နောက်ဆုံးသတင်း/ဆောင်းပါးများ

ညမထွက်ရ အမိန့်ကို ဖီဆန်သည်ဟု လုပ်ကြံ၍ ငွေညှစ်




MYARF
RB News
25.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ပဒင်းကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ညမထွက်ရ အမိန့်ကို ဖီဆန်၍ အပြင်ထွက်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ တောင်ပိုင်း ပဒင်းကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦး ဖြစ်သည့် ကိုအဒူရှကူရ် (ဘ) ဦးအီလူ (အသက် ၂၅ နှစ်) နှင့် နူရ်ကော်ဘိရ် (ဘ) ဦးအဒူလာမိန် (အသက် ၂၀ နှစ်) တို့သည် မေလ (၂၃) ရက်နေ့ ည ၁၀ နာရီကျော် အချိန်တွင် ရာသီဥတု ပူပြင်းသောကြောင့် လမ်းဘေးတွင် ထိုင်နေကြစဉ် ပဒင်းကျေးရွာ အုပ်စု၊ ရေပုံးပြင်ရွာရှိ မူလတန်းကျောင်းတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ညမထွက်ရ အချိန်ကို ကျော်လွန်သည်ဟု ဆို၍ ဖမ်းဆီးပြီး ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အပြစ်မဲ့ ငွေညှစ်ခံရသူ နှစ်ဦးက ညမထွက်ရ အမိန့်သည် ည ၁၁ နာရီမှ နံနက် ၄ နာရီ အထိ ဖြစ်သည့် အတွက် ၎င်းတို့သည် ညမထွက်ရ အမိန့်ကို ကျူးလွန် ဖောက်ဖျက်ခြင်း မရှိဟု ပြောဆိုသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဤကျေးရွာတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီ အထိဟု မဟုတ်မမှန် ပြောကာ အာဏာ အလွှဲသုံးစား ပြုလုပ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ်တွင် ညမထွက်ရ အမိန့်မှာ ည ၁၁ နာရီမှ နံနက် ၄ နာရီ အထိ ဖြစ်ပြီး၊ လွန်ခဲ့သည့် ရက်ပိုင်းကလည်း မောင်တောမြို့ပေါ်ရှိ မြို့မ ဗလီကြီး၏ ညစောင့်ကို နံနက် ၅ နာရီခွဲတွင် ဖမ်းဆီးပြီး ညသန်းခေါင်ယံ အချိန်တွင် ဖမ်းဆီးမိသည်ဟု အမှုဆင်၍ ထောင် (၆) လ ချမှတ်ခဲ့သည်။

Comment ရေးရန်

Rohingya Exodus