နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲမှ ဒေသခံများ၏ ပုဇွန်များကို ရဲမှူးဝေလင်းကိုက သိမ်းပြီး ရောင်းစား




RB News
30.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် အမှတ် (၄) နယ်မြေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုသည် ဒေသခံ ရိုဟင်ဂျာများ၏ ပုဇွန်ကန်များမှ ပုဇွန်များကို မတရား သိမ်းယူပြီး တစ်ဖက်နိုင်ငံသို့ ရောင်းစား ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၄) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုသည် လွန်ခဲ့သည့် ဧပြီလက လိပ်ရ ကျေးရွာအုပ်စု အတွင်းရှိ ပုဇွန်ကန် ပိုင်ရှင် ၅၂ ဦးထံမှ ပုဇွန်ကန် တစ်ဧကစီ အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး တာကာငွေ ၂၀၀၀ စီညှစ်ယူခဲ့သည်။ ငွေညှစ်စဉ် အခါက တစ်ဧက အတွက် တာကာငွေ ၂၀၀၀ ကျပ်စီ ပေးပါက ပုဇွန် အရောင်း အ၀ယ် ပြုလုပ်ရာတွင် အနှောက်အယှက် မပေးဘဲ လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပေးမည်ဟု ကတိပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သို့သော်လည်း ယနေ့ (မေလ ၃၀) နံနက် ၆ နာရီခန့် အချိန်တွင် လိပ်ရကျေးရွာ အုပ်စု၊ တောင်ရွာ အတွင်းရှိ ပုဇွန်ကန် (၆) ကန်မှ ပုဇွန် ကီလို ၂၂၀ ကို မတရား သိမ်းဆည်း၍ တစ်ဖက်နိုင်ငံမှ ကုန်သည်များကို ရောင်းစားလိုက်ကြောင်း ဒေသခံများက ပြောပါသည်။ ရဲမှူးဝေလင်းကိုက သိမ်းဆည်းလိုက်သည့် ပုဇွန် ကီလို ၂၂၀ ကို တစ်ကီလိုလျှင် တာကာငွေ ၅၀၀ ဖြင့် ရောင်းချခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ပုဇွန် တန်ဖိုးအားဖြင့် တာကာငွေ တစ်သိန်း တစ်သောင်း (မြန်မာငွေကျပ် ၁၃ သိန်း ၂ သောင်း) ဆုံးရှုံးခဲ့ရသည်။

ယနေ့ နံနက်ပိုင်းတွင် သိမ်းဆည်းခံရသည့် ပုဇွန်ကန် ပိုင်ရှင်များမှာ --

(၁) ဦးနူရ်အစ္စလာမ် (ဘ) ဦးရှော်ဖီ (အသက် ၄၅ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၃၀)
(၂) မော်လ၀ီ ဦးနူရ်မိုဟာမတ် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၂၀)
(၃) ဦးအဘူဆူဖီယန် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၃၅ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၃၀)
(၄) ဦးအာမီးရ်ဟူစိန်း (ဘ) ဦးအုမာရ်ဟမ်ဇား (အသက် ၃၅ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၅၀)
(၅) ဦးဆွေတာလမ် (ဘ) ဦးအာဘုလ်ဟာရှင်မ် (အသက် ၃၀ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၆၀)
(၆) ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးအာဘုလ်ဟာရှင်မ် (အသက် ၄၀ နှစ်) – (သိမ်းဆည်းခံရသည့် ပုဇွန် ကီလို ၄၀)

ရဲမှူး ဝေလင်းကိုသည် လွန်ခဲ့သည့် ရက်ပိုင်းက ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးကို မုဒိန်း ကျင့်ခဲ့သော်လည်း နိုင်ငံတော် အစိုးရမှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည့် အပြင် နေ့စဉ် ရက်ဆက် ဒေသခံများကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ် နေခြင်းများကိုလည်း လျစ်လျူရှုထားခြင်း အားဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ကွပ်ကဲရေးမှူး ဖြစ်သူ ရဲမှူးချုပ် တင်ကိုကို ကိုယ်တိုင် ရဲမှူး ဝေလင်းကိုထံမှ ဝေစု ရနေသည့် အတွက် ယခုကဲ့သို့ အရေးယူ ဆောင်ရွက်ခြင်း မရှိခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus