နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်ဆေးမခံပါက ပြည်ပြေး အဖြစ် သတ်မှတ်မည်ဟု ခြိမ်းခြောက်



Rohingya Eye
RB News
25.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မ အရှေ့ ရပ်ကွက် (အမှတ် (၄) ရပ်ကွက်) ရှိ ရပ်မိရပ်ဖ များကို အစည်းအဝေး ခေါ်ယူ၍ စစ်ဆေးခြင်း မခံသူများကို ပြည်ပြေးများ အဖြစ် သတ်မှတ်မည်ဟု ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ (ဇွန်လ ၂၅) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြို့မ အရှေ့ ရပ်ကွက် (အမှတ် (၄) ရပ်ကွက်) ရှိ ရပ်မိရပ်ဖများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်ပြီး အစည်း အဝေး တစ်ရပ် ကျင်းပခဲ့သည်။ ယင်းအစည်း အဝေးတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ဦးစီးအရာရှိက ယခု စစ်ဆေး နေသည့် လူဦးရေ စစ်ဆေးခြင်းသည် လူမျိုးနှင့် မဆိုင်သလို၊ ကိုးကွယ်သည့် ဘာသာနှင့်လည်း မဆိုင်ကြောင်း၊ အိမ်ထောင်စု တစ်စုတွင် ရှိသည့် လူဦးရေ၊ နိုင်ငံခြားသို့ ထွက်သွားသည့် လူဦးရေ၊ မွေးဖွားသည့် ဦးရေ၊ သေဆုံးသည့် ဦးရေ၊ ကျား/မ ဦးရေ တို့ကိုသာ ကောက်ခံ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက “နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ကိုယ်စား ကျွန်တော် ပြောမယ်၊ ပထမ အကြိမ် စစ်ဆေးမယ်၊ စစ်ဆေးမခံဘူး ဆိုရင် ခွင့်လွှတ်မယ်၊ ဒုတိယ အကြိမ် စစ်ဆေးမယ်၊ ဒုတိယ အကြိမ်မှာလည်း စစ်ဆေး မခံဘူးဆိုရင် ခွင့်လွှတ်မယ်၊ တတိယ အကြိမ်မှာ အစစ်ဆေး မခံဘူး ဆိုရင်တော့ ပြည်ပြေး အဖြစ် သတ်မှတ်မယ်” ဟု ထည့်သွင်း ပြောကြား၍ ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဇွန်လ ၂၈ ရက်နေ့မှ စ၍ မြို့မ အရှေ့ ရပ်ကွက် (အမှတ် (၄) ရပ်ကွက်) တွင် စစ်ဆေးခြင်းများ စတင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

လူဦးရေ စစ်ဆေးခြင်းကို ဒေသခံ ရိုဟင်ဂျာများက လက်ခံနိုင်သော်လည်း၊ အာဏာပိုင်များက လက်နက်ဖြင့် ခြိမ်းခြောက်၍ အတင်း အဓမ္မ ခိုးဝင် ဘင်္ဂလီများ စာရင်းဟု ပြုလုပ် နေခြင်းကို လုံးဝ လက်မခံ နိုင်သည့် အတွက် ယခု ပြုလုပ် နေသည့် စစ်ဆေးမှုကို ဒေသခံ ရိုဟင်ဂျာ တစ်ဦး တစ်ယောက်ကမှ ပါဝင် စစ်ဆေးခံရန် ငြင်းဆိုနေခြင်း ဖြစ်သည်။ နိုင်ငံတော် အစိုးရမှ ရိုးသား ပွင့်လင်းစွာ လူဦးရေ စာရင်း စစ်ဆေးမည် ဆိုပါက မည်သူမဆို ပါဝင်ရန် အသင့် ရှိနေကြသည်။

လူဦးရေ စစ်ဆေးခြင်းဟု ဆိုကာ ခိုးဝင် ဘင်္ဂလီများ စာရင်းဟု မှတ်တမ်းတင် နေခြင်းကို ရပ်တန့်ပြီး၊ ဒေသခံများ အပေါ် ရိုးသားစွာ ပွင့်လင်း မြင်သာမှုကို ပြပြီး ကောက်ခံရန် လိုအပ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus