူချင်သောကြောင့် ယခုကဲ့သို့ အမှုဆင်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

မော်လ၀ီ အာရောဖ်အာမတ်သည် ကကျက်ဘက် ကံပြင်ရွာတွင် နေထိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံ ပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်လှသိန်းကို တောင်းဆို ခဲ့သော်လည်း ဦးမောင်လှသိန်းက မဟုတ်မမှန်သည့် အချက်အလက် များကို ရဲအုပ်မြတ်ထွေးသို့ ပေးပို့၍ ငွေညှစ်ရန် (သို့) ထောင်ချရန် ပူးပေါင်း ကြံစည် နေသည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus