နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောနှင့် တောင်ပြိုလက်ဝဲမှ အာဏာပိုင်များ၏ မတရား ဖမ်းဆီး ငွေညှစ်မှုများ




RB News
26.5.2014

မေလ (၂၅) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ လိပ်ရ ကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၄) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုသည် လိပ်ရတောင်ရွာမှ ဦးမောင်မောင် (ခ) ဦးဒိလ်မိုဟာမတ် (ဘ) ဦးကာဒီဟူစိန်း၏ ကျွဲ (၈) ကောင် ခြံစည်းရိုး တာဘောင်ပေါ်တက်သည်ဟု စွပ်စွဲ၍ ဦးမောင်မောင်ထံမှ ငွေကျပ် ၄၀၀၀၀/- ညှစ်ယူခဲ့သည်။ ရဲမှူး ဝေလင်းကိုက တောင်းသည့် ငွေကို မပေးပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သောကြောင့် တောင်းသည့် အတိုင်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မေလ (၂၄) ရက်နေ့ ည ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ချောင်းဒေါင်ကျေးရွာ (ဂေါ်ရခါလီ) မှ ဆွေယာဒ်ဒူလ္လာ (ဘ) ဦးဆွေယာဒ်အာမတ် (အသက် ၂၁ နှစ်) သည် ဆင်းမ်ကဒ်မပါသည့် ဖုန်းတွင် memory ကဒ်ထည့်၍ သီချင်း နားထောင်နေစဉ် ချောင်းဒေါင်နှင့် ဥဒေါင်း ကျေးရွာ အကြား တံတားရှိ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက တရားမ၀င် ဖုန်းကိုင်ဆောင် နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဒေသခံ ရွာသားများကို ထိုကဲ့သို့ မဟုတ်မမှန် စွပ်စွဲပြီး မကြာခဏ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လေ့ ရှိကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ်၊ အမှတ် (၂) နယ်မြေ အပိုင်ရှိ အောင်ဇံ ကျေးရွာ အုပ်စု၊ ဆီဒါရွာမှ ကိုဘော်ဒီအာလမ် (ဘ) ဦးအလီအာမတ် (အသက် ၂၅ နှစ်) သည် ကျန်းမာရေး အခြေအနေကြောင့် ဆေးကုသရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားဝင် သွားရောက်ခဲ့သည်။ ဆေးကုသပြီး ပြန်ရောက်သည့် အခါ မေလ (၂၂) ရက်နေ့က တပ်ရင်း (၅၃၅) မှ အမည်မသိ ဗိုလ်ကြီး တစ်ဦးက ခေါ်ယူပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် RSO သင်တန်း တက်ရောက်ရန် သွားသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် ငါးသောင်းနှင့် ငွေကျပ် သုံးသောင်းတန် နိုင်ငံခြားဖြစ် လက်နှိပ်ဓါတ်မီး တစ်လုံး ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မေလ (၂၀) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဦးရှည်ကျ ကျေးရွာမှ ဖော်ရီဒူလ္လာ (ဘ) ဦးအာဇီရာမန် (အသက် ၂၈ နှစ်) ကို အမှတ် (၅) နယ်မြေမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အကြောင်းမဲ့ ဖမ်းဆီး သွားပြီး ယခုအချိန်ထိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းသည် ကျပန်း အလုပ်သမား တစ်ဦးဖြစ်ပြီး၊ ယခုကဲ့သို့ ဖမ်းဆီး ခံထားရခြင်းကြောင့် သားသမီး နှစ်ဦး အပါအ၀င် မိသားစုမှာ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသည်။ ၎င်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးရှေ့ရှိ ငါးမွေးမြူရေးကန်တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက မကျေနပ်၍ မဟုတ်မမှန် တိုင်ကြားခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

Rohingya Eye မှ အချက်အလက် အချို့ပံ့ပိုးသည်။

Comment ရေးရန်

Rohingya Exodus