နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ နယ်ခြားစောင့်တပ်၏ ပစ်ခတ်မှုကြောင့် Kutupalong ဒုက္ခသည်စခန်းမှ လူငယ်တစ်ဦး သေဆုံး

Kutupalong ဒုက္ခသည် စခန်း (ဓါတ်ပုံ - Jonathan Saruk/Getty Images)


RB News
25.5.2014

Kutupalong, Bangladesh -- ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့စ်ဘဇား ခရိုင်ရှိ Kutupalong ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် လူငယ် တစ်ဦးကို မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၂၄) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၃၇ အနီးရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အထက် ဘာခ်ျပါရီရွာတွင် အလုပ်လုပ်ကိုင်နေသော Kutupalong ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ လူငယ် (၄) ဦးကို မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၃) ဦးက လိုက်လံ ပစ်ခတ်ရာ ရိုဟင်ဂျာ လူငယ် (၃) ဦး လွတ်မြောက် သွားသော်လည်း (၁) ဦး သေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သေဆုံးသွားသူမှာ မာမတ်ရှော်ဖိတ် (အသက် ၁၆ နှစ်) ဖြစ်ပြီး၊ မေလ (၂၅) ရက်နေ့တွင် ဖခင် ဖြစ်သူ ဦးဇာဟိတ်အာလမ်က သားဖြစ်သူ၏ အလောင်းကို သယ်ဆောင်ရန် လာရောက် ရှာဖွေ ခဲ့သော်လည်း အလောင်းကို ရရှိသွားခြင်း မရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇား BGB တပ်ရင်း (၁၇) မှ CO ဖြစ်သူ ဆိုက်ဖ်နှင့် BGB နယ်မြေမှူး ဖော်ရိတ်တို့သည် အခင်းဖြစ်ပွားသည့် နေရာသို့ မေလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် လာရောက်၍ အလံနီ တင်ပြီး ကန့်သတ် နေရာ အဖြစ် သတ်မှတ်လိုက်သည်။

သေဆုံးသွားသူ လူငယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်း အုပ်ချုပ်သူ ဦးမာမတ်နူရ် မာဇီ၏ အပိုင် B2 – Block တွင် နေထိုင် နေသူဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်း များ၏ အကူအညီ ရရှိခြင်း မရှိသော ဒုက္ခသည် ၃ သိန်းခန့်မှ တစ်ဦး ဖြစ်သည်။ ရိုဟင်ဂျာ ဒုက္ခသည် သုံးသောင်းခန့်ကို တရားဝင် ဒုက္ခသည်များ အဖြစ် အသိအမှတ် ပြုပြီး နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့လျက် ရှိသော်လည်း၊ တရားမ၀င် ဒုက္ခသည် ၃ သိန်းခန့်မှာ မည်သည့် အဖွဲ့အစည်းကမှ ထောက်ပံ့ခြင်း မရှိသောကြောင့် စားဝတ်နေရေး ခက်ခဲမှုကြောင့် ဘင်္ဂလီ ကျေးရွာများတွင် အလုပ်လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြ ရသည်။

ထိုကဲ့သို့ စားဝတ် နေရေး ခက်ခဲမှုကြောင့် ဘင်္ဂလီကျေးရွာ များတွင် အလုပ်လုပ် ကိုင်နေသည့် လူငယ်များကို မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့များက နိုင်ငံ ကျူးကျော်ပြီး ပစ်ခတ်ရာတွင် (၃) ဦးလွတ်မြောက် သွားသော်လည်း (၁) ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ အလောင်းကို မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က သယ်ဆောင် သွားပြီး ယခု အချိန်ထိ ပြန်လည် အပ်နှံခြင်း မရှိဘဲ မြန်မာ ပိုင်နက် အတွင်းရှိ ထားရှိထားကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဘင်္ဂလားဒေ့ရှ် BGB တပ်ကလည်း မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားရန် အတွက် မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ကျူးကျော် ၀င်ရောက် ပစ်ခတ်ခဲ့သည့် နေရာသို့ မသွားကြရန် အတွက် အလံနီတင်၍ ကန့်သတ် ထားလိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိပါသည်။

Comment ရေးရန်

Rohingya Exodus