နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဒေသခံ ရိုဟင်ဂျာ အနည်းဆုံး ၃၆ ဦးကို ပစ်သတ်ခဲ့




RB News
21.5.2014

မောင်တော ။ ။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တိုက်ပွဲဖြစ်နေသည်ဟု မြန်မာအစိုးရမှ ပြောဆို နေသော်လည်း တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ သက်သေ အထောက် အထား မတွေ့ရှိရဘဲ၊ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ များက အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၃၆ ဦးထက် မနည်း သတ်ခဲ့ကြောင်း သတင်း ရရှိရပါသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှု လက်အောက်ရှိ အမှတ် (၂) နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ခွဲ၏ ဆာလေတောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၆) ဦးကို သေနတ်များဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ ယနေ့ (မေလ ၂၁) နံနက် ၈ နာရီ အချိန်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၄၅ အနီး (မြန်မာဘက် ဆာလေတောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် ဘင်္ဂလားဘက် အာဆာရ်တူလီ BGB စခန်း) မြန်မာဘက်မှ ဖြတ်ကျော်သည့် ဂိတ် အနီးရှိ လမ်းပေါ်တွင် မြန်မာ နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ဝင်များက အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၆) ဦးကို သေနတ်ဖြင့် ပစ်သတ်၍ လမ်းဘေးတွင် ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ သေနတ်ဖြင့် ပစ်သတ်ခဲ့ရသူ များ၏ အလောင်းများမှာ ယနေ့ ည (၈) နာရီ အချိန်ထိ လမ်းဘေးတွင် ရှိနေခဲ့ကြောင်း သိရှိရပါသည်။

မေလ (၂၀) ရက်နေ့ ည (၁၀) နာရီ အချိန်နှင့် မေလ (၂၁) ရက်နေ့ နံနက် ၂ နာရီ အချိန်တို့တွင် မိုင်တိုင် ၃၈၊ ၃၉ နှင့် ၄၀ တို့တွင် မြန်မာဘက် အခြမ်းမှ သေနတ်များဖြင့် ပစ်ခတ်သည့် အသံများ ကြားခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းရှိ ဘင်္ဂလီလူမျိုးများက RB News သို့ပြောပါသည်။ အလားတူ ယနေ့ (မေလ ၂၁) ရက်နေ့ နံနက် ၈ နာရီ အချိန်ကလည်း မိုင်တိုင် ၄၅ အနီးမှ သေနတ်ဖြင့် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်မှ အာဆာရ်တူလီ ရွာသားများက ပြောပါသည်။

လမ်းမှ ဖြတ်သန်းသွားလာ နေသော ဒေသခံ ရိုဟင်ဂျာ များကို သေနတ်များဖြင့် ပစ်သတ်လျက် ရှိကြောင်း ဒေသခံ ရိုဟင်ဂျာများက ဆိုသည်။ ယနေ့ (မေလ ၂၁) နံနက် ၈ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ပစ်သတ်လိုက်သည့် လူ (၆) ဦးတွင် ဒေသခံ ရိုဟင်ဂျာ ဦးရော်ဖိတ်နှင့် ဦးမူဘာရတ်တို့လည်း ပါဝင်ကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောပါသည်။

မေလ (၁၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက မိုင်တိုင် ၅၃ နှင့် ၅၄ တို့ရှိ GE ဆောက်လုပ်ရေးတပ်၏ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ်လုပ်နေသော ဒေသခံ ရိုဟင်ဂျာ ၃၀ ဦးကို ဖမ်းဆီး ချုပ်နှောင်ပြီး၊ ထိုနေ့တွင်ပင် ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ၃၀ ဦးတွင် သက်ကိုင်ညာ ကျေးရွာမှ ၁၅ ဦး ပါဝင်ကြောင်း သိရှိရပါသည်။ ပစ်သတ်ခဲ့ရသည့် ၃၀ ဦး၏ အလောင်းများကို မည်သည့်နေရာတွင် မြှပ်နှံ ထားသည်ကို မသိရှိရသေးဟု ဒေသခံများက ဆိုသည်။ ဆောက်လုပ်ရေး လုပ်ငန်းမှ ဖမ်းဆီးသည့် အချိန်တွင် ဗုဒ္ဓဘာသာဝင် နှစ်ဦး ပါဝင်ခဲ့ပြီး၊ ထိုဗုဒ္ဓဘာသာဝင် နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။

မေလ (၁၇) ရက်နေ့ နေ့လည် ၂ နာရီမှ စ၍ ဖြတ်သန်း သွားလာနေသည့် ဒေသခံ ရိုဟင်ဂျာ များကို ဖမ်းဆီး ချုပ်နှောင် လျက်ရှိပြီး၊ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲမှ ပစ်သတ်ခဲ့သည့် အလောင်း နှစ်လောင်းကို ဘင်္ဂလားဒေ့ရှ် ဘက်သို့ စွန့်ပစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ BGB မှ တွေ့ရှိခဲ့ပြီး၊ အဆိုပါ အလောင်း နှစ်လောင်းကို မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များလက်သို့ ပြန်လည် အပ်နှံခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် BGB ဘက်မှ ပြောပါသည်။

ယနေ့ (မေလ ၂၁) နှစ်နိုင်ငံ အလံ အစည်းအဝေးကို မိုင်တိုင် ၅၀ တွင် ကျင်းပခဲ့သည်။ ၎င်းအစည်း အဝေးသို့ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ရဲတပ်ရင်းမှူးများ၊ ဘင်္ဂလားဒေ့ရှ် BGB မှ တပ်ရင်းမှူး ဖရိသ် တို့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus