နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူး ဝေလင်းကိုက ကျေးရွာ ရပ်မိရပ်ဖများကို မဟုတ်မမှန် စွပ်စွဲ၍ စစ်ဆေးပြီး ငွေညှစ်လျက်ရှိ




RB News
2.6.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ အုပ်စု မြောက်ရွာမှ ရပ်မိရပ်ဖများကို အမှတ် (၄) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုက မဟုတ်မမှန် စွပ်စွဲ၍ စစ်ဆေးပြီး ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မေလ (၂၃) ရက်နေ့ ညနေပိုင်းတွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ အုပ်စု၊ မြောက်ရွာမှ ရပ်မိရပ်ဖ (၄၀) ဦးသည် ကျေးရွာ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ ထိုကဲ့သို့ အစည်းအဝေး ကျင်းပနေသည်ကို ရဲမှူး ဝေလင်းကို၏ တပည့် ဖြစ်သူ ဦးမောင်မောင်က ဦးဟိုက်ရုဘော်ရှော်ရ်နှင့် အပေါင်းအပါ တို့သည် RSO သင်တန်း ပေးရန်နှင့် တဖက်နိုင်ငံမှ လက်နက်များ ၀ယ်ယူရန် စည်းဝေးနေသည်ဟု ရဲမှူး ဝေလင်းကိုထံ မဟုတ်မမှန် သတင်းပို့ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် မေလ (၂၄) ရက်နေ့ ည (၁၀) နာရီ အချိန်တွင် ရဲမှူး ဝေလင်းကို၏ တပည့် ဦးမောင်မောင်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၅) ဦးတို့က ရပ်မိရပ်ဖ (၈) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ ရပ်မိရပ်ဖ (၈) ဦးကို ရဲမှူး ဝေလင်းကိုက နိုင်ငံတော် ဆန့်ကျင်ရေးများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး၊ အကယ်၍ ဦးမောင်မောင် သတင်းပို့သည့် အတိုင်း ပေါ်လွင်ပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါသည်။ ရပ်မိရပ်ဖ (၈) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ရဲမှူး ဝေလင်းကိုက ဦးဟိုက်ရုဘော်ရှော်ရ် ထံမှ ငွေကျပ် ငါးသိန်း တောင်းထားသည်ဟု ဆိုသည်။

ဖမ်းဆီး စစ်ဆေးခံရသူ များမှာ --

(၁) ဦးဟိုက်ရုဘော်ရှော်ရ် (ဘ) ဦးအဒူရှကူရ် (အသက် ၄၅ နှစ်)
(၂) မော်လ၀ီ ဦးအာရော်ဖ်အုလ္လာ (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၄၀ နှစ်)
(၃) မော်လ၀ီ ဦးအီနုစ် (ဘ) ဦးနော်ဘီအုလ္လာ (အသက် ၃၅ နှစ်)
(၄) ဦးအော်လီအာမတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၄၀ နှစ်)
(၅) ဦးဆူလူး (ဘ) ဦးဖော်ဇော်ကရီးမ် (အသက် ၅၀ နှစ်)
(၆) ဦးဇူဘိုင်ရ် (ဘ) ဦးလာလ်မျာ (အသက် ၃၂ နှစ်)
(၇) ဦးနူရ်ဘော်ရှော် (ဘ) ဦးအဒူရှကူရ် (အသက် ၅၀ နှစ်)
(၈) ဦးမူဖီဇူလ္လာ (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၃၇ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus