နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီးရားတန်းမှ အပြစ်မဲ့ (၈) ဦးကို ထောင်ဒဏ် (၇) နှစ်စီချမှတ်




Rohingya Eye
RB News
4.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းတွင် ဇန်န၀ါရီလ၌ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည့် ဒုချီးရားတန်း ကျေးရွာမှ အပြစ်မဲ့ (၈) ဦးကို ထောင်ဒဏ် (၇) နှစ်စီ ချမှတ် လိုက်ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၃) ရက်နေ့ ညပိုင်းနှင့် (၁၄) ရက်နေ့ နံနက်ပိုင်းတို့တွင် အာဏာပိုင်များက မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာတွင် ဒေသခံ ရိုဟင်ဂျာများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး၊ အပြစ်မဲ့ ရွာသား (၈) ဦးကို ဖမ်းဆီး၍ မေလ (၂၈) ရက်နေ့က မောင်တောမြို့နယ် တရားရုံးမှ ထောင်ဒဏ် (၇) နှစ်စီချမှတ် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မတရားသဖြင့် ဖမ်းဆီး အပြစ်ပေးခံရသူများ ထဲတွင် သက်ကြီး ရွယ်အိုများလည်း ပါဝင်ပြီး၊ ကျန်းမာရေး အခြေအနေ ဆိုးရွားသူများလည်း ပါဝင်ကြောင်း သိရှိရပါသည်။ စီရင်ချက် ချမှတ်ခဲ့သည့် တရားသူကြီးက အထက် အမိန့် အရ ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ တရားစီရင်ရေးတွင် အုပ်ချုပ်ရေးမှ ပါဝင်၍ ဖိအား ပေးခွင့် မရှိသော်လည်း ရိုဟင်ဂျာ လူမျိုးများကို မတရား သဖြင့် ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ရေး မူဝါဒသည် နိုင်ငံတော် အစိုးရမှ ချမှတ်ထားသည့် မူဝါဒ ဖြစ်သည့် အတွက် ယခုကဲ့သို့ အပြစ်မဲ့များကို မတရား သဖြင့် စီရင်ချက်ချရန် နိုင်ငံတော် အစိုးရမှ လမ်းညွန် ညွန်ကြားခြင်း ဖြစ်သည်။

အဆိုပါ အပြစ်မဲ့ (၈) ဦး၏ မိသားစုများမှာ အလွန်ဆင်းရဲသည့် မိသားစုများ ဖြစ်သည့် အတွက် ၎င်းတို့ အနေဖြင့် ထောင်ဝင်စာ တွေ့ရန်ပင် အလွန်ခက်ခဲလိမ့်မည် ဖြစ်ကြောင်း၊ မတရား အပြစ်ပေး ခံရသည့်သူများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း မိသားစုဝင်များက ပြောပါသည်။

မတရား ဖမ်းဆီး အပြစ်ပေးခံရသူ (၈) ဦးမှာ --

(၁) ဦးဒေါဘီလ္လာ (ဘ) ဦးနေဇာမ် (အသက် ၇၅ နှစ်)
(၂) ဦးကမာလ်အူဒင် (ဘ) ဦးနေဇာမ်အူဒင် (အသက် ၆၀ နှစ်)
(၃) ဦးရှော်မ်ရှု (ဘ) ဦးဘော်ဒီအာလမ် (အသက် ၅၀ နှစ်)
(၄) ဇိုက်အာလမ် (ဘ) ဦးအလီအာဘော်ရ် (အသက် ၂၅ နှစ်)
(၅) ဦးနူရ်မုစ်တာဖာ (ဘ) ဦးအလီဟူစိန်း (အသက် ၅၀ နှစ်)
(၆) ရော်ဖိခ် (ဘ) ဦးလာလ်မျာ (အသက် ၂၀ နှစ်)
(၇) ဦးရော်မ်အလီ (ဘ) ဦးလာလ်မျာ (အသက် ၅၅ နှစ်)
(၈) ဦးရှော်မ်ရှုအာလမ် (ဘ) ဦးဒေါရား (အသက် ၃၀ နှစ်) -- တို့ဖြစ်ပါသည်။

Comment ရေးရန်

Rohingya Exodus