နောက်ဆုံးသတင်း/ဆောင်းပါးများ

အာဏာပိုင်များက တရားမ၀င် ပေါင်းသင်းသည်ဟု စွပ်စွဲ၍ ဒေသခံ နှစ်ဦးထံမှ ငွေညှစ်




Rohingya Eye
RB News
7.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ကျေးရွာ အုပ်ချုပ်ရေးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဒေသခံ နှစ်ဦးကို တရားမ၀င် ပေါင်းသင်း နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ဇီးပင်ချောင်း အလယ်ရွာမှ မောင်အေမာရာန် (ဘ) ဦးနူးရ်မာမတ် (အသက် ၁၈ နှစ်) ကို မေလ (၃၀) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ တစ်ရွာတည်းနေ အသက် (၁၉) နှစ် အရွယ် အမျိုးသမီး တစ်ဦးနှင့် တရားမ၀င် ပေါင်းသင်း နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း တိတိ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် မောင်အေမာရာန်နှင့် အသက် (၁၉) နှစ် အရွယ် အမျိုးသမီးတို့ နှစ်ဦး စလုံးကို ခံဝန် လက်မှတ်ရေးထိုး ခိုင်းခဲ့ကြောင်း သိရှိရပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်ခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာသို့ မတိုင်ကြားရန် ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

အလားတူ မောင်တောမြို့နယ် တောင်ပိုင်း၊ ရှီလ်ခါလီ ကျေးရွာနေ ဦးအဒူလ္လာ (ဘ) ဦးရှုကူရ် (အသက် ၄၅ နှစ်) ကို ဇွန်လ (၃) ရက်နေ့ ည (၁၂) နာရီခန့်တွင် အမှတ် (၅) နယ်မြေမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက တရားမ၀င် လက်ထပ် ပေါင်းသင်း နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ ဦးအဒူလ္လာကို ဖမ်းဆီးနေစဉ် ရွာသားများ ၀ိုင်းအုံလာသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအူဂျီအုလ္လာက ဟန့်တား ခဲ့ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဦးအဒူလ္လာကို အလယ်သံကျော်ရှိ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဇွန်လ (၄) ရက်နေ့တွင် ငွေကျပ် တစ်သိန်း ခုနှစ်သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးအဒူလ္လာသည် သားသမီး (၆) ဦး၏ ဖခင် တစ်ဦး ဖြစ်သည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးက သိရှိသော်ငြားလည်း မတရားသဖြင့် ဖမ်းဆီးခြင်း အတွက် ကာကွယ် ပေးခဲ့ခြင်း မရှိသည့် အပြင်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဦးအဒူလ္လာကို ဖမ်းဆီးခြင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးလည်း ကြံရာပါ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး များသည် ရရှိထားသည့် အခွင့် အာဏာကို အလွဲသုံးစား ပြုလုပ်ခြင်း၊ သြဇာ အာဏာဖြင့် ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ အထက် အာဏာပိုင်များ၏ အရှိန်အ၀ါကို အလွဲသုံးစား ပြုလုပ်ခြင်း ပြုလုပ်လျက် ရှိသော်လည်း ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း တို့က ဟန့်တားခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus