နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့တွင် ဥပဒေမဲ့ ဈေးကောက် ကောက်လျက်ရှိ




RB News
3.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ပျံကျဈေးသည်များထံမှ ဈေးကောက် ကောက်ရန် စည်ပင် သာယာမှ လေလံဆွဲထားသူက ဥပဒေမဲ့ ဈေးကောက် ကောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ ပျံကျဈေးသည်များထံမှ ဈေးကောက် ကောက်ခံရန် လေလံဆွဲ ထားသူ ဆရာပေါင်မဲ့ (ခ) ဆရာစံရွှေသည် ရခိုင် အစွန်းရောက် ၃၀ ဦးခန့်ကို တပည့်များ အဖြစ် မွေးထားပြီး၊ ပျံကျ ဈေးသည်များ မဟုတ်သည့် မြို့ပေါ်ရှိ ဆိုင်ခန်းများ ကုန်တင် ကုန်ချ အချိန်တွင် ဈေးကောက် ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“မေလ (၁) ရက်နေ့က မောင်တောမြို့ပေါ်က ဆိုင်ခန်းတွေ ရှေ့မှာ စစ်တွေနဲ့ ရန်ကုန်က ၀င်လာတဲ့ ပစ္စည်းတွေ အတင် အချ လုပ်နေတုန်း ဆရာပေါင်မဲ့ရဲ့ တပည့် ၁၅ ယောက်လောက်က ဈေးကောက် လာကောက်တယ်။ မြို့ပေါ်က ဆိုင်တွေက ပျံကျ ဈေးသည်တွေ မဟုတ်တဲ့ အတွက် ဈေးကောက် ကောက်ခွင့် မရှိဘူး။ ဒါပေမယ့် ဆရာပေါင်မဲ့ရဲ့ တပည့်တွေက တုတ်တွေ ကိုင်ပြီး အကြမ်းဖက်မယ့် ပုံစံနဲ့ လာတယ်။ သူတို့ကို မြို့နယ် စည်ပင်က တရားဝင် စာရွက် ထုတ်ပေး ထားတာလည်း မရှိဘူး။ သူတို့ လေလံအောင်ထားတဲ့ ဈေးကောက်ကောက်ဖို့ ဆိုတာက ဈေးတွေမှာ ပျံကျ လာရောင်းတဲ့ ဈေးသည်တွေ ဆီကပါ။ မြို့ပေါ်မှာ လက်နက်ကိုင်ပြီး အကြမ်းဖက်မယ် ခြိမ်းခြောက်ပြီး မတရား သဖြင့် လုပ်နေတာ ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တောမြို့ပေါ်ရှိ ဆိုင်ခန်းများသည် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနသို့ နှစ်စဉ် နှစ်တိုင်း စည်ပင်ခွန်နှင့် မြို့နယ် အခွန် ဦးစီးဌာနသို့ အမြတ်ခွန် ပေးသွင်းလျက် ရှိပြီး၊ ယခုကဲ့သို့ ဈေးကောက် ကောက်ခံရန် မြို့နယ် စည်ပင်မှ တရားဝင် ညွန်ကြား ထားခြင်း မရှိသလို၊ ညွန်ကြားရန် ဥပဒေ ဘောင်ဝင်ခြင်းလည်း မရှိကြောင်း ဒေသခံများက ဆိုသည်။ မတရားသဖြင့် ဈေးကောက် ကောက်ခံခြင်းကို ဆိုင်ရှင်များက ဆရာပေါင်မဲ့ ဆိုသူကို ကောင်းမွန်စွာ ရှင်းပြသော်လည်း လက်ခံခြင်းမရှိဘဲ အကြမ်းဖက်ရန် ကြိုးစား နေပြီး၊ ထိုမှ တဆင့် ဘာသာရေး အသွင်ဆောင်သည့် ပြဿနာများ ပေါ်ပေါက်ရန် ကြိုးစား နေသည်ဟု ဒေသခံများက ပြောပါသည်။

နှစ်စဉ်နှစ်တိုင်း ဈေးခေါင်း လိုင်စင်ကို ဆရာပေါင်မဲ့ ဆိုသူက ရယူခဲ့ပြီး၊ လွန်ခဲ့သော ၅ နှစ်ကလည်း ယခုကဲ့သို့ ဥပဒေမဲ့ ဈေးကောက် ကောက်ခြင်း ပြုလုပ်ခဲ့သဖြင့် မောင်တောခရိုင် အုပ်ချုပ်ရေးရုံးက တရားဝင် စာထုတ်၍ တားမြစ် သတိပေးခဲ့သည်။

ထို့အပြင် (၇) ရက်နှင့် နေ့ချင်းပြန် တစ်ဖက်နိုင်ငံသို့ ကျန်းမာရေး ကိစ္စဖြင့် သွားလာသူများထံမှပင် အိမ်တွင်သုံးရန် ၀ယ်ယူလာသည့် ပစ္စည်းများကိုပါ ဈေးကောက် ကောက်လျက် ရှိကြောင်း သိရှိရပါသည်။ ဆရာပေါင်မဲ့တွင် ထိုကဲ့သို့ ပစ္စည်းများ အတွက် ဈေးကောက် ကောက်ခွင့် မရှိသော်လည်း ၎င်းသည် မောင်တောမြို့ပေါ်တွင် လိုင်စင်ရ ဓါးပြ တစ်ဦး သဖွယ် ဖြစ်နေပြီး၊ တောင်းခံသည့် အတိုင်း မပေးလျှင် တပည့်များဖြင့် အကြမ်းဖက်မည့် ပုံစံ ပြုလုပ်နေသဖြင့် ဒေသခံများမှာ မိမိတို့၏ သိက္ခာကို ငှဲ့၍ ပေးနေရသည်ဟု ဆိုသည်။ ပျံကျဈေးသည် များထံမှသာ ဈေးကောက် ကောက်ရန် တာဝန် ရှိသော်လည်း လမ်းသွားလမ်းလာများ လက်ကိုင်အိတ် ကိုင်ထားလျှင်ပင် လိုက်လံ၍ ဈေးကောက် ကောက်လျက် ရှိသည်။

ပျံကျဈေးသည် များထံမှ ဈေးတွင် ဈေးရောင်းသည့် အချိန်တွင်သာ ကောက်ခံရမည် ဖြစ်သော်လည်း မောင်တောဈေးမှ ဈေးဝယ်၍ ရွာဈေးတွင် ပြန်လည်ရောင်းချရန် သွားနေစဉ် ဆိုက္ကား၊ တက္ကစီကား များကို ရပ်ခိုင်းပြီး ပစ္စည်းများကို တစ်ခုချင်းစီ ရေတွက်၍ ဈေးကောက် ကောက်လျက် ရှိသည်။ ထို့ကြောင့် ပျံကျဈေးသည် များမှာ ဈေးရောင်းသည့် အချိန်တွင် တစ်ကြိမ်၊ ဈေးဝယ်သည့် အချိန်တွင် တစ်ကြိမ်၊ နှစ်ကြိမ် ပေးနေရသည်။

ယခုကဲ့သို့ မတရားသဖြင့် ပြုလုပ် နေခြင်းကို ဒေသဆိုင်ရာ အာဏာပိုင်များက အရေးယူ မဟန့်တားဘဲ နေမည် ဆိုပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus