နောက်ဆုံးသတင်း/ဆောင်းပါးများ

သ၀န်ချောင်း ကင်းစခန်းမှ အတင်း အဓမ္မခိုင်းစေ၊ ရွာကင်းအဖွဲ့ဝင် များထံမှ ငွေညှစ်




Rohingya Eye
RB News
13.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သ၀န်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်မှ ရဲများက ညဘက် ကင်းစောင့်နေသည့် ရွာသားများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း သ၀န်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် အဖွဲ့၏ ကင်းစခန်းသည် အင်းဒင် စခန်း အမှတ် (၁၈) ၏ လက်အောက်ခံ ကင်းစခန်း ဖြစ်သည်။ အဆိုပါ ကင်းစခန်း၏ တာဝန်ခံမှာ ရဲတပ်ကြပ်ကြီး မောင်တိုး ဖြစ်ပြီး၊ တပ်ဖွဲ့ဝင် (၇) ဦးခန့် ရှိကြောင်း သိရှိရပါသည်။ ၎င်းကင်းစခန်းမှ ရဲများသည် ဒေသခံ ရိုဟင်ဂျာ များကို နည်းမျိုးစုံဖြင့် စိတ်အနှောက် အယှက် ဖြစ်အောင် ပြုလုပ်ခြင်း၊ ရိုင်းပျစွာ ဆက်ဆံခြင်းများ ပြုလုပ်လျက် ရှိသည်။

ဒေသခံ ရွာသားများမှာ မိသားစု စားဝတ်နေရေး အတွက် နေ့ဘက်တွင် အလုပ်လုပ်ကိုင် ရသလို ညပိုင်းတွင် ရွာ၏ လုံခြုံရေး အတွက် ကင်းစောင့် နေရသည်။ မေလ (၁၁) ရက်နေ့ ည သန်းခေါင်ယံ၊ မေလ (၁၂) ရက်နေ့ နံနက် ၂း၃၀ နာရီ အချိန်တွင် သ၀န်ချောင်း ကင်းစခန်းမှ ရဲများ ရောက်ရှိလာပြီး၊ ကင်းသမား များကို အကြောင်းမဲ့ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသူများမှာ -

(၁) ကာလာယာ (ဘ) ဦးဆုလ်တာန် (အသက် ၂၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀/-)
(၂) မိုဟာမတ်ဇာဖောရ် (ဘ) ဦးအဘူဆွေယာဒ် (အသက် ၂၀ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀/-)
(၃) အဘူကလာမ် (ဘ) ဦးဆွေယာဒ်ဒူလ္လာ (အသက် ၁၈ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀/-)
(၄) ဆီရာဇူလ်ဟောက် (ဘ) ဦးဘော်ရှော်ရ် (အသက် ၂၁ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀/-)
(၅) ဟေဒါယာဒ်အုလ္လာ (ဘ) ဦးဖွေယာစ် (အသက် ၂၀ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀/-)
(၆) ဇူဘိုင်ရ် (ဘ) ဦးအလီဇူဟာရ် (အသက် ၁၈ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀/-)
(၇) အီမာန်ဟူစိန်း (ဘ) ဦးအော်လီအုလ္လာ (အသက် ၁၈ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀/-)
(၈) အလီဟူစိန်း (ဘ) ဦးရှုနာမျာ (အသက် ၅၀ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀/-) -- တို့ဖြစ်သည်။

အဆိုပါ ကင်းစခန်းမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ခေါ်ယူ၍ နေ့စဉ် နေ့တိုင်း နံနက် (၆) နာရီမှ ညနေ (၆) နာရီ အထိ အတင်း အဓမ္မ ခိုင်းစေလျက် ရှိသည်။ အခမဲ့ ခိုင်းစေသည့် အပြင် စိတ်တိုင်းမကျလျှင်လည်း ဆူပူ ကြိမ်းမောင်း၍ ကိုယ်ထိ လက်ရောက် စော်ကားမှုများ ပြုလုပ်လျက် ရှိသည်။ စခန်းတွင်း ရေခပ် ပေးရခြင်း၊ ထမင်းချက် ရခြင်း၊ သန့်ရှင်းရေး ပြုလုပ်ရခြင်း အပြင်၊ ရဲများကို နှိပ်ပေးရခြင်းများ ပြုလုပ်ပေး ရသည်။ ထို့အပြင် ရာအိမ်မှူးများ ဖြစ်သည့် ဦးနာဂူမျာ (ဘ) ဦးဟာကိမ်းအလီ (အသက် ၄၅ နှစ်) နှင့် ဦးလေရူမျာ (အသက် ၃၀ နှစ်) တို့က ကင်းစခန်းတွင် အတင်း အဓမ္မ ခိုင်းစေရန် အတွက် လူတစ်ဦး ပို့ရန် နောက်ကျပါက ရဲများက အဆိုပါ ရာအိမ်မှူးများကို ကိုယ်ထိ လက်ရောက် စော်ကားလေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ဧပြီလမှစ၍ ယခင် ရဲတပ်ရင်းများကို နယ်ခြားစောင့်တပ်ဟု ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးနောက် မောင်တောမြို့နယ် တောင်ပိုင်း သ၀န်ချောင်း၊ ရှီလ်ခါလီ ကျေးရွာနှင့် ခွချောင်း ကျေးရွာများမှ အင်းဒင် ဈေးသို့ သွားသော ဒေသခံ ရိုဟင်ဂျာများထံမှ အင်းဒင်ရှိ ကင်းစခန်းက ငွေကျပ် ၅၀၀ စီကောက်ခံလျက် ရှိသည်။ သက်သေခံ ကဒ်ပြား ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ အင်းဒင် ဈေးသို့ သွားသူတိုင်းထံမှ ငွေကျပ် ၅၀၀ စီညှစ်လျက် ရှိသည်။ အဆိုပါ ကင်းစခန်း ရှေ့မှ ဖြတ်သွားသည့် ကားများမှာလည်း ငွေကျပ် ၁၀၀၀ စီပေးနေရသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus