နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောင် မြို့မဗလီကြီး၏ ညစောင့်ကို အမှုဆင်၍ ထောင် ၆ လ ချမှတ်




RB News
21.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြို့မဗလီကြီး၏ သန့်ရှင်းရေးနှင့် ညစောင့်ကို ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး၍ အမှုဆင်ပြီး ထောင် ၆ လ ချမှတ်လိုက်ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်ရှိ မြို့မဗလီကြီး၏ သန့်ရှင်းရေးနှင့် ညစောင့်ဖြစ်သူ ဦးမိုဟာမတ်ဆိဒိတ် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၅၅ နှစ်) ကို မေလ (၂၀) ရက်နေ့ နံနက် ၅း၃၀ နာရီတွင် မြို့မဗလီကြီး၏ ရှေ့ ပေ ၅၀ အကွာခန့်မှ ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးမိုဟာမတ်ဆိဒိတ်သည် အဆိုပါ ဗလီကြီးတွင် သန့်ရှင်းရေးနှင့် ညစောင့် တာဝန် ထမ်းဆောင် နေသည်မှာ လေးနှစ်ခန့် ရှိပြီ ဖြစ်သည်။

မေလ (၁၉) ရက်နေ့ ညပိုင်းတွင် ညစောင့် တာဝန်ထမ်းဆောင်ပြီး မေလ (၂၀) ရက်နေ့ နံနက် ၅း၃၀ နာရီတွင် တာဝန်ပြီးဆုံး၍ အိမ်သို့ ပြန်နေစဉ် ရဲတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန် ထားသော်လည်း ည ၁၁ နာရီမှ နံနက် ၄ နာရီ အထိသာ ကန့်သတ် ထားခြင်း ဖြစ်သည်။ ဦးမိုဟာမတ်ဆိဒိတ်ကို နံနက် ၅း၃၀ နာရီ အချိန် ဖမ်းဆီးသွားပြီး ရဲများက ညသန်းခေါင်ယံ ၁၂း၃၀ နာရီ အချိန်တွင် ဖမ်းဆီးမိသည်ဟု အမှုဆင်၍ တရားရုံးသို့ ယနေ့ (မေလ ၂၁) နံနက်ပိုင်းတွင် ပို့ခဲ့သည်။ တရားရုံးမှ ပုဒ်မ ၁၄၄ ကိုကျူးလွန် ဖောက်ဖျက်သည်ဟု ဆိုကာ ထောင်ဒဏ် (၆) လ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

“သက်ဆိုင်ရာ ရဲတွေကို အဖြစ်မှန်ကို ပြောပြပြီး ဦးမိုဟာမတ်ဆိဒိတ် လွတ်မြောက်ရေး အတွက် အတော်လေး ကြိုးစား ကြည့်ပါတယ်။ ဒါပေမယ့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလွင် ကိုယ်တိုင်က အခုလို အမှုဆင်တာမှာ ပူးပေါင်း ပါဝင်နေတယ်။ ဗလီကြီးမှာ ညလုံခြုံရေး လုပ်နေလို့ ဘာသာရေး အရ နှိပ်ကွပ်တဲ့ ပုံစံမျိုးနဲ့ အခုလို တမင် ထောင်ချလိုက်တာ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လွန်ခဲ့သည့် ၁၅ ရက်ခန့်ကလည်း ဗလီ ခြံစည်းရိုးကို ကျော်၍ ခွေးများ ၀င်နေသဖြင့် ၀ါးထရံ အချို့ဖြင့် ကာသည်ကို ဗလီပြုပြင်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဦးမိုဟာမတ်ဆိဒိတ်ကို ရဲများက ဖမ်းဆီး၍ တစ်ရက်ကြာ ချုပ်နှောင် ထားခဲ့သေးသည်။

လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ မောင်တောခရိုင်ရှိ အစ္စလာမ် ဘာသာဝင် များ၏ ဗလီ ၀တ်ကျောင်းတော် များတွင် စုပေါင်း ၀တ်ပြုခွင့်ကို ပိတ်ပင်ခဲ့ရာ ယခုဆိုလျှင် နှစ်နှစ်နီးပါး ကြာမြင့် နေပြီ ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus