နောက်ဆုံးသတင်း/ဆောင်းပါးများ

ကားဖြင့် တိုက်မိသော ခွေးရူးမှာ တိုင်းရင်းသားခွေး ဖြစ်သောကြောင့် မတန်တဆ လျော်ကြေးပေးရ




RB News
13.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နာရီစင် အနီးရှိ ခွေးရူး တစ်ကောင်ကို ဒေသခံ ရိုဟင်ဂျာ တစ်ဦး မောင်းနှင်သည့် ကားဖြင့် တိုက်မိရာ၊ လုံထိန်းများက တိုင်းရင်းသား ခွေးကို တိုက်မိသောကြောင့် လျော်ကြေး ပေးရမည်ဟု ဆိုသည့် အတွက် မတန်မဆ လျော်ကြေး ပေးခဲ့ရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ မြို့မတောင်ရပ်ကွက် နာရီစင် အနီး၊ မီးစက်ခွဆုံတွင် ခွေးရူး တစ်ကောင် သောင်းကျန်း နေသည်မှာ ၆ လခန့် အချိန်ကြာမြင့် နေပြီး၊ ထိုခွေးရူးမှ ဒေသခံ ရိုဟင်ဂျာ ၃၀ ဦးခန့်ကို ကိုက်ခဲ့သော်လည်း မည်သူ တစ်ဦး တစ်ယောက်ကမှ အရေးတယူ ဖြေရှင်း ပေးခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။ ယနေ့ (မေလ ၁၃) နံနက် ၉ နာရီကျော် အချိန်တွင် မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်မှ ဦးရော်ဖိတ် မောင်းနှင်လာသည့် ကားဖြင့် အဆိုပါ ခွေးရူးကို တိုက်မိခဲ့ပြီး ခွေးမှာ ထိုနေရာတွင်ပင် သေဆုံးခဲ့သည်။

အဆိုပါ ခွေးရူး သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲ တစ်ဦး သေဆုံးသည့် ပမာ မောင်တောမြို့မှ ဌာနဆိုင်ရာများ လာရောက်၍ စုံစမ်း စစ်ဆေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“အဲဒီခွေးရူးက သောင်းကျန်း နေတာ အတော်လေးကြာပြီ၊ လူပေါင်း ၃၀ လောက်ကို ကိုက်ပြီးပြီ၊ အဲဒီတုန်းက ဘယ်သူကမှ အကိုက်ခံရတဲ့ သူတွေကို လျော်ကြေး မပေးခဲ့ဘူး။ အခု အဲဒီခွေးရူး သေတော့ ထွက်လာလိုက်တဲ့ ပိုင်ရှင်တွေ မနည်းဘူး။ အဲဒီခွေးရူး အတွက် တရားမျှတမှု တောင်းဆိုတဲ့ ပိုင်ရှင်တွေထဲ ဌာနဆိုင်ရာတွေပါ ပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေ အတွက် တရားမျှတမှု မရှိပေမယ့် အဲဒီခွေးရူး အတွက်တော့ ရှိရမယ်၊ အဲဒီခွေးရူးက တိုင်းရင်းသားခွေးတဲ့။ နောက်ဆုံးတော့ ခွေးရူးကို ကားနဲ့တိုက်မိတဲ့သူက လျော်ကြေး ပေးလိုက်ရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကားပိုင်ရှင်မှ ခွေးရူး သေဆုံးမှု အတွက် ငွေကျပ် နှစ်သိန်း တစ်သောင်း လျော်ကြေး ပေးခဲ့ရကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus