နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘယ်အချိန်မေးမေး မပြောင်းလဲတဲ့ ရိုဟင်ဂျာ




နေဆန်းလွင်
RB News
14.5.2014

သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါမှာ ရိုဟင်ဂျာလို့ ဖြည့်ခွင့်ပေးမယ်လို့ ကတိတွေ အကြိမ်ကြိမ်ပေးခဲ့တာ လ.၀.က ၀န်ကြီး ဦးခင်ရီပါ။ ရိုဟင်ဂျာ စာရင်းကောက် ၁၄၀၀ ခန့်ဖို့ အမည်စာရင်းတွေ တင်သွင်းခိုင်းခဲ့တာလည်း ဦးခင်ရီပါ။ အဲဒီ စာရင်းကောက်တွေ သင်တန်းတက်ဖို့ ကိစ္စ ဖျက်သိမ်းခဲ့တာလည်း ဦးခင်ရီဘဲ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း စတင်ကောက်ယူမယ့်နေ့ မတ်လ (၃၀) ရက်နေ့မှာ ရခိုင်ပြည်နယ် လ.၀.က မှူး ဦးကျော်ယဉ်ဦးကို လက်မှတ်ထိုးပြီး စာထုတ်ခိုင်းခဲ့တာလည်း ဦးခင်ရီ ဖြစ်ပါတယ်။

နိုင်ငံတကာက အချိန်နဲ့ တပြေးညီ စောင့်ကြည့်နေလို့ န.စ.က ကျင့်သုံးခဲ့တဲ့မူအတိုင်း လုပ်ခဲ့လို့ မရပေမယ့် အချို့သော နေရာမှာ န.စ.က ပုံစံမျိုးလုပ်ပြီး သွေးတိုးစမ်းခဲ့ ပါသေးတယ်။ သို့သော်လည်း ဦးခင်ရီတို့ ထင်သလောက် မအောင်မြင်ခဲ့ဘူး။ ဒီလိုနဲ့ သန်းခေါင်စာရင်း အချိန်သာ ကုန်လွန်သွားတယ်၊ ရခိုင်ပြည်နယ်မှာ ဘယ်ရိုဟင်ဂျာကိုမှ သူတို့ စိတ်တိုင်းကျ လုပ်ခွင့် မရခဲ့ဘူး။ လက်မလျှော့ဘဲ သွေးတိုးထပ်စမ်းမယ် ဆိုပြီး ညွန်ချုပ် ဦးမြင့်ကြိုင်က ၀ါဒဖြန့်ခဲ့ပါသေးတယ်။ နိုင်ငံတကာကို ဘယ်လိုလိမ်လိမ် နိုင်ငံတကာက သူ့နေရာနဲ့သူ ထောင့်စီကွက်စီ သူတို့လူတွေချ ထားပြီး သတင်းအမှန် ထောက်လှမ်းနေတာ ဦးခင်ရီတို့ မသိတာလား၊ သိရက်နဲ့ အရှက်မဲ့စွာ ၀ါဒဖြန့်သလားဆိုတာ ဦးခင်ရီတို့ အသိဆုံး ဖြစ်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စု ၀န်ကြီးအချို့က ဥရောပ သံတမန်တွေကို ဘူးသီးတောင်နဲ့ မောင်တောကို ခေါ်သွားပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ်ဆိုပြီး ဒေသခံတွေကို မက်လုံး ပေးလိုက်သလို၊ တဖက်က ဥရောပ သံတမန်တွေဆီက ယုံကြည်မှု ပိုရလာအောင် လှည့်ကွက် တစ်ခု ဖန်တီးပါတယ်။ အဲဒီလှည့်ကွက် အတွက် ရခိုင်တွေဆီက ကန့်ကွက်သံတွေ ထွက်မလာအောင် ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်နဲ့ အဖွဲ့ ရှေ့ပြေးသွားပြီး ခိုးဝင် ဘင်္ဂလီ-ရခိုင် တွေနဲ့ န.တ.လ တွေကို ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်ဖို့ ထောက်ပံ့ ပစ္စည်းတွေ ပေးပြီး ကျောသပ် ထားခဲ့တယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ဒေသခံ ရိုဟင်ဂျာတွေကို ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် ဆိုပြီး မက်လုံးတွေ ပေးနေတာ ၂၀၀၈ ခုနှစ် နာဂစ် ဖွဲ့စည်းပုံ အတွက် ဆန္ဒမဲ ကောက်ယူခဲ့တဲ့ အချိန်ကတည်းက ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ အလိမ်ခံရပေါင်းလည်း မနည်းတော့ဘူး။ အခုလည်း အဲဒီလို ပုံစံမျိုးနဲ့ ဒေသ ဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ်လို့ ပြောသွားတယ်လို့သာ ယူဆမိတယ်။ ဒါပေမယ့် ကွာခြားမှုကတော့ အလိမ်ခံရတာ များနေပြီ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ ရင့်ကျက် လာပါပြီ။ တကယ်လို့ ဦးခင်ရီတို့ တဖွဖွ ပြောနေတဲ့ အတိုင်း သန်းခေါင်စာရင်းကို လူမျိုးအမည် နေရာမှာ ကွက်လပ်နဲ့ ကောက်ခံရေး အတွက် ဒေသ ဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ် ဆိုပြီး ကျောလာသပ်တယ် ဆိုရင်တော့ ရိုဟင်ဂျာ အားလုံးက ၀မ်းနည်းပါတယ်လို့သာ ပြန်ပြောမှာပါ။

သန်းခေါင်စာရင်း ကောက်ယူတဲ့ရက်တွေ ကုန်ဆုံးတဲ့ အချိန်မှာ သင်္ကြန်ပြီးရင် အဖြေသိချင်တယ်လို့ မေးခဲ့တယ်။ အဲဒီနောက်မှာ မေလ (၅) ရက်နေ့မှာ အဖြေသိချင်တယ်လို့ မေးခဲ့ပါသေးတယ်။ သို့ပေမယ့်လည်း ဘယ်အချိန် မေးမေး အဖြေတစ်ခုတည်း ရနေတာတောင် ဇွဲမလျှော့သေးတဲ့ ဦးခင်ရီက အခုလည်း ထပ်ပြီး ကြိုးစားမယ် ဆိုရင် အချိန်ကုန်တာဘဲ အဖတ်တင် ပါလိမ့်မယ်။

ဘယ်အချိန်မေးမေး အဖြေတစ်ခုတည်းပါ ဦးခင်ရီ .. ထပ်ပြောပါမယ် .. ရိုဟင်ဂျာတွေကို လူမျိုးအမည် စာရင်းမှာ ကွက်လပ်ထား ကောက်မယ့် ကိစ္စကို လက်လျှော့လိုက်ပါ။ ဘယ်တော့မှ -- ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။

Comment ရေးရန်

Rohingya Exodus