နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် နယ်ထိန်းခေါင်းဆောင်က ဧည့်စာရင်း အကြောင်းပြ၍ ငွေညှစ်





RB News
28.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးမျိုးနိုင်သည် ဧည့်စာရင်းကို အကြောင်းပြ၍ ငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ ၂၆ ရက်နေ့ ညသန်းခေါင်ယံ (၁) နာရီ (မေလ ၂၇ ရက်နေ့ နံနက် ၁ နာရီ) အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးမျိုးနိုင်သည် ရဲတပ်ဖွဲ့ဝင် အင်အား (၂၀) ဖြင့် အမှတ် (၁) အနောက်ရပ်ကွက်သို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အတူ ၀င်ရောက်၍ ဧည့်စာရင်း စစ်မည်ဟု ဆိုကာ နေအိမ်များကို စစ်ဆေးခဲ့သည်။

ဦးမျိုးနိုင်နှင့် ရဲတပ်ဖွဲ့ဝင် များသည် ဦးဟာရွန်၏ နေအိမ်သို့ ၀င်ရောက်၍ ဦးဟာရွန်၏ ညီမဖြစ်သူကို ဆော်ဒီ အာရေဗျာ နိုင်ငံသို့ ပို့ပေးခဲ့သည်ဟု စွပ်စွဲကာ ဦးဟာရွန် ဖမ်းဆီးခဲ့သည်။ ထို့နောက် ဦးဟာရွန်ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ဦးဟာရဲစ်၏ နေအိမ်သို့ ၀င်ရောက်၍ တရားဝင် ဧည့်စာရင်း တိုင်ကြားပြီး နေထိုင်လျက် ရှိသော ဦးဟာရဲစ်၏ တူဖြစ်သူကို ဧည့်စာရင်း မတိုင်ဟု မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းဆီးခဲ့သည်။

ဦးဟာရဲစ်၏ တူဖြစ်သူကို တရားရုံး၌ တရားစွဲဆိုခဲ့ပြီး တရားရုံးမှ ဒဏ်ငွေ ၁၀၀၀/- ချမှတ်ခဲ့သော်လည်း ပြန်လည် လွတ်မြောက်ရေး အတွက် နယ်ထိန်းခေါင်းဆောင် ဦးမျိုးနိုင်နှင့် ရဲတပ်ဖွဲ့ဝင် များကို ငွေကျပ် တစ်သိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus