နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဒေသခံ ရိုဟင်ဂျာများကို ကြမ်းတမ်း ရိုင်းပျစွာ ခြိမ်းခြောက်




RB News
14.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒု-ကွပ်ကဲရေးမှူးက ဒေသခံ ရိုဟင်ဂျာများကို ကြမ်းတမ်း ရိုင်းပျစွာ ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒု-ကွပ်ကဲရေးမှူးသည် ဇွန်လ (၁၁) ရက်နေ့က ညောင်ချောင်းကျေးရွာ၊ မြို့သူကြီး ကျေးရွာ၊ မြို့ဦး ဧတာလျာ ကျေးရွာ၊ သီဟိုဠ်ကျွန်းကျေးရွာ၊ ကျီးကန်းပြင် ကျေးရွာ၊ မောင်နှမ ကျေးရွာနှင့် အမှတ် (၆) ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များနှင့် ဒေသခံ အချို့ကို အစည်းအဝေး ခေါ်ယူ၍ ကြမ်းတမ်း ရိုင်းပျစွာ ခြိမ်းခြောက် ပြောဆိုခဲ့သည့် အပြင် ဇွန်လ (၁၂) ရက်နေ့ကလည်း အစ္စလာမ် ဘာသာရေး ဆရာများကို ခေါ်ယူ၍ ထပ်မံ ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒေသခံ တစ်ဦးက “ဒု-ကွပ်ကဲရေးမှူး (G-1) က -- မင်းတို့ ဒီနိုင်ငံမှာ နေချင်ရင် ငါတို့ ပြောတဲ့ အတိုင်း နာခံရမယ်၊ မနာခံနိုင်ဘူးဆိုရင် ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီနဲ့ မလေးရှား နိုင်ငံတွေကို ထွက်သွားကြ … ငါတို့နိုင်ငံမှာ ငါတို့က ဘုရင်ပဲ၊ အမေရိကန်က ငါတို့ကို လာအုပ်ချုပ်နေတာ မဟုတ်ဘူး။ အမေရိကန်က ငါတို့ကို နှစ်နှစ်ဆယ် တိတိ စီးပွားရေး ဒဏ်ခတ်ခဲ့တယ်။ ဒါပေမယ့် ငါတို့ ဘာမှ ဖြစ်မသွားဘူး။ ဘင်္ဂလားဒေ့ရှ်က တပ်ဖွဲ့ဝင် တစ်ယောက် ကိုလည်း ငါတို့ သတ်ပြခဲ့ပြီးပြီ။ သူတို့ ငါတို့ကို ဘာလုပ်နိုင်ခဲ့လဲ။ ငါတို့ ဘယ် ကုလသမဂ္ဂ၊ ဘယ် အဖွဲ့အစည်းကိုမှ မမှုဘူး။ မင်းတို့ ကုလားတွေ ဘယ်သူ့ကို အားကိုးပြီးတော့ စစ်ဆေး မခံချင်တာလဲ။ ဒီနိုင်ငံမှာ နေရင် ဒီနိုင်ငံရဲ့ ဥပဒေကို လိုက်နာရမယ်။ ရိုဟင်ဂျာ မရှိဘူးလို့ တရားဝင် ကြေညာခဲ့ပြီးပြီ။ အခု အေးအေး ဆေးဆေး စစ်ဆေး နေတာကို ငြင်းဆန် နေရင် ယခင်က န.စ.က လုပ်ခဲ့သလို လုပ်မယ်။ စစ်တွေက ဒုက္ခသည် စခန်း အခြေအနေကို မသိဘူးလား။ မင်းတို့ကိုလည်း သူတို့လို လုပ်ပစ်မယ်။ မင်းတို့ လယ်မြေတွေကို သိမ်းပစ်မယ်။ အိမ်တွေ ဆိုင်တွေ အားလုံးကို သိမ်းမယ်။ ပြီးတော့ ဒုချီးရားတန်း ရွာသားတွေလို အားလုံးကို တရားခံပြေး ကြေညာပစ်မယ်။ တောထဲ တောင်ထဲကို သွားခွင့် မပြုဘူး။ ပုံစံ (၄) လေးတွေ ပိတ်ပစ်မယ် -- ဆိုပြီး ၃ နာရီလောက် ရိုင်းရိုင်းစိုင်းစိုင်း ခြိမ်းခြောက်တယ်” ဟု RB News သို့ပြောပါသည်။

ယခု စစ်ဆေးနေသည့် ရှောင်တခင် လူဦးရေ စစ်ဆေးခြင်းကို တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂလီများ စစ်ဆေးရေးဟု ခေါင်းစဉ်တပ်၍ ကောက်ခံနေသည်ဟု ဒေသခံများက ပြောပါသည်။ ကံပူးကျေးရွာတွင် အစစ်ဆေး မခံသည့် မိသားစုများ၏ အိမ်ထောင်စု စာရင်းများကို ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ပြီး၊ အဘုကလာမ် (ဘ) ဦးလုခ်မာန်ကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း သိရှိရပါသည်။ ဒု-ကွပ်ကဲရေးမှူးသည် ရခိုင် လူမျိုး တစ်ဦး ဖြစ်ပြီး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို မရှိသည့် အချိန်တွင် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဒေသခံများနှင့် ဘာသာရေး ဆရာများကို ဆင့်ခေါ်ပြီး ခြိမ်းခြောက် နေခြင်းသည် ၎င်း၏ ကိုယ်ပိုင် အာဘော်သာ ဖြစ်ပြီး၊ နိုင်ငံတော် အာဘော်ဖြစ်မည်ဟု မထင်ကြောင်း ဒေသခံ တစ်ဦးက သုံးသပ် ပြောဆိုသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အကြီးအကဲ တစ်ဦးက ယခုကဲ့သို့ လူမျိုးရေး မုန်းတီးမှုကို အခြေခံပြီး ခြိမ်းခြောက် ပြောဆိုခြင်း အတွက် ဒေသခံ ရိုဟင်ဂျာများ အထူး စိုးရိမ်လျက် ရှိသည်ဟု ၎င်းက ပြောပါသည်။

“အခုလို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ပြုမှုနေတာ တွေကို နိုင်ငံတော် အစိုးရက အမြန်ဆုံး တားဆီး ပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးပေါင်း တစ်ရာကျော် ရှိတယ်။ အားလုံး အေးအေးချမ်းချမ်း နေလို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူမျိုးတစ်မျိုးကိုသာ ပစ်မှတ်ထားပြီး ဦးနေ၀င်း လက်ထက်ကစပြီး ဒုက္ခ ပေးနေတယ်။ G-1 သုံးနှုန်းသွားတဲ့ အသုံးအနှုန်းတွေ၊ ခြိမ်းခြောက်မှုတွေက လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးက ဘာအာဏာမှ မရှိဘူး။ သူတို့ နယ်ခြားစောင့်ရဲ တွေက လုပ်ချင်သလို လုပ်လို့ရတယ်။ သူတို့လုပ်တာကို မနာခံဘူးဆိုရင် ရွာတွေကို မီးရှို့မယ် ဆိုပြီး ခြိမ်းခြောက်တာက အကြမ်းဖက်သမား အသွင်ဆောင် ပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် မပေးဘူးဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်။” ဟု မောင်တောမြို့ပေါ်မှ ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ကျွန်တော်တို့က မြန်မာနိုင်ငံမှာ နိုင်ငံသား၊ တိုင်းရင်းသား ဆိုတာ သတ်မှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့ အချိန်ကပြီး တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရခဲ့တယ်။ အခုမှ ကျွန်တော်တို့ကို ခိုးဝင် ဘင်္ဂလီဆိုတဲ့ လုပ်ကြံပြီး နိုင်ငံရေး အမြတ်ထုတ်နေတယ်။ ကျွန်တော်တို့ အပေါ် လွန်လွန်ကျူးကျူး ဆက်ဆံလာပြီ ဆိုရင် ကျွန်တော်တို့ လမ်းပေါ်ထွက် ဆန္ဒ ဖော်ထုတ်မယ်။ ကျွန်တော်တို့ကို မတရား လုပ်တာကို ခေါင်းငုံ့ခံနေတာ အတော်လေးများ နေပြီ။ အခုတော့ ကျွန်တော်တို့ ခေါင်းငုံ့ သည်းခံတဲ့ အခြေအနေကို ကျော်လွန်ဖို့ ဆုံးဖြတ်ထားပြီးပြီ။ စစ်အစိုးရ လက်ထက်မှာ ဒုက္ခပေးခဲ့တာက အခု ဒီမိုကရေစီ အစိုးရလောက် မဆိုးဝါးခဲ့ဘူး။ ဦးသိန်းစိန် ကိုယ်တိုင်က လူမျိုးရေး မုန်းတီးမှုအရ ဒီလို လုပ်ဖို့ အမိန့် ပေးထားသလားလို့ သံသယ ဖြစ်မိပါတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

၎င်းက ဆက်လက်၍ “အခုဆိုရင် ကျွန်တော်တို့ ဥပုသ်လ နီးကပ်လာပြီ၊ ရက်ပိုင်းဘဲ လိုတော့တယ်။ ကျွန်တော်တို့က ၀ါတွင်းမှာ အေးအေး ဆေးဆေး ဥပုသ်စောင့်ချင်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ကျွန်တော်တို့ရဲ့ ဗလီ ၀တ်ကျောင်းတော် တွေကို ပိတ်ပင်ခဲ့တယ်။ အခု ဥပုသ်လမှာ စိတ်အနှောက်အယှက် ဖြစ်အောင် တမင် ဖန်တီး နေတာလို့လည်း မြင်တယ်။ ဦးသိန်းစိန် အစိုးရ အနေနဲ့ နယ်ခြားစောင့် ရဲတွေက အခုလို ပြဿနာ ဖန်တီးနေတာကို လက်ပိုက်ကြည့် နေမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာ ဖြစ်လာပါလိမ့်မယ်လို့ ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့မှာ သည်းခံနိုင်စိတ် ကုန်သွားပါပြီ။ ကျွန်တော်တို့ လူတွေပါ။ လူကို လူလို ဆက်ဆံဖို့ လိုပါမယ်။ လူလို နားလည်တဲ့သူတိုင်း လူလို ဆက်ဆံတတ်ပါတယ်” ဟု ပြောပါသည်။

ယျာတင် (MYARF) နှင့် Rohingya Eye တို့မှ သတင်း ပေးပို့သည်။ 

Comment ရေးရန်

Rohingya Exodus