နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တပ်မှ အပြစ်မဲ့ ရိုဟင်ဂျာ တစ်ဦးကို လူမဆန်စွာ ရိုက်နှက်မှုကြောင့် သေဆုံး

စစ်တပ်က လူမဆန်စွာ ရိုက်နှက်မှုကြောင့် သေဆုံး ခဲ့ရသည့် မိုဟာမတ် အီနုစ်


MYARF & Rohingya Eye
RB News
6.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ အပြစ်မဲ့ ရိုဟင်ဂျာ တစ်ဦးကို စစ်တပ်မှ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်မှုကြောင့် သေဆုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာမှ မိုဟာမတ်အီနုစ် (ဘ) ဦးမိုဟာမတ် ဟာရှင်မ် (အသက် ၃၀ နှစ်) ကို မောင်တောမြို့နယ် အခြေစိုက် အမှတ် (၃၅၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်ထွန်း ဦးဆောင်သည့် အဖွဲ့က မေလ (၄) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ သေနတ် တစ်လက် ယူဆောင်လာသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ မိုဟာမတ် အီနုစ်ကို မြို့မ ကညင်တန်းရှိ အထက်တန်းကျောင်းတွင် ချုပ်နှောင်ထားခဲ့ပြီး၊ လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ခေါင်းကွဲ၊ ခြေလက် မလှုပ်ရှားနိုင်သည့် အထိ ဖြစ်လာသဖြင့် မေလ (၅) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် မောင်တော ရဲစခန်းသို့ လွှဲပြောင်း ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲစခန်းသို့ ရောက်သည့် အခါ ရဲများက ထပ်မံ၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့သဖြင့် သေလုမျောပါး ဖြစ်ခဲ့ရပြီးနောက် ယင်းနေ့ ညနေ (၅) နာရီ အချိန်တွင် ရဲများက ဆိုက်ကား တစ်စီးဖြင့် ၎င်း၏ နေအိမ်သို့ ပို့ပေးခဲ့ကြောင်း သိရှိရသည်။

မိုဟာမတ် အီနုစ်သည် နေအိမ်သို့ ပြန်ရောက်ပြီး မေလ (၆) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် ကွယ်လွန် သွားခဲ့သည်။ ၎င်းသည် ယာဉ်မောင်း အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ် နေသူ ဖြစ်ပြီး၊ စစ်တပ်မှ ၎င်း၏ နေအိမ်ကို ရှာဖွေစဉ် သေနတ် မတွေ့ခဲ့သော်လည်း ဖမ်းဆီး၍ သေသည် အထိ ညှဉ်းပန်း နှိပ်စက် ခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးသည့် အချိန်တွင် ကျေးရွာမှ တာဝန်ရှိသူများ မပါဝင်ဘဲ စစ်တပ်က လုပ်ထုံးလုပ်နည်း အတိုင်း မပြုလုပ်ဘဲ ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်။

မိုဟာမတ်အီနုစ် သေဆုံးခြင်းနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူမှာ ဗိုလ်မှူး ကျော်ဇင်ထွန်း ဖြစ်ပြီး၊ သေဆုံး သွားသည်ကို သိသော်လည်း မိသားစုများကို လာရောက် တောင်းပန်ခြင်း မရှိကြောင်း သိရှိရသည်။ ယခုကဲ့သို့ မတရား သဖြင့် သေသည် အထိ ရိုက်နှက်ခြင်း အတွက် မိသားစုများနှင့် ဒေသခံများက မကျေနပ်သော်လည်း ဥပဒေက ရိုဟင်ဂျာများကို ကာကွယ် မပေးသဖြင့် ဥပဒေအရ တရားမျှတမှုကို မျှော်လင့်၍ မရဖြစ်နေသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus