နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥဒေါင်း ကျေးရွာမှ အပြစ်မဲ့ ဒေသခံ နှစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးကို တရားစွဲဆို၍ ထောင်ချရန် စီစဉ်နေ




Rohingya Eye
RB News
26.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ နှစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးကို တရားစွဲဆို၍ ထောင်ချရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာမှ မော်လ၀ီ ယာစင်းန် (ဘ) ဦးအဒူလ်ဟာကိမ်း (အသက် ၂၈ နှစ်) ကို အလယ်သံကျော် အခြေစိုက် သတင်းတပ်ဖွဲ့ (SB) မှ ဒုရဲအုပ် အောင်ကျော်ဇင်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက မေလ (၂၅) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး၊ နေ့လည်ပိုင်း အထိ ညှဉ်းပန်း နှိပ်စက်၍ ညနေ (၄) နာရီ အချိန်တွင် ၎င်း၏ နေအိမ်သို့ ပြန်လည် ခေါ်ဆောင် လာခဲ့သည်။

ထို့နောက် ဒုရဲအုပ်အောင်ကျော်ဇင်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်ကို ရှာဖွေမှုများ ပြုလုပ်၍၊ ရှာဖွေ နေစဉ် ဒုရဲအုပ် အောင်ကျော်ဇင်က သေတ္တာ တစ်လုံး အတွင်းသို့ ၎င်း၏ သေနတ်ကို ထည့်ပြီး၊ အဆိုပါ သေနတ်ကို မော်လ၀ီ ယာစင်းန်၏ နေအိမ်မှ ရှာဖွေ ဖမ်းဆီး ရမိသည်ဟု ဆိုကာ မော်လ၀ီ ယာစင်းန်နှင့် ညီဖြစ်သူ မိုဟာမတ် ဖိုက်ဆဲရ် (အသက် ၂၄ နှစ်) တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မော်လ၀ီ ယာစင်းန်ကို မောင်တော ရဲစခန်းသို့ ပို့ဆောင်လိုက်ပြီး၊ မိုဟာမတ် ဖိုက်ဆဲရ်ကို အလယ်သံကျော် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားကြောင်း သိရှိရပါသည်။

မော်လ၀ီ ယာစင်းန်ကို မောင်တော တရားရုံးတွင် ယနေ့ (မေလ ၂၆) စစ်ဆေးခဲ့ပြီး၊ အစိုးရ သက်သေများ အဖြစ် ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြနှင့် အခြားသောသူများ သက်သေခံခဲ့ကြောင်း သိရှိရပါသည်။

မော်လ၀ီ ယာစင်းန်နှင့် ညီဖြစ်သူ မိုဟာမတ် ဖိုက်ဆဲရ်တို့ကို မေလ ပထမပတ်တွင် ဘင်္ဘောကွေ့ ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဓါးပြမှုနှင့် လူသတ်မှုတို့ကို ခေါင်းဆောင်ခဲ့သည့် ဓါးပြဗိုလ်နှင့် ဆက်နွယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ညီအစ်ကို နှစ်ဦးသည် အကျင့် စာရိတ္တ ကောင်းမွန်သူများ ဖြစ်ပြီး၊ ရပ်ရေး ရွာရေးတွင် ဦးဆောင် ပါဝင်သူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“အမှန်တော့ အဲဒီဓါးပြဗိုလ်နဲ့ အမှန်တကယ် ဆက်နွယ်နေသူတွေက တပ်ရင်းမှူး တွေပါ။ အဲဒီ ဓါးပြဗိုလ်က တပ်ရင်းမှူးတွေကို ဆက်ကြေးပေးပြီး လှုပ်ရှားနေတာ ကျွန်တော်တို့ ဒေသခံ တွေအားလုံး သိပါတယ်။ ကျွန်တော်တို့ ဒေသမှာ တရားဥပဒေက အပြစ်ရှိသူတွေကို ဖမ်းမယ့် အစား အပြစ်မဲ့တွေကို အမှုဆင် ဖမ်းဆီးပြီး၊ တကယ့် အပြစ်ရှိသူတွေရဲ့ အပြစ်ကို ဖုံးကွယ်တာက ဒီဒေသမှာ ရှိတဲ့ အာဏာပိုင်တွေရဲ့ အစဉ်အလာ တစ်ခုပါ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus