နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ရပ်ကွက် (၅) အုပ်ချုပ်ရေးမှူးက ဒေသခံများကို ရိုက်နှက်၍ ငွေညှစ်




RB News
14.6.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးသည် ဒေသခံ ရိုဟင်ဂျာများကို ရိုက်နှက် နှိပ်စက်ပြီး ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်၊ ဟာမ်လာရွာမှ ဦးအဒူလ်အာဇီဇ် (ဘ) ဦးမိုဟာမတ်အာမီးန်ကို အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက လူကုန်ကူးနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ရိုက်နှက်ပြီး ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ဇွန်လ (၃) ရက်နေ့တွင်လည်း အုပ်ချုပ်ရေးမှူးက ရာအိမ်မှူးများ ဖြစ်သော ဦးဟာမိဒူလ္လာ၊ ဦးအစ္စမိုင်လ်နှင့် ဦးနူရ်အာလမ် တို့ကို စေလွှတ်၍ ငွေကျပ် တစ်သိန်း ထပ်မံ ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။

တစ်ဖန် ဇွန်လ (၁၁) ရက်နေ့ ည ၇ နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက အဆိုပါ ဦးအဒူလ်အာဇီဇ်ကို ရဲစခန်းမှ ဆင့်ခေါ်ထားသည့် အတွက် သွားရမည်ဟု လုပ်ကြံ ပြောဆိုပြီး ၎င်း၏ ဆိုင်ကယ် နောက်တွင် တင်၍ ရဲစခန်းရှေ့သို့ ခေါ်ဆောင် သွားကာ ငွေကျပ် ၂ သိန်း တောင်းခဲ့သည်။ ဦးအဒူလ်အာဇီဇ်က ၎င်းကို ရဲလက်သို့ မဟုတ်မမှန် လုပ်ကြံ အမှုဖြင့် အပ်ပါက ညှဉ်းပန်း နှိပ်စက် ခံရမည်ကို စိုးရိမ်၍ နေအိမ်သို့ ပြန်ပို့ပေးပါက ငွေကျပ် တစ်သိန်း ပေးမည်ဟု ကတိပေးခဲ့သည်။ ဦးအဒူလ်အာဇီဇ်၏ နေအိမ်သို့ ရောက်သည့် အခါ ဇနီးသည် ဖြစ်သူက ငွေကျပ် ၅ သောင်းကို အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးအား ပေးရာ၊ ဦးမောင်လှိုင်စိုးက ငွေကျပ် ၅ သောင်းသာ ပေးသည့် အတွက်ဟု ဆိုကာ ဦးအဒူလ်အာဇီဇ်၏ ဇနီးသည် မျက်နှာကို လက်သီးဖြင့် ထိုးပြီး၊ အလွန် ညစ်ညမ်းသည် များကို ရိုင်းပျစွာ ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးမောင်လှိုင်စိုးသည် ဒေသခံရွာသား များကို မကြာခဏ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လေ့ရှိသည်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက သိသော်ငြားလည်း ဝေစု ရနေသည့် အတွက် အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus