နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ ဗျူဟာမှူးက ဒေသခံ ရိုဟင်ဂျာများကို ရိုင်းပျစွာ ခြိမ်းခြောက် ပြောဆို




RB News
15.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ အခြေချ စစ်ဗျူဟာသို့ အသစ်ရောက်ရှိလာသည့် ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဒေသခံ ရိုဟင်ဂျာများကို ရိုင်းပျစွာ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ (မေလ ၁၄) နေ့လည် ၂ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အခြေချ စစ်ဗျူဟာသို့ ယာယီ တာဝန်ဖြင့် ရောက်ရှိလာသည့် ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဌာနဆိုင်ရာ အရာရှိများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ ဥက္ကဌများကို အစည်းအဝေး ခေါ်ယူ၍ တွေ့ဆုံခဲ့သည်။ အစည်းအဝေးကို နေ့လည် ၁၂ နာရီ အချိန်တွင် ခေါ်ယူခဲ့သော်လည်း ဗိုလ်မှူးကြီး အောင်ကျော်မိုးသည် နေ့လည် ၂ နာရီ အချိန်တွင် ရောက်ရှိလာပြီး၊ အစည်းအဝေး စတင်သည်နှင့် တပြိုင်နက် ဒေသခံ ရိုဟင်ဂျာများကို ရိုင်းပျစွာ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“အစည်းအဝေးကို နေ့လည် ၁၂ နာရီမှ စမယ်ဆိုပြီး ကျွန်တော်တို့ကို ခေါ်ခဲ့တယ်။ ဒါပေမယ့် ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး ရောက်လာတာက နေ့လည် ၂ နာရီမှာပါ။ ရောက်လာတာနဲ့ -- မင်းတို့ကောင်တွေ ရုတ်ရုတ် မလုပ်နဲ့၊ မင်းတို့ ရုတ်ရုတ်လုပ်ရင် ငါတို့ကတော့ တိုင်းရင်းသားတွေ ဘက်ကဘဲ ရပ်တည်မယ်၊ ကာကွယ်မယ်။ မင်းတို့ကို ငါတို့ ရိုဟင်ဂျာလို့ လုံးဝ မခေါ်နိုင်ဘူး၊ မင်းတို့ကို ဘင်္ဂလီလို့ဘဲ ခေါ်နိုင်မယ်၊ အဲဒီတော့ မင်းတို့ ရုတ်ရုတ်လုပ်ရင် မလွယ်ဘူး၊ ငါတို့ဘက်ကတော့ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး၊ မင်းတို့ကောင်တွေ ငါတို့ ပြောတဲ့ အတိုင်း မနေနိုင်ရင် တစ်ခုခု ဖြစ်လာလို့ကတော့ ငါတို့ကတော့ တိုင်းရင်းသားတွေဘက်ကဘဲ ရပ်တည် အကာအကွယ် ပေးသွားမယ် -- လို့ ရိုင်းရိုင်း စိုင်းစိုင်းနဲ့ ပြောပါတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ကျွန်တော်တို့ဆီမှာ ခရိုင်၊ မြို့နယ် အဆင့် ဌာန ဆိုင်ရာ တွေနဲ့ ရဲ၊ လုံထိန်း တွေက နည်းမျိုးစုံနဲ့ ညှဉ်းပန်း နှိပ်စက် ပေမယ့် တပ်မတော် အရာရှိကြီးတွေက ဒီလိုပုံစံနဲ့ ရိုင်းရိုင်း စိုင်းစိုင်း ပြောလေ့ မရှိဘူး။ များသော အားဖြင့် ကျွန်တော်တို့ ဒေသခံ တွေနဲ့ ပူးပေါင်းပြီး ဖြစ်လာတဲ့ ပြဿနာတွေကို ကောင်းကောင်းမွန်မွန် ဖြေရှင်း ပေးလေ့ ရှိတယ်။ အခု ဒီဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ကျွန်တော်တို့ မြို့နယ်ကို ရောက်လာတာ တစ်ပတ်တောင် မပြည့်သေးဘူး။ အခုလို ရိုင်းပျ ခြိမ်းခြောက် နေမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေသ အတွက်တော့ ရင်လေးစရာပါဘဲ၊ ဒီလိုဆက်ပြီး ခြိမ်းခြောက်မှုတွေ လုပ်နေမယ်၊ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမယ် ဆိုရင် ကျွန်တော်တို့ ဒေသ တည်ငြိမ် အေးချမ်းရေးကိုပါ ထိခိုက် လာနိုင်တယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။

“နောက်တစ်ခု ရှိတာက ဗိုလ်မှူးကြီး အောင်ကျော်မိုးက အသစ်ရောက်လာတာ ဆိုတော့ ကျွန်တော်တို့ရဲ့ အခြေအနေကို သေချာ သိပုံမပေါ်ဘူး။ သူ့လက်အောက်မှာ ရှိတဲ့ ဗိုလ်မှူး တစ်ယောက်က တော်တော်လေး ဆိုးတယ်။ ပြီးတော့ ဆိုးတဲ့ ဗိုလ်ကြီးတွေလည်း ရှိပါတယ်။ နောက်ဌာန ဆိုင်ရာတွေက ဘယ်လိုပုံစံမျိုး ပြောထားလည်း ဆိုတာလည်း ကျွန်တော်တို့ မသိဘူး။ အဲဒီတော့ ကျွန်တော်တို့ ရိုဟင်ဂျာ တွေနဲ့ ပတ်သက်ပြီး မမှန်မကန် ရထားတဲ့ သတင်း အချက် အလက်တွေကို ယုံကြည်ပြီး အခုလို မိုက်မိုက်ရိုင်းရိုင်း ပြောဆို ခြိမ်းခြောက် တာလား ဆိုတာလား စဉ်းစား စရာပါ။ ဘယ်လိုဘဲ ဖြစ်ဖြစ် တပ်မတော် အရာရှိကြီး တစ်ဦးက မိမိရဲ့ ရာထူး သိက္ခာကို ထိန်းသိမ်းပြီး ပြောဆိုရမှာ ရှိပါတယ်။ ကျွန်တော်တို့ ဒေသမှာ တပ်မမှူးတွေ ရှိတယ်၊ တခြား ဗျူဟာမှူးတွေ ရှိတယ်။ ဗိုလ်မှူးကြီး အောင်ကျော်မိုးလို မိုက်ရိုင်းတာ တစ်ယောက်မှ မရှိသေးဘူး” ဟု ဒေသခံမှ ဖြည့်စွက် ပြောပါသည်။

ဗိုလ်မှူးကြီး အောင်ကျော်မိုး၏ နေရာတွင် ယခင် ရှိခဲ့သော ဗျူဟာမှူးမှာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် သင်တန်း တစ်နှစ်တက်ရန် ထွက်ခွာသွားသဖြင့်၊ ဗိုလ်မှူးကြီး အောင်ကျော်မိုးသည် ယာယီ ဗျူဟာမှူး အနေဖြင့် တာဝန်ထမ်းဆောင်ရန် ရောက်ရှိ လာခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဌာန်း ထားသည့် ဥပဒေ အရ မည်သူ တစ်ဦး တစ်ယောက်ကမှ ခြိမ်းခြောက် ပြောဆိုခွင့် မရှိသော်လည်း၊ လ.၀.က ၀န်ကြီး ဦးခင်ရီနှင့် အဖွဲ့မှ အနုနည်းဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက် ခဲ့သည့် အပြင်၊ ယခု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ရိုင်းပျစွာ ဆက်ဆံ၍ ခြိမ်းခြောက်ခြင်းမှာ နိုင်ငံတော် အရာရှိကြီးများ ကိုယ်တိုင် ဥပဒေ၏ အထက်ကို ရောက်ရှိနေပြီး ဥပဒေကို ချိုးဖောက် နေခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်တွင် အခြေစိုက်သည့် စစ်ဗျူဟာများမှ ဗျူဟာမှူးများက ယခုကဲ့သို့ ရိုင်းပျစွာ ပြောဆို ခြိမ်းခြောက်မှုများ ယခင်က မပြုလုပ်ခဲ့သဖြင့် ဗိုလ်မှူးကြီး အောင်ကျော်မိုး၏ ရိုင်းပျစွာ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ နောက်နောင် မဖြစ်ပေါ်စေရန် နိုင်ငံတော် အစိုးရနှင့် တပ်မတော် အကြီးအကဲများက ညွန်ကြားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ ဆက်လက် ပြုမှုနေမည် ဆိုပါက ဒေသတွင်း တည်ငြိမ် အေးချမ်းမှုများ ယိုယွင်းလာမည့် အခြေအနေ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus