နောက်ဆုံးသတင်း/ဆောင်းပါးများ

MRCS နှင့် UNHCR ရုံးမီးရှို့မှုနှင့် ပတ်သက်၍ အပြစ်မဲ့ (၄) ဦးကို ဖမ်းဆီး၍ ရိုက်နှက် နှိပ်စက်လျက်ရှိ

တောင်ပြိုလက်ဝဲ ရဲစခန်း


RB News
14.4.2014

တောင်ပြိုလက်ဝဲ ။ ။ ယနေ့ နေ့လည်ပိုင်းက တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရဲစခန်းဝင်း အတွင်းရှိ MRCS နှင့် UNHCR ရုံးကို ရဲများက မီးရှို့ခဲ့ပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာ (၄) ဦးကို ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်လျက် ရှိရာ တစ်ဦး သေဆုံး သွားသည်ဟု ယူဆရကြောင်း သတင်း ရရှိပါသည်။

MRCS နှင့် UNHCR ရုံးကို ယနေ့ နေ့လည်ပိုင်းက ရဲများက မီးရှို့ခဲ့ရာ၊ နေ့လည် ၂ နာရီတွင် မီးငြိမ်းသတ် သွားပြီးနောက် မြို့နယ်ခွဲ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများ လာရောက် ကြည့်ရှုခဲ့ကြသည်။ စစ်တပ်၊ ရဲနှင့် အခြား ဌာနဆိုင်ရာများက (၁) - အမှတ် (၁) ရပ်ကွက် တာဝန်ခံ ဦးနူရ်ဟူးဆောင်၊ (၂) - အမှတ် (၂) ရပ်ကွက် တာဝန်ခံ ဦးအဗ်ဒူလာ၊ (၃) - အမှတ် (၅) ရပ်ကွက် တာဝန်ခံ ဦးဒိလ်ဒါရ်အာမတ် နှင့် (၄) - အမှတ် (၂) ရပ်ကွက်မှ ဆယ်အိမ်မှူး ဦးအဒူကရီးမ် တို့ကို ရိုဟင်ဂျာ ရွာသားများက မီးရှို့ခြင်းဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ မြို့နယ် စိုက်ပျိုးရေး ရုံးသို့ ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့နောက် စိုက်ပျိုးရေးရုံးတွင် အထက်ပါ လေးဦးကို လူမဆန်စွာ ရိုက်နှက်၍ ထိုမှတဆင့် ရဲစခန်းရှိ အချုပ်ခန်းသို့ ခေါ်ဆောင် သွားပြီး ထပ်မံ၍ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် (၃) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ အမှတ် (၁) ရပ်ကွက် တာဝန်ခံမှာ သေလုမျောပါး ဖြစ်နေပြီး သေဆုံး သွားနိုင်သည်ဟုပင် ယူဆကြောင်း ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာသည့် အမှတ် (၂) ရပ်ကွက် ဆယ်အိမ်မှူး ဦးအဒူကရီးမ်က ပြောသည်။

ယခုအခါ ကျန်ရှိနေသည့် (၃) ဦးကို မည်သည့် နေရာတွင် ထားရှိသည်ကို မသိရှိရတော့ဘဲ၊ မိသားစု ဆွေမျိုးများက အချုပ် ဆေးရုံတွင် စုံစမ်းခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

Comment ရေးရန်

Rohingya Exodus