နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် စစ်တပ်က ဒေသခံ တစ်ဦးကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်




Rohingya Eye
RB News
9.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု အခြေစိုက် စစ်တပ်မှ တာဝန်ခံ စစ်ဗိုလ် တစ်ဦးက ဒေသခံ တစ်ဦးကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၄) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူးရွာ အခြေစိုက် စစ်တပ်မှ စစ်ဗိုလ်တစ်ဦးက မဒီနာရွာမှ ကိုဇူလ္လာ (ဘ) ဦးလာလ်မျာ (အသက် ၂၅ နှစ်) ကို တရားမ၀င် မိုဘိုင်းဖုန်း ကိုင်ဆောင် နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးရန် ကိုဇူလ္လာ၏ နေအိမ်သို့ လာရောက်ရာ၊ ကိုဇူလ္လာက မတရား ဖမ်းဆီးခံရပြီး ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေးသွားခဲ့သည်။ လာရောက် ဖမ်းဆီးသည့် စစ်ဗိုလ်က လူကို မဖမ်းဆီး နိုင်သဖြင့် ကိုဇူလ္လာ၏ ဆိုင်ကယ်ကို သိမ်းယူ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကိုဇူလ္လာသည် ၎င်း၏ ဆိုင်ကယ် ပြန်လည် ရရှိရေး အတွက် အဆိုပါ စစ်ဗိုလ်ကို ငွေကျပ် တစ်သိန်း ပေးခဲ့ရသည်ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။ ကိုဇူလ္လာသည် စစ်ဗိုလ်က ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်မည်ကို စိုးရိမ်၍ ထွက်ပြေးစဉ် ဦးမာမတ်ဇူဘိုင်ရ် (ဘ) ဦးဇော်ဖော်ရ်အာမတ် (အသက် ၃၀ နှစ်) ၏ နေအိမ် ခြံဝင်းမှ ဖြတ်ကျော် သွားခဲ့သဖြင့် အဆိုပါ စစ်ဗိုလ်က ဦးမာမတ်ဇူဘိုင်ရ်ကို ဒဏ်ငွေဟု ဆိုကာ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။

ဗျူဟာမှူးရွာ အခြေစိုက် စစ်တပ် စခန်းမှ စစ်ဗိုလ်များသည် ဗျူဟာမှူးရွာနှင့် မဒီနာရွာမှ ဒေသခံ ရိုဟင်ဂျာ များကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ် နေသဖြင့် ဒေသခံများ အလွန် စိတ်အနှောက် အယှက် ဖြစ်နေရသည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းတို့၏ ဒေသခံများကို ညှဉ်းပန်း နှိပ်စက်နေခြင်း များကို အထက် အာဏာပိုင်များ သိရှိရန် RB News မှတဆင့် ဖော်ပြလျှင်လည်း ထိရောက်စွာ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဘဲ၊ တာဝန်ဖြင့် ပြောင်းရွှေ့ခြင်း လောက်သာ အရေးယူ သဖြင့် ထပ်မံ ရောက်ရှိ လာသည့် စစ်ဗိုလ်များက ဆက်လက်၍ ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခြင်း များကို ပြုလုပ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus