နောက်ဆုံးသတင်း/ဆောင်းပါးများ

သစ်တောနား ခွဆုံ ကျေးရွာမှ BGP တပ်ဖွဲ့ဝင်များ ဒေသခံများကို ညှဉ်းပန်း နှိပ်စက်၊ ငွေညှစ်



Rohingya Eye
RB News
25.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ သစ်တောနား ခွဆုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တောနား ခွဆုံ ကျေးရွာမှ ဒေသခံများသည် ကားအသွားအလာ ရှင်းနေသည့် အချိန်တွင် တံတားပေါ်မှ နေ၍ ချောင်းအတွင်း မျောနေသည့် ထင်းများကို ဆယ်ယူကြရာ အဆိုပါ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအရာခံဗိုလ် တစ်ဦး ဦးဆောင်ပြီး တပ်ဖွဲ့ဝင် (၇) ဦး ပါဝင်သည့် အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံ (၃) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ နံနက်ပိုင်း အချိန်တွင် မည်သူ မဆို ရွာအတွင်း လွတ်လပ်စွာ သွားလာခွင့် ရှိသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက နံနက်ပိုင်းတွင် တံတားပေါ်တွင် ရှိနေသည်ဟု ဆိုကာ အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ဒေသခံ ၃ ဦးထံမှ ငွေကျပ် ၇ ထောင်ကျော်စီ တန်ဖိုးရှိ ကြက် (၃) ကောင် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။ ဖမ်းဆီးခံရပြီး ကြက် (၃) ကောင် ပေးခဲ့ရသူ များမှာ ---

(၁) မိုဟာမတ်ဟာရွန် (ဘ) ဦးရှောမ်ရှု (အသက် ၂၁ နှစ်)
(၂) ဆွေယာဒ်ဟူစိန်း (ဘ) ဦးရှော်ဖီရာမန် (အသက် ၂၁ နှစ်)
(၃) ဦးရှော်ဘိရ်အာမတ် (အသက် ၄၀ နှစ်) -- တို့ဖြစ်ပါသည်။

အလားတူပင် ဇွန်လ (၈) ရက်နေ့ ည ၈ နာရီ အချိန်တွင် သစ်တောနား ခွဆုံကျေးရွာ အုပ်စု၊ လေးမြို့ရွာ (ဆီယော့န်ဆူရီ ဖာရာ) မှ မာမတ်အီဆုပ် (ဘ) ဦးအဒူရာမန် (အသက် ၂၈ နှစ်) သည် မင်္ဂလာဆောင် တစ်ခုသို့ သွားနေစဉ် လမ်းခုလတ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက အကြောင်းမဲ့ ကိုယ်ထိ လက်ရောက် စော်ကားသည့် အပြင် အင်္ကျီ အိတ်ထဲရှိ ငွေကျပ် ၃၆၀၀၀/- ကိုပါ ဓါးပြများ သဖွယ် နှိုက်ယူခဲ့သည်။ ထို့အပြင် မာမတ်အီဆုပ်ကို အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက် ထိပ်တုံးခတ်၍ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်အစ္စလာမ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးထံ သွားရောက်၍ မာမတ်အီဆုပ်ကို ပြန်လည် လွှတ်ပေးရန် အသနားခံ တင်ပြခဲ့သော်လည်း ငွေကျပ် ၅ ထောင်ကျော် တန်ဖိုးရှိ ကြက် (၄) ကောင် ပေးမှသာ ပြန်လည် လွှတ်ပေးမည်ဟု ပြောသဖြင့် ကျပ်နှစ်သောင်းကျော်ဖိုး အကုန်အကျခံကာ ကြက် (၄) ကောင် ပေးမှ ပြန်လည် လွှတ်ပေးခဲ့သည်။ မာမတ်အီဆုပ်သည် ထိပ်တုံးခတ် ခံထားရသည့် ဒဏ်၊ ညှဉ်းပန်း နှိပ်စက် ခံရသည့် ဒဏ်တို့ကြောင့် ယခု အချိန်ထိ လမ်းပင် ကောင်းစွာ မလျှောက်နိုင်ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။ ခန္ဓာကိုယ်တွင်လည်း အတွင်း ဒဏ်ရာများ ရရှိထားသည်ဟု ဆိုသည်။

အဆိုပါ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းရှိ တပ်ဖွဲ့ဝင်များ အားလုံးသည် ရခိုင် လူမျိုးများ ဖြစ်ပြီး၊ လူမျိုးရေး အစွန်းရောက်များ ဖြစ်သောကြောင့် ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ် နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus