နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲများက မဟုတ်မမှန် စွပ်စွဲ ဖမ်းဆီးမှုများ၊ လုယက်ခြင်းများနှင့် ရိုက်နှက်မှုများ များပြားလာနေ




RB News
17.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရဲများက မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခြင်းများ၊ လုယက်ခြင်းများနှင့် ရခိုင် အစွန်းရောက်များက အကြောင်းမဲ့ တိုက်ခိုက် ရိုက်နှက်ခြင်းများ တနေ့တခြား ပိုမိုများပြား လာလျက် ရှိသည်။

ယနေ့ (မေလ ၁၇) ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက် ဗိုလ်မှူးရွာမှ ဦးအုမတ်အလီ (ဘ) ဦးအဒူမူနာဖ်သည် ရွှေဇားရွာမှ ၎င်း၏ အိမ်သို့ အပြန်လမ်း၌ ရွှေဇားတံတား ကျော်ပြီး အမှတ် (၃) ရပ်ကွက်သို့ အရောက်တွင် ရခိုင် အစွန်းရောက် အချို့က အကြောင်းမဲ့ ရိုက်နှက်၍ အနီးရှိ ဟိန္ဒူလူမျိုး အိမ်တစ်အိမ်တွင် ကြိုးများဖြင့် ချည်နှောင်ထားခဲ့သည်။ ည ၇ နာရီကျော် အချိန်တွင် ရခိုင် အစွန်းရောက်များ အပြင် ထွက်သွားသည့် အခါ ထွက်ပြေး လွတ်မြောက် လာနိုင်ခဲ့သည်။ ရခိုင် အစွန်းရောက်များ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးအုမတ်အလီ၏ နှုတ်ခမ်းများ ကွဲသွားသည့် အပြင် ရင်ဘတ်နှင့် ကျောဘက်တွင်လည်း ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယနေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် ရဲစခန်း နယ်ထိန်းအဖွဲ့မှ ရဲတပ်ကြပ် လှမြင့်သည် အမှတ် (၃) ရပ်ကွက်မှ ဦးဟာမိတ် (စက်ပြင်ဆရာ) ကို နာရီစင် အနီးရှိ ကားအပို ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်မှ ဖမ်းဆီး ခေါ်ဆောင် သွားသည်။ ဦးဟာမိတ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခတွင် ပါဝင် လှုပ်ရှားခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ချုပ်နှောင် ထားကြောင်း သိရှိရပါသည်။

မေလ (၁၅) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အုပ်စု တောင်ရွာမှ ကိုအဲရ်ဖာန် (ဘ) မော်လ၀ီ ဦးဇော်မိလ် (အသက် ၂၈ နှစ်) ကို ရဲတပ်ဖွဲ့ဝင် ၅ ဦးက တရားမ၀င် ဆေးကုနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ရဲစခန်းတွင် တစ်ညလုံး လူမဆန်စွာ ရိုက်နှက် နှိပ်စက်ခဲ့သည်။ မေလ (၁၆) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် တရားမ၀င် ဘင်္ဂလားဖုန်း ကိုင်ဆောင်သည်ဟု ထပ်မံ၍ မဟုတ်မမှန် စွပ်စွဲပြီး မောင်တော ရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မေလ (၁၅) ရက်နေ့ကပင် မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းချောင်း ကျေးရွာ (ရမ်မျာဘိလ်) မှ ကိုကဲဖာတုလ္လာ (ဘ) ဦးရော်ရှိတ် အာမတ် (အသက် ၂၇ နှစ်) ၏ ဆိုင်ကို ၎င်းကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ ရဲ (၃) ဦး ရောက်ရှိလာပြီး၊ ရဲများက ဆိုင်ကို ဖျက်ဆီး၍ ဆိုင်အတွင်းရှိ ငွေကျပ် လေးသိန်း တန်ဖိုးရှိ ပစ္စည်းများ လုယက် ယူဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

MYARF မှ သတင်း အချက်အလက် အချို့ ပံ့ပိုးသည်။

Comment ရေးရန်

Rohingya Exodus