နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့တွင် ဈေးကောက်အဖွဲ့က ဆိုင်ရှင်များထံမှ ဓါးပြသဖွယ် လုယက်လျက်ရှိ




ယျာတင် (MYARF)
RB News
17.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ပျံကျဈေးသည် များထံမှ ဈေးကောက် ကောက်ရန် အတွက် ဦးစံရွှေ (ခ) ဆရာပေါင်မဲ့က မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ လေလံဆွဲထားပြီး၊ နေ့စဉ် နေ့တိုင်း ဈေးကောက် ကောက်ခံရေး အတွက် ဦးစံရွှေ၏ ယောက္ခထီး တော်စပ်သူ ဦးသိန်းရွှေမောင်၊ ဦးမောင်ဖြူချေနှင့် ရဲပြုတ်တစ်ယောက် အပါအ၀င် (၃၀) ဦးခန့်ကို တပည့်များ အဖြစ် ထားရှိ၍ ကောက်ခံလျက် ရှိသည်။

ယခုအခါ ဦးစံရွှေ၏ တပည့်များက ပျံကျဈေးသည်များ မဟုတ်သည့် မြို့ပေါ်၌ အတည်တကျ ဆိုင်ခန်းများဖြင့် ရောင်းဝယ် ဖောက်ကား နေသော ဈေးဆိုင်များမှ အတင်းအဓမ္မ ဥပဒေမဲ့ ဈေးကောက် ကောက်ခံလျက် ရှိရာ မပေးသည့် ဆိုင်များမှ ပစ္စည်းများ လုယက်လျက် ရှိသည်။ ထိုကဲ့သို့ အတင်းအဓမ္မ ဈေးကောက် ကောက်ခံခြင်းနှင့် ပတ်သက်သည့် သတင်းကို RB News တွင် မေလ (၃) ရက်နေ့က ဖော်ပြခဲ့သည်။ [မေလ ၃ ရက်နေ့ သတင်း -- http://bit.ly/1nRqiBY]

ယနေ့ (မေလ ၁၇) နေ့လည် ၃ နာရီခန့် အချိန်တွင် ဦးအိဗြာဟိမ်း (ဆိုင်အမှတ် UNT ၂၄ AG-1) သည် စစ်တွေမှ ရောက်ရှိလာသည့် စားကုန် ပစ္စည်း အထုပ်များကို ကားပေါ်မှ ချပြီး ဆိုင်ထဲသို့ သွင်းနေစဉ် ဦးသိန်းရွှေမောင် ဦးဆောင်သော ဈေးကောက် အဖွဲ့က ဈေးကောက် ပေးရန် ပြောသဖြင့် ဆိုင်ရှင် ဖြစ်သူက မိမိ၏ ဆိုင်သည် ပျံကျဆိုင် မဟုတ်သဖြင့် ဈေးကောက် ပေးရန် မလိုအပ်ကြောင်း ပြန်ပြောရာ ဦးသိန်းရွှေမောင်နှင့် အပေါင်းအပါ (၆) ဦးက ကျပ် နှစ်သောင်းတန် စားအုန်းဆီပုံး တစ်ပုံးကို လုယူသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မေလ (၁၃) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်ကလည်း ဗလီပိုင်ဆိုင်တန်းရှိ ဦးဒီလု၏ ဆိုင်တွင် စစ်တွေမှ ရောက်ရှိလာသည့် ကုန်ပစ္စည်းများ ချနေစဉ် ဦးစံရွှေ၏ တပည့် (၈) ဦး ရောက်ရှိလာပြီး အထုပ် တစ်ထုပ် အတွက် ငွေကျပ် ၂၀၀ စီ ဈေးကောက် ပေးရန် တောင်းရာ ဆိုင်ရှင် ဖြစ်သူက ယခင်က ယခုကဲ့သို့ ဈေးကောက် မပေးခဲ့ရကြောင်း၊ ယခုကဲ့သို့ ကောက်ခံခြင်း အပေါ် စည်ပင်သာယာရေး ဦးစီးဌာနက တရားဝင် ခွင့်ပြုသည့် စာရွက် စာတမ်း ပြနိုင်မှသာ ပေးနိုင်မည်ဟု ပြောကြားရာ ဦးစံရွှေ၏ တပည့်များက စည်ပင်ရုံး တံဆိပ်ပါ စာရွက်တစ်ရွက် ပြခဲ့သည်။ သို့သော်လည်း အဆိုပါ စာရွက်တွင် စည်ပင် ဦးစီးမှူး၏ လက်မှတ်မပါဘဲ တံဆိပ်တုံးသာ ထုထားခြင်း ဖြစ်သည်။ ဈေးကောက် အဖွဲ့တွင် ပါဝင်သည့် ဦးမောင်ဖြူချေ၏ အစ်ကို တော်စပ်သူသည် ဘူးသီးတောင် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ ဒု-ဦးစီးမှူး တာဝန် ထမ်းဆောင် လျက်ရှိသည်။ ၎င်းတို့ ယူဆောင်လာသည့် စာရွက်မှာ ဘူးသီးတောင်မြို့နယ် စည်ပင်ရုံးမှ တံဆိပ်ကို အလွဲသုံးစား ပြုလုပ်၍ စာရွက် အတု တစ်စောင် ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ယူဆရသည်။

ဆိုင်ရှင်ဖြစ်သူ ဦးဒီလုက ၎င်းတို့ ထုတ်ပြသည့် စာရွက်ကို သေချာ စစ်ဆေးပြီး အတုမှန်း သိသည်နှင့် ဈေးကောက် ပေးရန် ငြင်းဆိုခဲ့သည်။ ထိုနေ့ကလည်း ဈေးကောက် အဖွဲ့က ကျပ်နှစ်သောင်းတန် စားအုန်းဆီပုံး တစ်ပုံး လုယူသွားခဲ့သည်။

အလားတူ ဖြစ်ရပ်မျိုး မေလ (၁၄) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ဗလီဆိုင်တန်းရှိ ဦးဆော်ယော်ဒ်နူရ်၏ ဆိုင်တွင်လည်း ဖြစ်ပွားခဲ့ပြီး၊ ထိုကဲ့သို့ပင် စားအုန်းဆီပုံး တစ်ပုံး လုယူသွားခဲ့သည်။

ထိုကဲ့သို့ ဈေးကောက်များက ဓါးပြများကဲ့သို့ လုယက်နေစဉ် အနီးရှိဆိုင်တွင် ဈေးဝယ်နေသည့် မျက်မြင် သက်သေ တစ်ဦးက “ဟုတ်တယ်ဗျာ၊ သူတို့ ၈ ယောက်လောက် ရှိတယ်။ ပထမ ဈေးကောက် တောင်းတယ်။ ဆိုင်ရှင်က အမိန့် စာရွက်တောင်းတော့ မင်းတို့ ကုလားတွေဆီက ဈေးကောက် ကောက်ဖို့ ဘာအမိန့် စာရွက်မှ မလိုဘူး ဆိုပြီး ဆီပုံး တစ်ပုံး လုယူသွားတယ်။ ဆိုင်ရှင်ကလည်း ပြန်မပြောရဲဘူး၊ ဈေးကောက် လာကောက်တဲ့ လူတွေက အကြမ်းဖက်မယ့်ပုံ ရှိနေတော့လေ” ဟု RB News သို့ပြောပါသည်။

မောင်တောမြို့ ပေါ်ရှိ ဈေးဆိုင်များသည် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနသို့ နှစ်စဉ် နှစ်တိုင်း စည်ပင်ခွန်နှင့် မြို့နယ် အခွန် ဦးစီးဌာနသို့ အမြတ်ခွန် ပေးသွင်းလျက် ရှိပြီး၊ ယခုကဲ့သို့ ဈေးကောက် ကောက်ခံရန် မြို့နယ် စည်ပင်မှ တရားဝင် ညွန်ကြားထားခြင်း မရှိသော်လည်း ဈေးကောက် အဖွဲ့တွင် ပါဝင်သော ဦးမောင်ဖြူချေက ၎င်း၏ အစ်ကိုက ဘူးသီးတောင် မြို့နယ် စည်ပင် ဒု-ဦးစီးမှူး ဖြစ်နေသည်ကို အကြောင်းပြု၍ ယခုကဲ့သို့ မတရားသဖြင့် ဈေးကောက် ကောက်နေခြင်း ဖြစ်သည်ဟု ဒေသခံ အချို့က ပြောပါသည်။

“စားကုန် ပစ္စည်းမှာ အမြတ်လည်း နည်းတယ်။ သူတို့ လုယူသွားတဲ့ နှစ်သောင်းတန် ဆီပုံး တစ်ပုံးလုံး ရောင်းရမှ ငွေ ၅၀၀ မြတ်တာ၊ ၅၀၀ မြတ်မယ့် ပစ္စည်းအတွက် ၂၀၀ ဈေးကောက် ပေးရမယ်ဆိုတာ အတော်လေးကို မတရားရာ ကျတဲ့ အပြင်၊ စည်ပင်ကလည်း တရားဝင် ကောက်ခွင့် ပေးထားတာ မရှိဘူး။ တရားဝင် ခွင့်ပြုရင်လည်း ပေးရမယ့် ဈေးကောက် အတွက် ပြည်သူတွေကို ၀န်ထပ်ပေးသလို ဖြစ်နေမယ်။ ကုန်ဈေးနှုန်းတွေ ထပ်တက်လာမယ်” ဟု မျက်မြင် သက်သေက ဆက်လက်ပြောပါသည်။

လွန်ခဲ့သည့် ၅ နှစ်ခန့်က ဈေးကောက် အဖွဲ့က တရားလို ပြုလုပ်၍ မတရားသဖြင့် ဈေးကောက် ကောက်သည်ကို ပေးရန် ငြင်းဆန်သည့် ဆိုင်ရှင် (၆) ဦးကို မောင်တောမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ရာ၊ မောင်တောမြို့နယ် တရားရုံးက နိုင်ငံတော် အမိန့် ဖီဆန်သည်ဟု ဆိုပြီး အမိန့်ချမှတ်၍ ဒဏ်ငွေ နှစ်သောင်းကျပ်စီ ပေးဆောင် စေခဲ့သည်။ သို့သော်လည်း ဆိုင်ရှင်များက မောင်တောခရိုင် တရားရုံးသို့ အယူခံ ၀င်ခွင့် တင်သွင်းခဲ့ရာ၊ မောင်တော ခရိုင် တရားရုံးက အမှုကို စစ်ဆေးခဲ့ပြီး၊ မောင်တောမြို့နယ် တရားရုံးမှ အမိန့်ကို ရုတ်သိမ်းပေးရန်နှင့် ဒဏ်ငွေ နှစ်သောင်းစီကို ပြန်လည် ထုတ်ပေးရန် အမိန့်ချမှတ် ခဲ့သည်။

ဆိုင်ရှင်များက ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးသို့ ဈေးကောက် ကောက်နေခြင်းကို တားမြစ် ပေးရန် တင်ပြခဲ့ရာ ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက တရားဝင် စာထုတ်ပြန်၍ တားမြစ်ခဲ့သည်။ ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တရားဝင် ထုတ်ပြန်ခဲ့သည့်စာကို အောက်တွင် ဖတ်ရှုနိုင်သည်။ 



မောင်တောမြို့ပေါ်မှ ဆိုင်ရှင်တစ်ဦးက “စစ်အစိုးရ လက်ထက်တုန်းကတောင် အခုလို မတရားသဖြင့် ဈေးကောက် ကောက်တာကို တရားဝင် စာထုတ်ပြီး တားမြစ် ပေးခဲ့တယ်။ ဥပဒေနဲ့ မညီလို့ တရားဝင် တားမြစ် ပေးခဲ့တာ ဖြစ်ပါတယ်။ အခု ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ဥပဒေမဲ့ လုပ်နေတာကို ဒေသဆိုင်ရာ အာဏာပိုင်တွေက မသိချင် ယောင်ဆောင် နေတာကို ပြည်ထောင်စု အစိုးရ ဟန့်တား ပေးလို့ လိုပါတယ်၊ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus