နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆေးကုသမှုအပြီး လူတစ်ဦး သေဆုံး၊ သုံးဦး သတိလစ်

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ စစ်တွေမြို့တွင် လှည့်လည်၍ ဆေးကုသ နေစဉ် (ဓါတ်ပုံ - အေးဇော်မျိုး)



RB News
22.5.2014

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခြိတ်တောင် ကျေးရွာအုပ်စု၊ ဆန်တူးတန်းရွာတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ လာရောက်၍ ဆေးကုသမှု ပေးပြီးနောက် လူတစ်ဦး သေဆုံးပြီး၊ သုံးဦး သတိလစ်ခဲ့သည့်အပြင် သုံးဦး၏ အခြေအနေမှာ ဆိုးရွားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ (မေလ ၂၂) နံနက် ၁၀ နာရီ အချိန်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဆေးကုသရေး အဖွဲ့သည် မင်းပြားမြို့နယ် ခြိတ်တောင် ကျေးရွာအုပ်စု၊ ဆန်တူးတန်းရွာသို့ ရောက်ရှိခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာများကို ဆေးကုသပေးခဲ့ရာ၊ ၎င်းတို့ အဖွဲ့၏ ဆေးကုသမှု ခံယူပြီးနောက် တစ်ဦး သေဆုံးခဲ့ရပြီး၊ သုံးဦး သတိလစ်ခဲ့ရသည့် အပြင် သုံးဦး၏ အခြေအနေမှာ နဂိုထက် ပိုမိုဆိုးရွား သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ဆရာဝန်များနဲ့ သူနာပြု အဖွဲ့ ရောက်လာပြီး ဒေသခံ တွေကို ဆေးကုပေးမယ်လို့ ပြောပါတယ်။ သူတို့ ပေးတဲ့ ဆေးတွေကို သောက်ပြီး ဦးမူခ်တာအာမတ်က အိမ်ပြန်ရောက်တာနဲ့ သေဆုံးသွားပါတယ်။ နောက် ၃ ယောက်က သတိလစ်သွားတယ်။ ၃ ယောက်က ပုံမှန် အခြေအနေထက် ဆိုးရွားသွားခဲ့တယ်။ ဆေးကုတဲ့ အဖွဲ့ ကျွန်တော်တို့ ရွာကထွက်သွားတော့ လိုက်ခေါ်ပါသေးတယ်။ သူတို့ ပြန်လိုက်လာပြီး မကြည့်ကြဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

သေဆုံးသွားသူမှာ ဦးမူခ်တာအာမတ် (ဘ) ဦးအလီဆာန် (အသက် ၅၅ နှစ်) ဖြစ်ပြီး၊ မဇာဟေဒါ (ဘ) ဦးဟာလာယာ (အသက် ၃၅ နှစ်) သည် ၃ နာရီကြာ သတိလစ် သွားခဲ့သည်။ မမဲရ်နီဆာ (ဘ) ဦးဟာလာဖူတူး (အသက် ၃၅ နှစ်) နှင့် ဦးအာဘူလူး (ဘ) ဦးအဘူလ်ကာဆိမ်း (အသက် ၅၀ နှစ်) တို့လည်း တစ်နာရီကြာ သတိလစ် သွားခဲ့သည်။

နဂိုထက် အခြေအနေ ဆိုးရွားသွားသူ များမှာ --

(၁) အနူဝါရ် (ဘ) ဦးဇော်မိရ်ရှား (အသက် ၁၅ နှစ်)
(၂) အာနူဝါရ်ဘေဂမ် (ဘ) ဦးရှော်ဖီအာလမ် (အသက် ၁၈ နှစ်)
(၃) ဒေါ်တော်ယူဖာ (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus