နောက်ဆုံးသတင်း/ဆောင်းပါးများ

White Card ယာယီ သက်သေခံ ကဒ်ပြား အဖြူကဒ် ပြဿနာ



ဦးကျော်မင်း
RB News
12.4.2014

ယာယီ သက်သေခံကဒ်ပြား အဖြူကဒ်ဖြင့် မဲထည့်ခွင့် မပြုပါရန်နှင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် မပြုရန် လွှတ်တော်မှာ အဆို တင်သွင်း ထားသည်ကို တွေ့ရ၏။ ယခုတလော နိုင်ငံရေး သမားတချို့က စာနယ်ဇင်း များမှာ အဖြူကဒ်ဖြင့် မဲထည့်ခွင့် မပြုရန် ဆော်သြ ရေးသားနေသည်ကို တွေ့ရ၏၊ အပတ်စဉ် ဂျာနယ် တချို့ကလည်း ထိုသတင်းကို အသားပေး မီးမောင်းထိုးပြ ပြန်သည်။

အဖြူကဒ်သည် အရပ် စကားဖြစ်သည်။ ယင်းသည် ဥပဒေမှာ ယာယီ သက်သေခံ ကဒ်ပြား (လက်မှတ်) ဖြစ်သည်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ (က) အရ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူသည် နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ရှိသည်။ ထိုဥပဒေ ပုဒ်မ ၁၀ (က) ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူသည် ပါတီဝင် ဖြစ်ခွင့် ရှိသည်။ ထို့အပြင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆ အရ မဲထည့်ခွင့်လည်း ရှိသည်။

ထိုဥပဒေအ သီးသီးကို ပြင်ဆင်ပြီး နိုင်ငံသား များသာ နိုင်ငံရေး ပါတီ တည်ထောင်ခွင့်၊ မဲထည့်ခွင့်ရ ရမည်ဟု ပြဌာန်း ရမည် ဆိုလျှင် နိုင်ငံတွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူ သန်းချီ၍ ရှိနေသည်ကို သတိထားရန် လိုပေသည်။ ထိုသူများ နိုင်ငံရေး အခွင့်အရေး ဆုံးရှုံး သွားမည် ဖြစ်သည်။ နိုင်ငံရေးမှာ ပါဝင်ခွင့်မရ ဖြစ်သွားမည်။ ၎င်းသည်ပင် နိုင်ငံတော်၏ တိုးတက် ဖွံ့ဖြိုးရေးမှာ အဟန့်အတား ဖြစ်သွားမည်။ အထူးသဖြင့် နယ်စပ် ဒေသများတွင် မြို့လုံးကျွတ် ယာယီ သက်သေခံ လက်မှတ် ထုတ်ပေး ထားသည်ကို တွေ့ရသည်။

ရခိုင်ပြည် မြောက်ပိုင်းတွင် ၁၉၉၀ ခုနစ်လောက်က ၁၉၈၂ ခုနစ် နိုင်ငံသား ဖြစ်မှု ဥပဒေအရ နိုင်ငံသား စီစစ်ရေး ကဒ်ပြား ထုတ် ပေးနိုင်ရန် အသက်ပြည့်သူ အားလုံးကို ပုံစံ (၂) ဖြင့် လျှောက်လွှာ တင်သွင်း စေခဲ့သည်။ ၎င်းပုံစံ (၂) သည် ဧည့်နိုင်ငံသား လက်မှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ် အတွက် လျှောက်ထား ရသော ပုံစံမဟုတ်ပါ။

နိုင်ငံသား ပြုခွင့် လက်မှတ် ရရှိရန် လျှောက်ထား ရသော ပုံစံသည် သီးသန့် ဖြစ်ပါသည်။ ထိုစဉ်က ရခိုင် မြောက်ပိုင်းတွင် ယနေ့ ဘင်္ဂါလီဟု အစိုးရမှ ခေါ်ဝေါ် နေသူ များသည် နိုင်ငံသား ဖြစ်နေ၍ ပုံစံ (၂) ဖြင့် လျှောက်ထား စေခြင်း ဖြစ်သည်။ ထိုပုံစံ (၂) ဖြင့် လျှောက်ထားစေခြင်းမှာ ထိုစဉ်က ထိုသူ များကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုထား ခဲ့ခြင်းကြောင့် ဖြစ်သည်။

လက်တွေ့မှာ နိုင်ငံသား စီစစ်ရေးကဒ်များ ထုတ်ပေးခြင်း မရှိသည့် အပြင် ထိုသူတို့၏ လက်ထဲမှာ ရှိသော အမျိုးသား မှတ်ပုံတင်ကဒ် (NRC) ခေါ် သက်သေခံ ကဒ်ပြား များကို န.စ.က (အဖွဲ့) မှ သိမ်းယူပြီး ယာယီ သက်သေခံ လက်မှတ် (အဖြူကဒ်) များ ထုတ်ပေးခဲ့သည်။ အစိုးရ ထုတ်ပြန်ချက် အရ ထိုယာယီ သက်သေခံ လက်မှတ် (အဖြူ / White Card) ကိုင်ဆောင်သူ (၆) သိန်းခန့် ရှိပါသည်။ နိုင်ငံသား အရေး စဉ်းစားရာမှာ ဤသို့ ပြောင်းပြန်လှန် ထားသည့် အဖြစ်မှန်ကို မျက်ကွယ်ပြု၍ မရနိုင်ပါ။ အမျိုးသား မှတ်ပုံတင် ရရှိထားသူများ၊ ယာယီ သက်သေခံ ကဒ်ပြား (အဖြူကဒ်) ကိုင်ဆောင်ရသော အကြောင်းအရင်းကို သိရှိရန်လို ပါသည်။

ယခု အဖြူကဒ် ကိုင်ဆောင်သူ များကို မဲပေးခွင့် မပြုရ။ ပါတီ တည်ထောင်ခွင့် မပြုရဟု လွှတ်တော် အတွင်း/အပြင်မှာ နိုင်ငံရေး သမား အချို့က လှုပ်ရှားနေခြင်းသည် အဖြူကဒ် ကိုင်ဆောင်သူ များကို နိုင်ငံရေး အခွင့်အရေး ဆုံးရှုံးရန် ထိုးနှက်ခြင်း တစ်ရပ်သာ ဖြစ်သည်။ အဖြူကဒ်ဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် မရှိကြောင်း ဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြု ပြီးကြောင်းလည်း သိရသည်။ အရေးကြီး ဥပဒေ၊ နိုင်ငံသားများနှင့် ပတ်သက်သော ဥပဒေ ဆိုလျှင် ပြည်သူ အများစုနှင့် ဆွေးနွေး ညှိနှိုင်းပြီး အချိန်ယူ၍ ပြဌာန်းသင့် ပါသည်။ အထက်ပါ ယာယီ သက်သေခံ လက်မှတ် (အဖြူကဒ်) ကို နိုင်ငံတကာ လုပ်ထုံးနှင့် နှိုင်းယှဉ် ရှင်းပြသည် ကိုလည်း တွေ့ရသည်။ နိုင်ငံတကာမှာ အဖြူကဒ် မဆိုပါနှင့်၊ တစ်ဆင့် အဆင့်မြင့်သော အစိမ်းကဒ် / Green Card ရထားသူပင် မဲထည့် ပိုင်ခွင့် မရှိဟု မီးမောင်းထိုး ရှင်းပြ နေသည်။ ဖြစ်ရပ်မှန်မှာ နိုင်ငံတကာတွင် အဖြူကဒ် ဟူ၍ မရှိပါ။ နိုင်ငံတကာတွင် တရားဝင် ဗီဇာဖြင့် ၀င်ရောက်သူများ၊ ဒုက္ခသည်များ အဖြစ် နိုင်ငံအတွင်းသို့ ၀င်ရောက် နေထိုင်ခွင့် ရသူ များသည် နှစ်ရှည်လများ ဆက်လက် နေထိုင်လိုပါက (သို့) ထိုနိုင်ငံတွင် အမြဲတမ်း နေထိုင်လိုပါက တရားဝင် လျှောက်လွှာ တင်ရသည်။ ထိုလျှောက်ထားသူ များကို စီစစ်ပြီး အစိမ်းကဒ် / Green Card ထုတ်ပေးသည်။ ထို Green Card ဖြင့် သက်ဆိုင်ရာ နိုင်ငံ ဥပဒေများ အရ ငါးနှစ်မှ ဆယ်နှစ် အထိ ဆက်လက် ဥပဒေနဲ့ အညီ ကောင်းမွန်စွာ နေထိုင်သူ များသည် ထိုနိုင်ငံ များ၏ နိုင်ငံသား အဖြစ်ပင် ရရှိသည်။

ယနေ့ မြန်မာပြည်မှ (အဖြူကဒ်) ယာယီ သက်သေခံ လက်မှတ်သည် နိုင်ငံခြားက အဖြူကဒ်၊ အစိမ်းကဒ် များနှင့် မတူဘဲ အဆင့်မြင့်သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ မပေါ်ခင်က နိုင်ငံသား အထောက် အထားအဖြစ် အသုံးပြု ခဲ့သော အထောက် အထား စာရွက် ဖြစ်ပါသည်။

ယာယီ သက်သေခံ လက်မှတ်၏ မူရင်း ဇစ်မြစ်မှာ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ဖြစ်သည်။

ထိုဥပဒေ ပုဒ်မ(၄) အပိုဒ်ခွဲ (၂) မှာ မှတ်ပုံတင် အရာရှိ (သို့) လက်ထောက် မှတ်ပုံတင် အရာရှိသည် မှတ်ပုံတင် ထားသူတိုင်းနှင့် စပ်လျဉ်း၍ ပြဌာန်း ထားသည့် အကြောင်း အရာများ ပါရှိသော မည်သူ ဖြစ်ကြောင်း သက်သေခံသည့် ကဒ်ပြား တစ်ချပ်ကို ဤဥပဒေ အရ ပြုလုပ်သည့် နည်းပညာ များနှင့် အညီ ထုတ်ပေး ရမည်။ ထိုကဒ်ပြားကို ဤမှနောင်တွင် သက်သေခံ ကဒ်ပြားဟု ရည်ညွှန်းသည်ဟု ပါရှိသည်။

နောင်တွင် ဤကဒ်ပြားကို အမျိုးသား မှတ်ပုံတင်ကဒ် (NRC) ဟုခေါ်သည်။ မြန်မာနိုင်ငံရှိ အိမ်ထောင်စု စာရင်းတိုင်းမှာ ပါရှိသော နိုင်ငံသား / နိုင်ငံခြားသား ကော်လံ ဇယားများ ဖြည့်ရာတွင် အထက်ပါ သက်သေခံ ကဒ်ပြား နံပါတ်ကို နိုင်ငံသား ဇယားမှာ ဖြည့်ထားကြောင်း တွေ့ရသည်။ ဌာနဆိုင်ရာ ၀န်ထမ်းဖိုင် များတွင်လည်း နိုင်ငံသား ဇယားမှာ ထိုနံပါတ်ကို ဖြည့်ရသည်။ ၁၉၈၂ ခုနှစ်ထိ နိုင်ငံသား အထောက် အထားဟု ပြရပါက ထိုလက်မှတ်ကိုသာ ပြခဲ့ရပါသည်။ ထိုလက်မှတ်ဖြင့် မြန်မာနိုင်ငံသား နိုင်ငံကူး လက်မှ (Passport) ထုတ်ယူ ရသည်။ မြန်မာနိုင်ငံတွင် တော်လှန်ရေး ကောင်စီခေတ်မှ စ၍ နိုင်ငံသား များကိုသာ အလုပ်အကိုင် ခန့်ရာ ထိုသက်သေခံ ကဒ်ပြား (NRC) ရှိသူသာ လျှောက်ထားခွင့် ရှိသည်။ အသက် မွေးဝမ်းကျောင်း တက္ကသိုလ် ၀င်ခွင့် အတွက် (3NRC) မိမိ (NRC) နှင့် မိဘနှစ်ပါး (NRC) များကို နိုင်ငံသား ဖြစ်ကြောင်း အထောက် အထား အဖြစ် တင်ပြ ရသည်။ နိုင်ငံခြားသား များက အသက် မွေးဝမ်းကျောင်း၊ သိပ္ပံ၊ တက္ကသိုလ် များမှာ ပညာ သင်ယူခွင့် မရှိချေ။

ရခိုင်မြောက်ပိုင်း ယခု ယာယီ သက်သေခံကဒ် ကိုင်ဆောင်သူ များ၏ မိဘ၊ ညီအစ်ကို မောင်နှမ များသည် (NRC) သက်သေခံကဒ် ကိုင်ဆောင် ခဲ့သဖြင့် အထက်ပါ နိုင်ငံသား အခွင့်အရေး များကို အပြည့် အ၀ ရရှိခဲ့သည်။ ထိုသက်သေခံကဒ်ဖြင့် မြန်မာနိုင်ငံ လွှတ်တော် ရွေးကောက်ပွဲ အသီးသီးတွင် ၁၉၅၀ ကျော်နှစ်များမှ စ၍ ၂၀၁၀ ခုနှစ် အထိ မဲထည့်ပေးခွင့်၊ အရွေးခံခွင့်များ ရရှိခဲ့သည်။

ဤတွင် ယာယီ သက်သေခံ ကဒ်ပြား (White Card / အဖြူကဒ်) သည် သာမာန်ရုံးက ထုတ်ပေးသော အထောက် အထား တစ်ခုလား (သို့) ပယ်ဖျက်ခြင်း မရှိသေးသော တည်ဆဲ ဥပဒေအရ ထုတ်ပေးသော သက်သေခံ လက်မှတ်ကို အစားထိုးသော ယာယီ လက်မှတ်လားဆိုတာ စဉ်းစားရန် ရှိပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ ပုဒ်မ (၁၂)၊ အပိုဒ် (၁) တွင် လက်ထောက် မှတ်ပုံတင် အရာရှိသည် မှတ်ပုံတင် စာရင်းများ ရရှိသောအခါ ထိုစာရင်း များတွင် နည်းလမ်း တကျ ထည့်သွင်း ထားသူ အသီးသီးကို (၁၀) နှစ်ပြည့်ပြီး ဖြစ်လျှင် သက်သေခံ ကဒ်ပြား တစ်ခုစီ ထုတ်ပေးရန်။

တဖန် ပုဒ်မ (၁၃) (၁) တွင် အောက်ပါ အကြောင်းတစ်ခုခု ရှိလျှင် စာရင်းထိန်းက ယာယီ သက်သေခံ လက်မှတ် များကို ထုတ်ပေး နိုင်သည်ဟု ပါရှိသည်။ ပုဒ်မ (၁၃) (၁) (ခ) မှာ ပျောက်ဆုံးသော (သို့) ပျက်စီးသော (သို့) မထင်မရှား ဖြစ်သော သက်သေခံ ကဒ်ပြား အစား အခြား ကဒ်ပြားတစ်ခု ထုတ်ပေးရန် လျှောက်ထား နိုင်သည်ဟု ပါရှိ ပြန်သည်။

ယာယီ သက်သေခံ ကဒ်ပြားကို ပုံစံ (၃) ဟု ခေါ်တွင်ပြီးသော ကန့်သတ်သော ကာလ တစ်ခု အတွက်သာ ဖြစ်သည်။ ယာယီ သက်သေခံ ကဒ်ပြား အစား သက်သေခံကဒ် (NRC) ရရှိသောအခါ ယာယီကဒ်ကို စာရင်းထိန်း ထံတွင် ပြန်အပ်ရမည်ဟု အထက် နည်းဥပဒေများ ပါရှိပါသည်။

အထက် ဥပဒေများ အရ ပုဒ်မ (၃၃)၊ သက်သေခံ ကဒ်ပြား (၀ါ) ယာယီ သက်သေခံ ကဒ်ပြားကို နိုင်ငံသား များအားသာ ထုတ်ပေးရသည်။ နိုင်ငံခြားသားများ ဤဥပဒေနှင့် မသက်ဆိုင် စေရပါ။ ပုဒ်မ (၃၃) (၁က/ခ) တို့အရ နိုင်ငံခြားသား များကို ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသား မှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေများ အရ မှတ်ပုံတင် ရမည်။ ထိုသို့ မှတ်ပုံတင်၍ ထုတ်ပေးသည့် သက်သေခံ လက်မှတ်သည် မြန်မာနိုင်ငံတွင် နေထိုင်သူများ မှတ်ပုံတင်ရေး၊ နည်းပညာ အရ ထုတ်ပေးသည့် သက်သေခံ ကဒ်ပြား ဖြစ်သည်ဟု မှတ်ယူ ရမည်ဟု ပါရှိသည်။ ဤတွင် မြန်မာနိုင်ငံတွင် နေထိုင်သူ များတွင် အမျိုးသား မှတ်ပုံတင် ကဒ်ပြားတွင် (NRC) နှင့် နိုင်ငံခြားသား မှတ်ပုံတင် ကဒ် (FRC) ဟူ၍ နှစ်မျိုးရှိနေသည်။ မှတ်ပုံတင် ပုံစံ များလည်း မတူပါ။

ခြုံငုံ ပြောရလျှင် ယာယီ သက်သေခံ ကဒ်ပြားသည် နိုင်ငံသား များအား ဥပဒေအရ ထုတ်ပေးခဲ့သော အထောက် အထား ဖြစ်သည်။ နိုင်ငံခြားသား များကို ထုတ်ပေးခဲ့သော လက်မှတ် မဟုတ်ပါ။

သို့ဖြစ်ပါ၍ ယာယီ သက်သေခံ ကဒ်ပြားကို သက်သေခံ လက်မှတ် (အမျိုးသား မှတ်ပုံတင်ကဒ်) (သို့) နိုင်ငံသား စီစစ်ရေးကဒ် ထုတ်မပေးရသည့် ကြားကာလတွင် မဲထည့်ခွင့်၊ နိုင်ငံရေး ပါတီ တည်ထောင်ခွင့်၊ ရွေးကောက်ပွဲ များတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် များကို ခွင့်ပြုရမည် ဖြစ်သည်။

အထက်ပါ အခွင့်အရေး များကို ပိတ်ပင်လိုခြင်းသည် နိုင်ငံသား တစ်စု၏ နိုင်ငံသားဖြစ်ခွင့် ရရှိပြီး ဖြစ်နေခြင်းကို ချိုးဖောက် ဖျက်ဆီးရာ ကျပါမည်။ ဥပဒေ နောက်ကြောင်းပြန် အကျိုး သက်ရောက်စေခြင်း၊ လူအခွင့်အရေး ချိုးဖောက်ခြင်း၊ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် (၁၅) ပါ ပြဌာန်းချက်ကို ပစ်ပယ်ပြီး မိမိတို့ မလိုလား၊ မကြိုက် မနှစ်သက်သော လူတစ်စုကို နိုင်ငံမဲ့ ဖြစ်အောင် ကြံစည်ခြင်းသာ ဖြစ်ပေသည်။

ကုလသမဂ္ဂ၏ နိုင်ငံမဲ့ ပပျောက်ရေး ကွနါဗန်းရှင်း များအရ ယနေ့ ကမ္ဘာမှာ နိုင်ငံမဲ့ ဖြစ်နေသူ ဟူ၍ မရှိစေရပါ။

ဤဆောင်းပါးဖြင့် အဖြူကဒ် (White Card) အကြောင်း ပြည်သူ များနှင့် ဗဟုသုတ ဖလှယ်ခြင်း ဖြစ်သည်။ ဥပဒေ ပညာရှင် များကလည်း ဆွေးနွေး ရေးသားမှုများ ရှိသည်။ အဖြူကဒ် အကြောင်း ယနေ့ ရှေ့တန်း တင်လာခြင်းသည် လူတစ်စု၏ နိုင်ငံရေး အမြတ်ထုတ်ရန် ကြံစည်မှု ဖြစ်ကြောင်း နိဂုံးချုပ် ရှင်းပြအပ် ပါသည်။

Comment ရေးရန်

Rohingya Exodus