နောက်ဆုံးသတင်း/ဆောင်းပါးများ

ပြည်ထောင်စု ၀န်ကြီးများနှင့် သံတမန်များ မောင်တောခရိုင် လူထုနှင့် တွေ့ဆုံ




RB News
10.5.2014

မောင်တော ။ ။ မေလ (၉) ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသော ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ဦးခင်ရီ၊ ပြည်ထောင်စု ဒုတိယ၀န်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ် မောင်မောင်အုန်း၊ ဒေါက်တာသန်းအောင်၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နှင့် နော်ဝေး၊ ဆွဇ်ဇာလန်နှင့် ဥရောပ သမဂ္ဂ သံအမတ်ကြီးတို့သည် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် ရိုဟင်ဂျာ ရပ်မိရပ်ဖ ၁၅ ဦး၊ ရခိုင် ရပ်မိရပ်ဖ ၁၅ ဦးတို့နှင့် တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ယခုကဲ့သို့ နှစ်ဖက် အသိုင်းအ၀ိုင်း ရပ်မိရပ်ဖများ အတူ တက်ရောက်လာပြီး ထိုင်နေသည်ကို တွေ့ရ၍ အလွန် ၀မ်းသာမိကြောင်း၊ ဤအသိုင်းအ၀ိုင်း များသည် ရှေးနှစ်ပေါင်း များစွာ ကတည်းက အတူ ယှဉ်တွဲ နေထိုင်လာခြင်း ဖြစ်ပြီး၊ နောင်တွင်လည်း အတူယှဉ်တွဲ နေထိုင် ရမှာ ဖြစ်ကြောင်း၊ ဤဒေသ ဖွံ့ဖြိုး တိုးတက်မှုကို လိုလားပါက နှစ်ဖက် အသိုင်းအ၀ိုင်း ပြဿနာ ထပ်မံ မဖြစ်ပွားရန် လိုကြောင်း၊ ပြဿနာ မဖြစ်ပွားပါက နိုင်ငံတကာက ၀င်ရောက် ကူညီ သွားနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော် အကြီးအကဲ များ၏ စေတနာကို တန်ဖိုးထားရန် လိုကြောင်း၊ တစ်ဦးကို တစ်ဦး ခွင့်လွှတ်၍ စာနာရန် လိုကြောင်း၊ မောင်တော ဒေသသည် နယ်စပ်မြို့ဖြစ်ပြီး၊ တဖက်နိုင်ငံနှင့် နည်းတူ တိုးတက် စေချင်ကြောင်း၊ ဤဒေသ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးများ အလျင်အမြန် တိုးတက်လာသည်ကို လိုချင်ကြောင်း၊ လျှပ်စစ်မီးကိုလည်း လာမည့် ဒီဇင်ဘာလ အတွင်း မဟာဓါတ်အားလိုင်းမှ တဆင့် ၂၄ နာရီ ရအောင် လုပ်ပေးသွားမည် ဖြစ်ကြောင်း၊ ဤဒေသရှိ လူမျိုးစု နှစ်စု အကြား အပြန်အလှန် လေးစား နားလည်မှု ရှိရန်လိုကြောင်း၊ ဤဒေသကို နိုင်ငံတော်က အချိန်တိုအတွင်း ဖွံ့ဖြိုး တိုးတက် နိုင်အောင် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ တစ်ဖက်တည်း လုပ်ပေးမည် ဆိုလျှင် ပြည့်စုံမည် မဟုတ်ဘဲ နှစ်ဖက် လူမျိုးစုက အပြန်အလှန် ကူညီ ရမည်ဟု ပြောကြားခဲ့သည်။

“ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းရဲ့ ပြောဆိုမှုတွေက အလွန်ကို ကောင်းပါတယ်။ အပြုသဘော ဆောင်ပါတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်းက ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ ရဟတ်ယာဉ်ဖြင့် လာရာတွင် ဘူးသီးတောင်နှင့် မောင်တော အကြားရှိ တောင်များတွင် အပင်များ မရှိတော့ဘဲ ခုတ်လှဲ ထားသည်ကို တွေ့ရကြောင်း၊ အဆိုပါ အပင်များကို ဒေသခံများက လျှပ်စစ်မီး မရှိ၍ ထင်းအဖြစ် အသုံးပြုလိုက်ပြီဟု ယူဆကြောင်း၊ ဤဒေသတွင် အရေးအခင်း ပြီးသည့် အချိန်မှ စ၍ စီးပွားရေး ကျဆင်းနေသည်ဟု သိရှိ ရကြောင်း၊ မောင်တောတွင် အဓိက ရေထွက် ပစ္စည်း အဖြစ် ပုဇွန် မွေးမြူရေးကို ဦးစားပေး လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ အထည်ချုပ် စက်ရုံများ တည်ဆောက်ရန် လိုအပ်ကြောင်း၊ စက်မှုဇုန်များလည်း တည်ဆောက် ပေးမည် ဖြစ်ကြောင်း၊ လျှပ်စစ်မီး ပုံမှန် ရရှိရန် အတွက်လည်း ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီး ဦးခင်ရီက ဤဒေသရှိ လူမျိုးများ နိုင်ငံသား ဖြစ်မှု ကိစ္စ အတွက် အလျင်အမြန် ဆောင်ရွက် ပေးချင်သော်လည်း၊ တောင်းဆိုသည့် အတိုင်း လုပ်ပေးနိုင်မည် မဟုတ်ကြောင်း၊ ဤဒေသရှိ လူမျိုးများ စွဲကိုင်ထားသည်ကို စွန့်လွှတ်ရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် ယခုလာသည့် ခရီးစဉ်သည် သန်းခေါင်စာရင်း ကိစ္စ မဟုတ်သည့် အတွက် သန်းခေါင်စာရင်း ကိစ္စ အတွက် သီးခြား လာမည်ဟု ပြောကြားခဲ့သည်။

ရခိုင် ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ရှေ့နေ ဦးအောင်ကျော်ညွန့်က မောင်တောမြို့နယ်တွင် လုံခြုံရေး ပိုမို တင်းကျပ်အောင် လုပ်ပေးရန် လိုကြောင်း၊ မောင်တောမြို့နယ်သည် ဧရိယာ အားဖြင့် ကျယ်ဝန်းသဖြင့် မောင်တောမြို့နယ်၊ အလယ်သံကျော်မြို့နယ်နှင့် တောင်ပြိုမြို့နယ် ဟူ၍ သုံးမြို့နယ်ခွဲ၍ သတ်မှတ်ပေးရန် တောင်းဆိုကြောင်း တင်ပြခဲ့သည်။

ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးဆာဒတ်က ၀န်ကြီးများ၏ ဆွေးနွေးမှုများကို ကြိုဆိုပါကြောင်း၊ မောင်တော ဒေသ၏ ငြိမ်းချမ်းမှုကို ရရှိစေရန် အချို့ အချက်အလက်များ တင်ပြလိုကြောင်း၊ မောင်တောမြို့ရှိ အစ္စလာမ် ဘာသာဝင်များ အရေးအခင်း ပြီးသည့် အချိန်မှ စ၍ ယခုဆိုလျှင် ဗလီတက်ခွင့် မရှိသည်မှာ နှစ်နှစ် ရှိနေပြီ ဖြစ်ကြောင်း၊ လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်ခွင့် မရှိကြောင်း၊ ခရီးသွားလာခွင့်များ ပိတ်ပင်ထားခံ ရကြောင်း၊ တက္ကသိုလ် ကျောင်းသားများ ယနေ့ထိ တက္ကသိုလ် တက်ရောက်၍ ပညာသင်ကြားခွင့် မရှိကြောင်း၊ ဆေးရုံများတွင်လည်း လွတ်လပ်စွာ ဆေးကုခွင့် မရှိကြောင်း၊ အစိုးရ ဌာနများတွင်လည်း ခွဲခြား ဆက်ဆံခံ ရကြောင်း၊ ကုန်သည်များလည်း စစ်တွေ၊ ရန်ကုန်၊ မန္တလေးသို့ သွားရောက်၍ ကုန်ပစ္စည်းများ ၀ယ်ယူရန် သွားလာခွင့် မရှိကြောင်း၊ ဈေးကောက်များလည်း မတရား ကောက်ခံလျက် ရှိကြောင်း၊ (၇) ရက် နိုင်ငံကူးလက်မှတ် များဖြင့် တဖက်နိုင်ငံသို့ သွားရန် စရိတ်များ မြင့်မားကြောင်း၊ ၀န်ကြီး ဦးတင်နိုင်သိန်း ပြောကြားသည့် မောင်တောနှင့် ဘူးသီးတောင်ကြားရှိ တောင်များပေါ်တွင် သစ်များ ခုတ်လှဲ၍ ပြာကျ နေသည်ကို ဒေသခံများက ထင်းအဖြစ် အသုံးပြုလိုက်သည်ဟု ပြောဆိုနေသည်မှာ မမှန်ကန်ကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်မှ စ၍ တစ်ဦးတည်း ကိုယ်စားလှယ် ရယူထားသည့် မောင်တော ကုန်သည်များ အသင်း ဥက္ကဌ ဦးအောင်မြင့်သိန်း၊ Min Brother Company မှ မိုင် ၈၀ ကျော်ရှည်သော တောင်များပေါ်မှ သစ်များကို ခုတ်လှဲ၍ တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် တင်ပို့ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တောင်များပေါ်တွင် အပင်များ မတွေ့ရှိရခြင်း ဖြစ်ကြောင်း၊ ငါးနှစ်ကြာ တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ယူထားသူမှ နိုင်ငံတော်သို့ အခွန်ငွေ မည်မျှ ထမ်းဆောင် ထားသည်ကို စုံစမ်းရန် လိုကြောင်း တင်ပြခဲ့သည်။

ဝန်ကြီး ဦးစိုးသိန်းက ဤဒေသကို နောင်တွင် အကြိမ်ကြိမ် လာရောက်၍ ဒေသ ဖွံ့ဖြိုးမှု များကို လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း၊ လူမျိုးစုများ၏ အခွင့်အရေးများလည်း မကြာခင် ရရှိသွားမည် ဖြစ်ကြောင်း ပြောကြား၍ တွေ့ဆုံပွဲ အခမ်းအနားကို အဆုံးသတ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ မေလ (၉) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင်လည်း ပြည်ထောင်စု ၀န်ကြီးများနှင့် သံတမန် များသည် ဘူးသီးတောင်မြို့ရှိ ရပ်ဖိရပ်ဖ များနှင့် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် တွေ့ဆုံ ခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus