နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော၊ မောင်နီရွာ မူလွန်ကျောင်းတွင် ဆရာမများ စာမသင်



RB News
28.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နီရွာရှိ မူလတန်း လွန်ကျောင်းတွင် ကျောင်းဆရာများ စာသင်ကြားခြင်း မရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာရေး ဆုံးရှုံး နစ်နာလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မောင်နီရွာရှိ မူလတန်း လွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၉၀၀ ကျော်ရှိပြီး၊ ၂၀၁၄ - ၁၅ ပညာသင်နှစ်တွင် သူငယ်တန်းမှ ဆဌမတန်းထိ ဖွင့်လှစ် သင်ကြားလျက် ရှိသည်။ သူငယ်တန်းမှ ပထမတန်း ကျောင်းသား၊ ကျောင်းသူများမှာ နံနက် ၇ နာရီမှ ၁၀း၃၀ နာရီ အထိ ဖြစ်ပြီး၊ နံနက် ၁၁ နာရီမှ ညနေ ၄း၃၀ နာရီ အထိ ဒုတိယတန်းမှ ဆဌမတန်း ကျောင်းသားများကို သင်ကြားလျက် ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ကျောင်းတွင် ရခိုင်လူမျိုး ဆရာမ ၁၀ ဦး ရှိပြီး၊ ရိုဟင်ဂျာ ဆရာ တစ်ဦး ရှိသည်။ သို့သော်လည်း နံနက် ၇ နာရီ ၁၀း၃၀ နာရီ အချိန်တွင် မည်သည့် ဆရာ/မ တစ်ဦးမှ လာရောက်ခြင်း မရှိသဖြင့် သူငယ်တန်းနှင့် ပထမတန်း ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြား ပေးသည့် ဆရာ/မ လုံးဝ မရှိ ဖြစ်နေသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နံနက် ၁၁ နာရီမှ ညနေ ၄း၃၀ နာရီ အတွင်း ဆရာ/မ ၁၁ ဦးမှ ၆ ဦး လာရောက်သော်လည်း ၎င်းတို့သည် ကျောင်းသို့ နေ့လည် ၁၂ နာရီ အချိန်တွင် လာရောက်ကြပြီး နေ့လည် တစ်နာရီ အချိန်တွင် ပြန်သွား ကြသည့် အတွက် ဒုတိယတန်းမှ ဆဌမတန်း ကျောင်းသား၊ ကျောင်းသူများမှာ ပညာသင်ကြား ပေမည့် ဆရာ/မ မရှိဟု အဆိုပါ ဒေသခံမှ ပြောပါသည်။

ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းနွယ်လည်း တစ်လတွင် နှစ်ကြိမ်ခန့်သာ ကျောင်းသို့ လာရောက်သည့် အတွက် အဆိုပါ မူလတန်း လွန်ကျောင်းမှာ အထိန်း အကွပ်မဲ့ သဏ္ဍန် ဖြစ်နေသည်ဟု ဆိုသည်။ ယခု စာသင်နှစ်တွင် စတုတ္တတန်းကို အစိုးရစစ် အဖြစ် စနစ်ပြောင်းလဲ လိုက်သည့် အတွက် စတုတ္တတန်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ အထူး စိုးရိမ်လျက် ရှိကြကြောင်း သိရှိရပါသည်။

နိုင်ငံတော် အစိုးရမှ ပညာရေး ၀န်ထမ်းများကို လစာပေး၍ ခန့်ထားသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရခိုင် လူမျိုး ဆရာ/မ များမှာ ကျောင်းများသို့ လာရောက်ခြင်း မရှိသဖြင့် ရိုဟင်ဂျာ လူမျိုး ကျောင်းသား/သူ များမှာ ပညာရေးပိုင်းတွင် အလွန် ဆုံးရှုံး နစ်နာလျက် ရှိသည်။ သက်ဆိုင်ရာ ဌာန၏ အကြီးအကဲများကို တိုင်ကြားလျှင်လည်း အရေး တယူ ဆောင်ရွက် ပေးခြင်း မရှိသဖြင့် ရိုဟင်ဂျာ လူမျိုးများ၏ ပညာရေး အဆင့် အတန်း တစ်နေ့ထက် တစ်နေ့ နိမ့်ပါး လာနေရသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus