နောက်ဆုံးသတင်း/ဆောင်းပါးများ

အမှောင်ကမ္ဘာထဲ တွန်းပို့ခံနေရသူများ




ယျာတင် (MYARF)
RB News
5.6.2014

"သမီးလည်း လိုက်တော့မယ်… ဘာဘာ သမီးကို ကျောင်းစိမ်း ဝယ်ပေးမယ်ဆို… မပေးဘူးလားဟင်…" အိမ်မှာ ရိက္ခာပြတ်သွားသဖြင့် ရိက္ခာ အနည်းအကျဉ်း သွားဝယ်ရအောင်ဆိုပြီး ဈေးသွားရန် ပြင်ဆင်နေသော ဦးကျော်စိန်၏ ခြေလှမ်းများသည် သမီး၏ စကားကိုကြားမိ၍ တုံ့ဆိုင်းသွားသည်။ ရင်ထဲ ဖြစ်ပွားလာသော အမျိုးအမည်မသိ ဝမ်းနည်းမှုက သူ့မျက်နှာ အမှုအရာကို ဆိုးဝါးမသွားစေခင် ဦးကျော်စိန်က သူ့မျက်နှာ အမှုအရာကို အချိန်မီ ပြောင်းယူလိုက်ရ၏။

"သမီး… ဘာဘာ ဝယ်လာခဲ့မယ်လေ…" သမီးလေးကို ကတိပေးသလို ပြောပြီး အိမ်ကထွက်လာရန် ဦးကျော်စိန် ခြေလှမ်း စလှမ်း လိုက်တော့သည်။ သမီးလေးက ဦးကျော်စိန်၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်၍ ပူဆာ သလိုပုံစံမျိုးနှင့်

"အင်းဟင့်…သမီးလည်း ဘာဘာနဲ့အတူ လိုက်မယ် … သမီးဟာ သမီးကြည့် ၀ယ်ချင်တယ် … ပြီးတော့ စာအုပ်တွေလည်း လိုနေတယ်လေ …"

ဦးကျော်စိန် တစ်ယောက် ဘာလုပ်ရမည်နည်း။ သူ့အင်္ကျီအိတ်အပေါ်ကို သူ့ညာဖက်လက် အမှတ်မထင် ရောက်သွား၍ စမ်းကိုင်မိသွားသည်။ တစ်ဆက်တည်း သူက ခေါင်းကို အသာလေး ရမ်းမိလိုက်၏။

"ဟုတ်ပြီ သမီး…မနက်ဖြန် အစောကြီး သွားရတာပေါ့ … ဒီနေ့ နေလည်းမြင့်သွားပြီ ဆိုတော့ အပြင်မှာ အရမ်းလည်းပူနေပြီ … နော် .. သမီး နော်…"

"တကယ် ခေါ်သွားမယ်နော် …"

ချွဲချွဲနွဲ့နွဲ့ ပြောနေသော သမီးကို ဦးကျော်စိန် အပြုံးနဲ့ ခေါင်းညိတ် ပြလိုက်သောအခါ သမီးလေး အလွန်ပျော်သွား၏။ အဖေ့လက်တစ်ဖက်ကို ဆွဲကိုင်ပြီး လက်ဖဝါးလေးပေါ် တစ်ချက်နမ်းလိုက်လေသည်။ ပြီးလျှင် လမ်းပေါ်မှာ ကစားနေသော ကလေးတွေဆီ ပြေးလိုက်သွားတော့၏။

ဘာပူပင်သောကမှ မရှိသော သမီးလေး၏ နောက်ကျောပြင်ကို ငေးကြည့်နေရင်း ဦးကျော်စိန်တစ်ယောက် ဒုတိယအကြိမ် ခေါင်းရမ်းလိုက်တော့သည်။ ဦးကျော်စိန်ဆိုသော သူသည် လွန်ခဲ့သော (၂) နှစ်ခန့်က ကိုယ့်အိမ် ကိုယ့်ယာ- ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းဖြင့် မိသားစု ဘဝ တစ်ခုကို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့သူ ဖြစ်သည်။ သို့သော် ယခုအခါ ဦးကျော်စိန် အတွက် အရာရာသည် ပြောင်းလဲလို့နေပြီ။ ကံအကြောင်းမလှလို့ဟု ပြောရမလား သို့မဟုတ် ဘေးတစ်ခု ကပ်ဆိုက် နေသည်ဟုပြောရမလား သူသည် ယခုအခါ အိုးမဲ့ အိမ်မဲ့ စီးပွားရေးမဲ့ အလုပ်အကိုင်မဲ့ ဘဝဖြင့် စစ်တွေ ဘော်ဒူဖာ ဒုက္ခသည် စခန်းထဲမှာ ဖြစ်လို့နေ၏။ တိတိကျကျပြောရလျှင် လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့သည် ဦးကျော်စိန်တို့ဘဝ၏ အမှောင်ကျဆုံး နေ့တစ်နေ့ဖြစ်ခဲ့ပြီး ထိုနေ့၏ အကျိုးဆက်ကြောင်းကြောင့် ဒုက္ခသည် ဘဝဖြင့် အသက်ရှင် နေရခြင်းဖြစ်သည်။ ထိုနေ့တွင်ရခိုင် အကြမ်းဖက်သမား လူအုပ်ကြီးနှင့် ၎င်းတို့ကို အကြမ်းဖက်နိုင်ရန် လိုလေသေးမရှိ ကူညီထောက်ပံ့ ပေးခဲ့သော လုံထိန်း/ရဲ တို့၏ လက်ချက်ကြောင့် အများသူလို ဦးကျော်စိန်၏ နာဇီရွာက အိမ်နန်းသည်လည်း အကြမ်းဖက်မီးရှို့ ခံခဲ့ရ၏။

နာဇီရွာ ဈေးထဲက သူ့စားကုန်ဆိုင်လည်း အများသူ၏ဆိုင်နှင့်အတူ မီးစားခံ ဖြစ်ခဲ့ရသည်။ နောက်ဆုံးမှာ ဒုက္ခသည်စခန်းကို အခြားသော ဖျက်ဆီး ခံလိုက်ရသူများနှင့် အတူ လက်ဗလာ အသက်ရှင်နိုင်ဖို့တောင် အနိုင်နိုင် ဖြစ်လာခဲ့ရ၏။ သားသမီး နှစ်ယောက်မှာ အကြီးဆုံးက သား။ ၁၆ နှစ်ပြည့်ပြီ ဖြစ်သော သားလေးသည် ယခုနှစ်ဆို ၁၀ တန်းတက်လောက်ပြီ။ သို့သော်လည်း ဒုက္ခသည် ဘဝရောက် နေရသော သားတို့လို မျိုးဆက်တွေ အတွက် ကျောင်းဆိုတာက ဝေးလာဝေး။

နှစ်နှစ်ဆိုသော အချိန်ကာလသည် သူ၏သား ဘဝ စာမျက်နှာပေါ်တွင် ဘာအကျိုးမှ မဖြစ်ထွန်းခဲ့သော ကာလ ဖြစ်၏။ ပညာသည် လူတစ်ယောက်၏ ဘဝမှာ အလွန် အရေးပါသော အရာဖြစ်သော်လည်း သူ့၏သားမှာ ထိုအခွင့်အရေးမရှိရှာ။ ဆုံးရှုံးနေရ၏ ။ သားတို့၏ နောင်ရေးသည် မှောင်မိုက်လို့နေရှာ၏။ ဦးကျော်စိန် တစ်ယောက် အမိုးပွင့်ထောင် ဒုက္ခသည် စခန်းထဲ လဲနေရင်း အတွေး ပင်လယ်ထဲ ကူးခတ် နေလေသည်။ မျက်ရည်စက်များ သူ့ပါးပြင်ပေါ်သို့ အလိုလို ပြိုဆင်းလို့ လာနေ၏။ ဖြစ်ပျက်နေသမျှ အရာအားလုံးကို သားက နားလည်သည်။ သူ့အသက်အရွယ်က ကြီးနေပြီ မဟုတ်လား။ ခက်နေတာက သမီး၏ ပူဆာမူ။ နုနယ်သေးသော ကလေးမို့ လောကအကြောင်း ဖြစ်ပျက်နေသမျှ အခြေအနေ ဘာတစ်ခုကိုမှ နားလည်နိုင်စွမ်းမရှိရှာ။

ရခိုင် အကြမ်းဖက်သမား များနှင့် ယုတ်မာသော အစိုးရ၏ တဖက်သတ် ငယ်နိုင်ဖိနှိပ်မှု ရက်စက်မှုတွေ သမီးလေး ဘာဆို ဘာမှ မသိ။ ယခင်ကလို ကျောင်းတက်ခွင့် ဆိုတာကလည်း ဝေးလာဝေး။ ဒုက္ခသည် ဖြစ်နေရတာ နှစ်နှစ် ရှိပြီ ဖြစ်သော်ငြားလည်း ဒီမိုကရေစီ အရေခြုံအစိုးရက တာဝန်သိယူပြီး ကျောင်းစီစဉ် ပေးတာလည်းမရှိ။ အချို့သော အလှုရှင်များ၏ စီစဉ်ပေးမှုကြောင့် ဒုက္ခသည်စခန်းမှ လူငယ်များကို ၁၀ တန်းအောင် ကျောင်းသားများက စာသင်ပေးနေသည်။ ထိုအထဲတွင် ဦးကျော်စိန်၏ ၆ နှစ် အရွယ် သမီးလည်း တက်ရောက် သင်ယူနေ၏။

ထိုစာသင်ခန်းကို "ကျောင်းမဟုတ်သောကျောင်း "ဟု တင်စားခေါ်ဆိုနိုင်သည်။ ထိုကျောင်းသို့ တက်ရောက် ပညာသင်ယူနေသော ဒုက္ခသည်စခန်းမှ အခြားသော ကလေးများက ယခင်သူတို့မှာ ရှိနေသော ကျောင်းစိမ်း အဝတ်များနှင့် တက်နေခြင်းကို မြင်သော ဦးကျော်စိန်၏ သမီးလေးက သူ့အဖေကို ကျောင်းစိမ်းနှင့် တက်ရမည်ဆိုပြီး ပြောလာ ပူဆာနေခြင်း ဖြစ်သည်။ ပြီးတော့ ဗလာစာအုပ်လည်း လိုနေသည်တဲ့။ ဦးကျော်စိန်၏ လက်တစ်ဖက်က အင်္ကျီ အိတ်ပေါ်သို့ ဒုတိယအကြိမ် အလိုလိုရောက်ရှိ လာတော့သည်။ ပြီးလျှင် သက်ပြင်း ပူပူလေး တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ သမီး၏ အလိုကို ဖြည့်ဆည်း ပေးနေချင်သော ဖခင် တစ်ယောက်၏ ပြင်းပြသော ဆန္ဒကို ငွေကြေး ဆိုသော အရာက ဒုက္ခသည် ဦးကျော်စိန်ကို ပိတ်ဆို့ ဟန့်တားနေလေ၏။

ဦးကျော်စိန် တစ်ယောက်တည်းကိုသာလျှင် ဟန့်တား နေခြင်း မဟုတ်။ ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာတိုင်း လိုလိုသည် အတူတူ ဖြစ်လို့ နေလေသည်။ ဦးကျော်စိန်၏ မျက်ရည်များ ပါးပြင်ပေါ်သို့ တာကျိုးသွားသည့်နှယ် စီးဆင်းလာနေ၏။

"ဘာဘာ … ဘာဖြစ်လို့ ငိုနေတာလဲ … နေမကောင်းဘူးလား ဘာဘာ" ကစားပြီး ပြန်ရောက်လာသော သမီး၏ စကားလေးကို ကြားမိ၍ ဦးကျော်စိန်၏ အတွေးတွေ ပြတ်တောက်သွားခဲ့သည်။ ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွား၏။ သူ့ပါးပြင်ပေါ်က မျက်ရည်စက်များကိုသမီးက သုတ်ပေးနေတော့သည်။

"ဘာမှမဖြစ်ပါဘူး သမီးလေးရေ … ဘာဘာ နေကောင်းပါတယ်ကွယ်"

သမီးလေး စိတ်အေးသွားအောင် ဦးကျော်စိန်က မျက်နှာပေါ်အပြုံးပန်းတွေ ဟန်ဆောင် ပန်နေရင်း လိမ်ပြော လိုက်သော်လည်း သမီးက မျက်ရည်စက်လက်နှင့်

"အာ့ဆို သမီး ပူဆာမိခဲ့လို့ ငိုနေတာလား … စိတ်ချပါ ဘာဘာ … သမီး နောက်ဘယ်တော့မှ မပူဆာပါဘူး…သမီး လိမ်လိမ် မာမာ နေပါ့မယ်၊ ဘာဘာ … သမီးကြောင့် ဘာဘာ စိတ်မဆင်းရဲရဘူး … နော် ဘာဘာ … သမီးကြောင့် ဘာဘာ မျက်ရည်ကျ ရတာကို သမီး မကြည့်ရက်လို့ပါ"

ဦးကျော်စိန် တစ်ယောက် သမီး၏ အရွယ်နှင့် မလိုက်အောင် စကားပြောဆို နေမှုကို ကြားမိပြီး တွေဝေ သွားမိသည်။ သြော် … တရားလွန် ဖိနှိပ်မှုက နုနယ်သေးသော ကလေးငယ်များ၏ နှလုံးသားကိုတောင် နာကျင် ရင့်ကျက်စေပြီလား။ ဦးကျော်စိန်၏ ရင်ထဲ ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ဝင်ရောက် မွှေနှောက် နေသည့်နှယ် စိတ်ထဲ အရမ်းခံစား နာကျည်း သွားလေသည်။ မျက်ရည်မိုးက ထိန်းမနိုင်လောက်အောင် ပို၍ပို၍ ရွာသွန်း နေလေ၏။ ဘဝကို စိတ်ကုန်သွားပြီး

လက်မြှောက် အရှုံးပေးချင်နေမိ၏။ လွန်ခဲ့သော ငါးလ လောက်က သမီးရဲ့အမေ ဦးကျော်စိန်၏ ဇနီးသည် ကိုယ်ဝန်နှင့် ဆေးရုံတက်ခွင့် မရရှာသောကြောင့် ဆုံးပါးသွားခဲ့သည်။ ထိုနောက်ပိုင်း ဦးကျော်စိန်တစ်ယောက် သူ့ရင်ထဲ၌

လောင်ကျွမ်း နေသောမီးကို သားသမီး နှစ်ယောက်၏ မျက်နှာတွေ ကြည့်ရင်း ငြိမ်းစေခဲ့ရသည်။ အထီးကျန်မှု ဝေဒနာကို သားသမီးများနှင့် အတူနေခြင်းဖြင့် ကုသစေပြီး ဘဝနေ့ရက်များကို အားယူ ဖြတ်သန်း နေရခြင်း ဖြစ်သည်။ သမီးကို

သူ့ရင်ခွင်ထဲ ဆွဲယူ ပွေ့ဖက်ထား လိုက်ပြီး ဟစ်ငိုနေရင်း

"မဟုတ်ပါဘူး သမီးလေးရယ် … သမီးကြောင့် ဘာဘာ ဘယ်တော့မှ စိတ်မဆင်းရဲ ခဲ့ပါဘူး … ငါ့သမီးက လိမ်မာ ပြီးသားပါ … မငိုပါနဲ့ သမီး … တိတ်ပါတော့ … သမီး ငိုနေမှပဲ ဘာဘာ စိတ်ဆင်းရဲတာ … နော် သမီး တိတ်တိတ် … မနက်ဖြန် သမီးကို ရတယ်နည်းနဲ့ သမီး လိုနေ သမျှ ဘာဘာ ဖြည့်ဆည်းပေးမယ် … တိတ်ပါ သမီးလေးရယ် … တိတ်နော် .. သမီးလေး …”

သူတစ်ပါးကို မငိုမိဖို့ ထပ်ခါခါ ပြောနေသော ဦးကျော်စိန် တစ်ယောက် သူ့ကိုယ်သူတော့ မငိုမိအောင် ထိန်းချုပ်မရ ဖြစ်လို့နေသည်။ ငိုရင်းငိုရင်းနှင့် သမီးနှင့်အတူ ဦးကျော်စိန်ပါ အိပ်ပျော် သွားလေသည်။ အကယ်၍ ဦးကျော်စိန်သာ အိပ်ပျော်ချိန်အတွင်း အိပ်မက်မက် ခဲ့မည်ဆိုလျှင် သူသည် သူ့သားနှင့်သမီး နှစ်ယောက် တို့ကို အမှောင် ကမ္ဘာ တစ်ခုထဲ တွန်းပို့နေတာ မက်နေမည်မှာ ဧကန်မလွဲပင်။ ***

ရခိုင်ပြည်နယ် အနှံ့ မိမိတို့၏ အိုးအိမ်များ မီးရှို့ တိုက်ခိုက် ခံရ၍ ဒုက္ခသည် ဘဝဖြင့် ပြန့်ကျဲ နေရသော ရိုဟင်ဂျာ ကလေးငယ်များ၏ ပညာရေး အခွင့်အလမ်း ဆုံးရှုံးခံနေရခြင်းကို ခံစား၍ ဇတ်လမ်းဖွဲ့ ရေးထားခြင်း ဖြစ်ပါသည်။ ***

လူသားဖြစ်ပြီး လူမဆန်စွာ ရက်စက်ဖိနှိပ်ခံနေရရင်း ဒုက္ခသည်စခန်း၌ နေနေရသော ကလေးငယ်များ၏ နောင်ရေးဘဝ သာယာ အေးချမ်းရေးကို နိဗ္ဗာန် အကျိုးမျှော်၍ လှူဒါန်း ကူညီ ပေးကြပါရန် စာရေးသူမှ အလေးအနက်ထား တောင်းဆိုပါသည်။

စာဖတ်သူများ အားလုံး ကျေးဇူးတင်စွာဖြင့် …

Comment ရေးရန်

Rohingya Exodus