နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် အုပ်ချုပ်ရေးမှူးနှင့် တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦး တို့၏ ငွေညှစ်မှု ၁၉ မှု




RB News
25.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦး တို့သည် ဒေသခံ ရိုဟင်ဂျာ များကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ အမြဲတစေ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အောက်ပါ ငွေညှစ်မှု (၁၉) မှုမှ ငွေညှစ်ခံရသူ များမှာ အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တူလာ ရွာမှ ဒေသခံ ရိုဟင်ဂျာများ ဖြစ်ကြသည်။

အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦး တို့သည် အမှတ် (၇) နယ်မြေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်တပ်မှ တပ်ရင်းမှူး တို့နှင့် အမည်များကို အလွှဲသုံးစား ပြုလုပ်ပြီး ငွေညှစ်လျက် ရှိပြီး၊ ဦးကျော်ဇေယျာဦးက နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပ်ရင်းမှူးကို သုံးပုံနှစ်ပုံ ခွဲတမ်း ပေးရသည်ဟု ဒေသခံများကို ပြောလေ့ ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

(၁) ကိုမာမတ်ကာဆိမ်း (ဘ) ဦးဟူဆောင်အာမတ် (အသက် ၂၅ နှစ်) သည် အစိုးရ လိုင်စင်ရ ဓါးပြဗိုလ် တစ်ဦး ဖြစ်သူ ဦးအဒူလာကိမ်းနှင့် ဆွေမျိုး တော်စပ်သူ ဖြစ်ပြီး ဆက်ဆံမှု လုံးဝ မရှိသော်လည်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦး တို့က ငွေကျပ် ဆယ်သိန်း မပေးလျှင် သက်ဆိုင်ရာကို မဟုတ်မမှန် သတင်းပို့ပြီး ဒုက္ခရောက်အောင် ပြုလုပ်မည့်ဟု ခြိမ်းခြောက်သဖြင့် ဇန်န၀ါရီလ (၇) ရက်နေ့တွင် ပိုင်ဆိုင်သည့် လယ်ယာမြေ များကို ရောင်းချပြီး ငွေကျပ် ရှစ်သိန်း ပေးခဲ့ရသည်။

(၂) ဦးအီနုစ် (ဘ) ဦးအော်လီအာမတ် (အသက် ၄၅ နှစ်) သည် မိမိ၏ နေအိမ်ကို ပြုပြင်ရန် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ မတ်လ (၂) ရက်နေ့တွင် ခွင့်ပြုမိန့် ရယူခဲ့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က နေအိမ် ပြုပြင်သည့် အတွက်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။

(၃) အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးသည် မတ်လ (၈) ရက်နေ့တွင် ဦးအာမန်အုလ္လာ (ဘ) ဦးလာလ်မျာ (အသက် ၃၀ နှစ်) ကို နေအိမ်ပြုပြင်ခွင့် ပေးမည်ဟု ဆိုကာ ငွေကျပ် ခြောက်သောင်း ရယူပြီး၊ နေအိမ် ပြုပြင်ခွင့် ပေးခဲ့သည်။ မတ်လ (၁၉) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ခွင့်ပြုမိန့် မရှိဘဲ ပြုပြင်သည့် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ဦးကျော်ဇေယျာဦးကို ငွေကျပ် ခြောက်သောင်း ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းပြခဲ့သော်လည်း ဦးမောင်သက်နိုင်က ၎င်းနှင့်မဆိုင်ဟု ဆိုကာ ထပ်မံ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

(၄) ဧပြီလ (၂) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် မော်လ၀ီ ဦးဟာရှိမ် (ဘ) ဦးဆာလေအာမတ် (အသက် ၃၈ နှစ်) သည် မိမိ၏ ခြံဝင်းအတွင်း ထိုင်နေစဉ် အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လက်ထိပ်ခတ်၍ အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ည ၁၁ နာရီ ကျော်သည့် အချိန်တွင် ညမထွက်ရ အမိန့်ကို ဖောက်ဖျက်သည်ဟု ဆိုကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပြောဆို၍ ငွေညှစ်ရာ၊ ဧပြီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် မိဘများက ဦးကျော်ဇေယျာဦးနှင့် ရဲတပ်ဖွဲ့ဝင်များကို ငွေကျပ် ငါးသောင်း ပေး၍ သားဖြစ်သူကို အချုပ်ခန်းမှ ပြန်လည် ခေါ်ဆောင်လာခဲ့ရသည်။

(၅) ဧပြီလ (၁၅) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သက်နိုင်က မော်လ၀ီ ဦးနူရူအစ္စလာမ် (ဘ) ဦးအဒူဂဖာရ် (အသက် ၅၅ နှစ်) ၏ နေအိမ်ဟောင်း ပြုပြင်ရန် အတွက် ခွင့်ပြုမိန့် ပေးမည်ဟု ဆိုကာ ငွေကျပ် တစ်သိန်း သုံးသောင်း ညှစ်ယူခဲ့သည်။

(၆) ဧပြီလ (၁၈) ရက်နေ့ ည ၉း၃၀ နာရီတွင် ကိုဖွေယာဇူ (ဘ) ဦးအဒူလ်ဟာကိမ်း (အသက် ၃၀ နှစ်) သည် လက်ထပ်ခွင့် ခွင့်ပြုချက် စာရွက် ရရှိရန် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်ကို ငွေကျပ် သုံးသောင်း ပေးပြီး၊ ခွင့်ပြုမိန့် စာရွက်ယူ၍ ၎င်း၏ နေအိမ်သို့ ပြန်လာခဲ့သည်။ ည ၁၀း၃၀ နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦး ရောက်ရှိလာပြီး၊ ကိုဖွေယာဇူထံမှ လက်ထပ်ခွင့် ခွင့်ပြုစာကို ယူ၍ စုတ်ဖြဲပြီး၊ လက်ထပ်ခွင့် လိုချင်လျှင် ငွေကျပ် ငါးသောင်း ပေးရမည်ဟု ဆိုကာ ငွေညှစ်သဖြင့် ကိုဖွေယာဇူက အုပ်ချုပ်ရေးမှူးကို ဖုန်းဆက် မေးမြန်းရာ၊ အုပ်ချုပ်ရေးမှူးက သူ့တပည့် ပြောသလို လုပ်လျှင် လက်ထပ်ခွင့် ခွင့်ပြုစာ နောက်တစ်စောင် ထုတ်ပေးမည်ဟု ပြောသဖြင့်၊ နောက်ဆုံးတွင် ငွေကျပ် ငါးသောင်း ထပ်မံ ပေးခဲ့ရပြီး၊ လက်ထပ်ခွင့် ရရန် အတွက် အုပ်ချုပ်ရေးမှူးနှင့် တပည့်ဖြစ်သူ တို့ကို စုစုပေါင်း ငွေကျပ် ရှစ်သောင်း ပေးခဲ့ရသည်။

(၇) ဧပြီလ (၂၂) ရက်နေ့တွင် ဒေါ်ရေဟာနာ (ဘ) ဦးဟာဘီအုလ္လာ (အသက် ၂၅ နှစ်) နှင့် ဦးဟာဆူ (ဘ) ဦးအဆော်ဒူ တို့အချင်းချင်း စကားများရာ ရပ်မိရပ်ဖများက ဖြေရှင်း၍ ပြေလည်မှု ရရှိသွားသော်လည်း အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး၊ နှစ်ဦးစလုံးကို ၎င်း၏ အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် စာချုပ် တစ်ခုတွင် နှစ်ဦးစလုံးကို လက်မှတ် ရေးထိုးခိုင်းပြီး တစ်ဦးကို ငွေကျပ် ငါးသောင်းစီ ပေးရန် ခြိမ်းခြောက် ပြောဆိုခဲ့ရာ နောက်ဆုံးတွင် နှစ်ဦးပေါင်း ငွေကျပ် ရှစ်သောင်း ပေးခဲ့ရသည်။

(၈) ဧပြီလ (၂၄) ရက်နေ့တွင် မော်လ၀ီ ဦးနူရူအစ္စလာမ် (ဘ) ဦးအဒူဂဖာရ် (အသက် ၅၅ နှစ်) ပိုင်ဆိုင်သော နွားနှင့် ဦးဆွေယာဒ်ရာန် (ဘ) ဦးဖေရာန်၏ နွားတို့ ခွေ့ကြရာ၊ ဦးဆွေယာဒ်ရာန်၏ နွားဒဏ်ရာ ရရှိသွားသဖြင့် နှစ်သိန်းတန် နွားကို အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦးတို့က ငွေကျပ် သုံးသိန်း ကိုးသောင်းဖြင့် တန်ဖိုးဖြတ်၍ မော်လ၀ီ ဦးနူရူအစ္စလာမ် ထံမှ ငွေကျပ် သုံးသိန်း ကိုးသောင်း ရယူပြီး၊ နှစ်သိန်းကို နွားပိုင်ရှင် ဦးဆွေယာဒ်ရာန်ကို ပေးပြီး ကျန်သည့် ငွေကျပ် တစ်သိန်း ကိုးသောင်းကို ဦးမောင်သက်နိုင်နှင့် ဦးကျော်ဇေယျာဦး တို့ကို ခွဲဝေယူခဲ့သည်။

(၉) ဧပြီလ (၂၅) ရက်နေ့က အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးတို့က ဦးမာမတ်ဇာကေရ် (ဘ) ဦးကာလာဟူဆောင် (အသက် ၃၂ နှစ်) ၏ နေအိမ်ပြုပြင်ခွင့် အတွက် ငွေကျပ် တစ်သိန်း ခုနှစ်သောင်း ညှစ်ယူခဲ့သည်။

(၁၀) ဧပြီလ (၂၈) ရက်နေ့က ကိုအဘူလ်ဝါဖာ (ဘ) ဦးမာမတ်ကာဆိမ်း (အသက် ၂၅ နှစ်) ၏ နေအိမ်မှ ၀ါးထရံ တစ်ခုလဲရန် ခွင့်ပြုချက် အတွက် အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦးက ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။

(၁၁) ဧပြီလ (၃၀) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးက ဦးနိုရို (ဘ) ဦးအော်ဆီရာမန်၏ နေအိမ်ဟောင်း ပြုပြင်ခွင့် ပေးမည်ဟု ဆိုကာ ငွေကျပ် သုံးသောင်း ညှစ်ယူခဲ့သည်။

(၁၂) မေလ (၁) ရက်နေ့တွင် ဒေါ်ဆာဂျီဒါ (ဘ) ဦးဇော်ကော်ရီယာ (အသက် ၄၀ နှစ်) ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။

(၁၃) မေလ (၂) ရက်နေ့ ည ၈ နာရီ အချိန်တွင် ကိုဟာရှိမ် (ဘ) ဦးအဒူလောက် (အသက် ၂၇ နှစ်) ၏ နေအိမ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် ဦးကျော်ဇေယျာဦး တို့က ၀င်ရောက်၍ ရှာဖွေခဲ့ရာ မည်သည့် ပစ္စည်း တစ်စုံ တစ်ရာကို မတွေ့ရှိခဲ့သော်လည်း ၀ါးချ ကျေးရွာမှ လူနာ အမျိုးသမီး တစ်ဦးကို တွေ့သဖြင့် အဆိုပါ အမျိုးသမီးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ မေလ (၃) ရက်နေ့ ညနေပိုင်းတွင် အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူ၍ အဆိုပါ လူနာ အမျိုးသမီးကို ပြန်လည် လွှတ်ပေးခဲ့သည်။

(၁၄) မေလ (၃) ရက်နေ့တွင် ကိုအဒူလ္လာ (ဘ) ဦးဆွေယာဒ်ကာဆိမ်း (အသက် ၂၄ နှစ်) ကို အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးက တဖက်နိုင်ငံသို့ တရားမ၀င် သွားရောက် ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် နှစ်သောင်း ငါးထောင် ညှစ်ယူခဲ့သည်။

(၁၅) မေလ (၃) ရက်နေ့တွင် ဒေါ်ဂျမီလာ (ဘ) ဦးကုလ္လာမျာ (အသက် ၄၅ နှစ်) သည့် တစ်ဖက်နိုင်ငံသို့ တရားဝင် သွားရောက်၍ ဆေးကုသနေစဉ်၊ အိမ်၌ ကျန်ရစ် ခဲ့သော မိသားစုဝင်များထံမှ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦး တို့က အိမ်ထောင် ဦးစီး ထွက်ပြေးသွားသည်ဟု ဆိုကာ အိမ်ခြံမြေ သိမ်းမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် ၇၀၀၀၀/- ညှစ်ယူခဲ့သည်။ တစ်ဖန် ဒေါ်ဂျမီလာ ပြန်ရောက်သည့် အခါ ထပ်မံ၍ ငွေကျပ် သုံးသောင်း ညှစ်ယူခဲ့သည်။

(၁၆) မေလ (၇) ရက်နေ့တွင် ဦးမာမတ်တော်ယုဘ် (ဘ) ဦးမုစ်တာအာမတ်၏ မိခင် ဖြစ်သူကို တဖက်နိုင်ငံသို့ သွားရောက်ခဲ့သည်ဟု စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးက ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။

(၁၇) မေလ (၁၆) ရက်နေ့တွင် ဦးဆော်လီမုလ္လာ (ဘ) ဦးဆိဒိတ် (အသက် ၃၄ နှစ်) သည် ၎င်းပိုင်ဆိုင်သော လယ်မြေ ၀.၃၀ ဧကကို ရောင်းချခဲ့သည်။ အဆိုပါ သတင်းကို အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးက သိရှိသွားပြီး၊ လယ်မြေ ရောင်းချသူ ဦးဆော်လီမုလ္လာကို ငွေကျပ် တစ်သိန်း မပေးပါက ရဲနှင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သဖြင့် နောက်ဆုံးတွင် ငွေကျပ် ငါးသောင်း ပေးခဲ့ရသည်။

(၁၈) မေလ (၁၇) ရက်နေ့တွင် ကိုဆော်လီမုလ္လာ (ဘ) ဦးလာလ်မျာ (အသက် ၂၆ နှစ်) ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦး တို့က ရွာတွင် ညကင်းစောင့်ရန် ပုံမှန် အတိုင်း ကြိုတင် အကြောင်းကြားထားခြင်း မရှိဘဲ၊ ကင်းစောင့်ရန် သဖွယ် ပြောဆို၍ ခေါ်ဆောင်သွားပြီး၊ ငွေကျပ် ခြောက်ထောင်တန် ကြက်ဖ တစ်ကောင်နှင့် ငွေကျပ် တစ်သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

(၁၉) မေလ (၁၈) ရက်နေ့က ကိုအဗ်ဒူလ္လာ (ဘ) ဦးအလီဟူစိန်း (အသက် ၂၅ နှစ်) ကို ၀ယ်ယူထားသည့် နွားကို စာရင်းမတင်ဟု စွပ်စွဲပြီး အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးက ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ အဆိုပါ သတင်းကို မေလ (၁၉) ရက်နေ့တွင် RB News တွင် ဖော်ပြခဲ့သည်။ မေလ (၂၂) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ဦးကျော်ဇေယျာဦးက ကိုအဗ်ဒူလ္လာအား RB News သို့ သတင်းပို့သည့် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ထပ်မံ ညှစ်ယူခဲ့သည်။ ကိုအဗ်ဒူလ္လာသည် ငွေကြေး မတတ်နိုင်သဖြင့် အလယ်သံကျော်ဈေးရှိ ဦးမော်ဂျီအုလ္လာ ထံမှ ငွေကျပ် တစ်သိန်း ချေးယူပြီး ဦးကျော်ဇေယျာဦးကို ပေးခဲ့ရသည်။ ဦးကျော်ဇေယျာဦးက ငွေကျပ် တစ်သိန်း မပေးပါက နွားကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ခဲ့သည့် အတွက် တောင်းသည့် အတိုင်း ပေးခဲ့ရသည်။

Comment ရေးရန်

Rohingya Exodus